လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး စွန့်ပစ်ထားစရာ နေရာ ဖြစ်သွားသတဲ့လား။ အသတ်ခံရတာ သိပေမယ့်လည်း စစ်ကြောင်းထိုးနေဆဲမို့ ရွာထဲ မဝင်ရဲလို့ ရက်လည်ပြီးမှ သဂြိုလ်ရတဲ့ ဖြစ်ရပ်ကို ပြန်မတွေးချင်တော့ဘူး ဆိုပေမယ့် မျက်စိထဲမှာ ပြန်မြင်ယောင်နေတုန်း၊ လူရုပ်တောင် မပေါ်တော့တဲ့ သူတို့တွေကို သဂြိုလ် ပေးခဲ့ရတာ မေ့နိုင်ပါ့မလားလေ။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ မြေပြင်စစ်ကြောင်းထိုးလို့ သိပ်မဝေးတဲ့ တောထဲကို တစ်ရွာလုံးစစ်ရှောင်ခဲ့ကြပါတယ်။
အဲဒီနေ့မှာပဲ အတော်လေးကြာတော့ စစ်တပ်က ပြန်သွားပြီအထင် နဲ့ အသက် ၄၀ အရွယ် ဦးပြုံးချိုတစ်ယောက် သူ့တဲကို ပြန်သွားပါတယ်၊ ဒါဟာ ပြန်လမ်းမရှိတဲ့ အခြေအနေကို ရောက်သွားမယ်ဆိုတာ သူကြိုမသိခဲ့ပါဘူး။ သူ့တဲကို ပြန်သွားပြီး သိပ်မကြာဘူး၊ စစ်ရှောင်နေတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦးဆီကို ဦးပြုံးချို ဖုန်းခေါ်ပြီး သူ့ဆီလိုက်လာဖို့ ပြောခဲ့ပါတယ်။
ဒီနောက်မှာတော့ ဦးပြုံးချိုရဲ့ မိသားစုဝင်နှစ်ဦးက ဦးပြုံးချိုရှိရာတဲ့ဆီကို လိုက်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဦးပြုံးချိုအပါအဝင် နောက်ကလိုက်သွားတဲ့ မိသားစုဝင်တွေပြန်မလာတာကြောင့် နောက်ထပ်မိသားစုဝင် နှစ်ဦးကပါ ဦးပြုံးချိုတို့ သုံးဦးရှိရာကို ထပ်မံလိုက်သွားပြီး အခြေအနေကိုသွားရောက်စုံစမ်းခဲ့ပါတယ်။
ဦးပြုံးချိုအပါအဝင် တဲဆီကိုလိုက်သွားသူတွေကတော့ အဲဒီညမှာ စစ်ဘေးရှောင်ရာနေရာကို ပြန်ရောက်မလာခဲ့ကြပါဘူး။
နောက်တစ်ရက်မှာတော့ ဦးလေးတွေ အဒေါ်တွေ သွားတာ ပြန်လည်းမလာကြဘူးဆိုပြီး တူဖြစ်သူက တဲကိုလိုက်သွားတော့မှ သွေးအိုင်ထဲမှာ မိသားစုဝင် ငါးဦးရဲ့ အလောင်းတွေထပ်လျက် ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့တာကို တွေ့လိုက်ရတော့တာ။
ဇာတ်ပေါင်းလိုက်ခါမှ ဒီဖြစ်ရပ်တစ်ခုလုံးကို သိလိုက်ရတာကတော့ “သားမက်ဖြစ်သူကို စစ်တပ်က ဖုန်းနဲ့မျှားခေါ်ခိုင်းပြီး လိုက်လာတဲ့ မိသားစုဝင်တွေ အားလုံးကို သတ်လိုက်ကြတယ်” ဆိုတာပါပဲ။
အသတ်ခံရတဲ့ နေရာကတော့ မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်၊ တံစိုး ကျေးရွာအနီးက ခွေးရေတောဆိုတဲ့နေရာမှာပါ။ သေဆုံးသူ မိသားစုတွေဟာ သက်ကြီးပိုင်း အရွယ်တွေ ဖြစ်ကြပြီး လယ်ယာအလုပ်၊ မွေးမြူရေး စတဲ့ တောသူတောင်သား လုပ်ငန်း လုပ်ကိုင်ကြသူတွေပါ။ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံရတဲ့ သူတွေကတော့ အသက် ၇၄ နှစ်အရွယ် ဦးသန်းအောင်၊ အသက် ၆၄ နှစ် အရွယ်ဒေါ်ဝင်းကြည်၊ အသက် ၆၀ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင် ၊ အသက် ၅၄ နှစ်အရွယ် ဒေါ်အေး နဲ့ အသက် ၄၀ နှစ်အရွယ် ဦးပြုံးချို တို့ဖြစ်ပါတယ်။
စစ်ကြောင်းတွေ ရှိနေသေးတော့ သေဆုံးသွားပြီဆိုတာကို သိသော်ငြားလည်း အလောင်းမကောက်ရဲလို့ သူတို့ သေဆုံးပြီး ၁၀ ရက် အကြာ သြဂုတ်လ ၂၆ ရက်နေ့ရောက်မှပဲ သဂြိုလ် ပေးလိုက်နိုင်တာပါ။
“အလောင်းတွေ သဂြိုလ်ဖို့လုပ်တော့ ပိန်တဲ့သူတွေကအရိုးတွေပဲ ရှိတော့တယ်၊ ဝတဲ့သူတွေက အသားနည်းနည်းကျန်တယ်။ အလောင်းက ကြာတော့ အရိုးစုတွေလို ဖြစ်နေပြီ” လို့ သေဆုံးသူတွေနဲ့ ရပ်ဆွေရပ်မျိုးလို နေသူတစ်ဦးက သူမြင်တွေ့ခဲ့ရတာကို ပြောပါတယ်။ သူတို့ရဲ့နောက်ဆုံးခရီးကို စစ်ကြောင်းရန် ကြောက်ရလို့ ရပ်ဆွေရပ်မျိုး အကုန်တောင် လိုက်မပို့နိုင်လိုက်ဘဲ နာရေးကို အကျဉ်းရုံးလေးစီစဉ်လိုက်ရတာလို့ သူက ဆိုပါတယ်။
ဒေါ်ဝင်းကြည်တို့ မိသားစုလိုက် သေဆုံးရတဲ့ဖြစ်စဉ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပါတယ်။ လူငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အာဏာသိမ်း စစ်တပ်က ကျူးလွန်လာတာ ဒီနှစ်တွေထဲမှာ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့ မှာ အဖြစ်များလာတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ကနေ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလထိ လေးလအတွင်းမှာ လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် အရေအတွက်အားဖြင့် ၅၀ ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီဖြစ်ရပ်တွေမှာ သေဆုံးသူ ရာခိုင်နှုန်းရဲ့ ထက်ဝက်ဟာ အညာဒေသမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေ ဗုံးကြဲတာတွေ ကြောင့် အစုအလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စဉ်တွေ တိုးလာနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က မန္တလေးတိုင်းဒေသကြီးအတွင်းက မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာရှိတဲ့ အနည်းဆုံး ကျေးရွာ ပေါင်း နှစ်ဆယ် ဝန်းကျင်ကို ဩဂုတ်လ လဆန်းပိုင်းကစပြီး ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ရွာဝင် တစ်ရွာထွက်စစ်ကြောင်းထိုးနေသလို ရွာတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို စစ်တပ်က မြေပြင် စစ်ကြောင်းထိုးနေတာကြောင့် ဩဂုတ်လအတွင်းမှာပဲ ကျေးရွာ ၁၀ ရွာကျော်က အသတ်ခံရတဲ့ ရွာသူ၊ ရွာသား အယောက် ၃၀ နီးပါးရှိတယ်လို့ ကျေးရွာတွေမှာ ရှိတဲ့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သိရပါတယ်။
မြင်းခြံမြို့နယ်ကကျေးရွာ ၅ရွာနဲ့ နွားထိုးကြီးမြို့နယ်က ရွာ ၄ ရွာတို့ မှာ စစ်တပ်နဲ့ ပျူစောထီးတို့ရဲ့ သတ်ဖြတ်မှုကြောင့်သေဆုံးသူ စုစုပေါင်း ၂၆ ဦး ရှိတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဩဂုတ်လ ၂၄ ရက်မှာထုတ်ပြန်ထားပါတယ်။
အသတ်ခံရသူတွေထဲမှာ အသက် ၁၀ နှစ်အောက်အရွယ် ကလေးနှစ်ဦး အပြင် လူ့လောကထဲမရောက်လာသေးတဲ့ ကလေးကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့က မြင်းခြံမြို့နယ်၊ မြောက်ကုန်းကျေးရွာကို စစ်ကြောင်း ဝင်ရောက်လာတာ မြင်လို့ ကြောက်လန့်တကြား ထွက်ပြေးတဲ့ ရွာသားတွေကို စစ်တပ်က ပစ်သတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူ့ရဲ့ သမီးအကြီးဖြစ်သူ အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦး အတူတူ သေဆုံးသွားခဲ့ရပါတယ်။
“ချင်းယားကျေးရွာက လူကိုဆို ပါးစပ်ထဲကို အဝတ်ထိုးထည့်ပြီး ရိုက်သတ်ထားတယ်။ လက်သမားကန်ရွာက တစ်ယောက်ကိုတော့ မျက်နှာကို သေနတ်တေ့ပစ်ထားတာ” လို့ မြင်းခြံမြို့နယ်ထဲက ချင်းယားကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
မြင်တွေ့သမျှ အရပ်သားတွေကို သတ်ဖြတ်တာ ရှိသလို တချို့တစ်ယောက်စ၊ နှစ်ယောက်စကိုတော့ ပြန်လွှတ်ပေးတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။
“အသတ်ခံရတဲ့သူတွေက PDF တွေလည်းမဟုတ်ဘူး အကြောင်းမဲ့သတ်တာ၊ စစ်ကြောင်းက ငါးယောက်တစ်ဖွဲ့ ၊ ဆယ်ယောက်တစ်ဖွဲ့ သွားတော့ မတူကြဘူး၊ ရက်စက်တဲ့အဖွဲ့က ပစ်သတ်ပြီး တချို့လမ်းကြောင်းမတူတဲ့အဖွဲ့က ပြန်လွှတ်ပေးတာရှိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မြင်တွေ့သမျှ ရွာတိုင်းလိုလိုမှာ အပုပ်နံ့တွေလှိုင်လှိုင်ထွက်နေတဲ့အပြင် ပစ်သတ်ခံထားရတဲ့ အလောင်းတွေကို နေရာတိုင်းမှာ တွေ့မြင်နေရတဲ့အတွက် နောက်ထပ် လက်လှမ်းမမီတဲ့ နေရာမှာ အသတ်ခံရသူတွေလည်း ရှိနေနိုင်သေးတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
အရင်ကစစ်ကြောင်းထိုးပြီးပြီဆိုရင် ရွာသူရွာသားတွေဟာ ကိုယ့်အိမ်ကို ပြန်နေကြပေမယ့် ဒီလို သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ကြားရပြီး ရွာကို ပြန်မလာရဲကြတော့ဘူးလို့ ဆိုပါတယ်။ ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာသာ ဖြစ်သလို စစ်ရှောင်နေရတယ်လို့ စစ်ရှောင် နေတဲ့ ဒေသခံတွေဆီက သိရပါတယ်။
အခုက မိုးရာသီဆိုတော့ မိုးသည်းရင် ရေအိုင်ထဲ ဒီအတိုင်းနေရတယ်၊ မိုးကာတဲ မလုပ်နိုင်တဲ့အတွက် တောတွေထဲက ခြုံတွေထဲမှာ ကြုံသလို မိုးခိုပြီးနေကြရတာလို့ သူတို့က ပြောပြပါတယ်။ မစင်စွန့်ဖို့ကို ဆိုင်ကယ်နဲ့ သွားရတယ်၊ ဝမ်းရောဂါ ဖြစ်မှာစိုးလို့ အလေးသွားဖို့ကိုဝေးတဲ့နေရာမှာ သတ်မှတ်ထားတာလို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။
“သွားကြည့်သမျှ အလောင်းတွေကို တွေ့နေလို့ အရင်လိုဘယ်သူမှ ပြန်မနေရဲကြတော့ဘူး၊ တချို့ဆိုလည်း သူတို့အိမ်တွေ မီးရှို့ခံရ ရင်လည်း ခံရမယ်လို့ အစကတည်းက တွေးထားပြီးသားပေါ့၊ ပြည်သူတွေလည်း နောက်ထပ်လည်း သူတို့ကို အနိုင်မတိုက်နိုင် သေးရင်တော့ ဒီလိုပဲ ဒုက္ခကြုံတွေ့ရဦးမှာပေါ့၊ အဲဒီလိုတွေတွေးကြတာပေါ့” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာအပြင် နေအိမ်တွေကိုမီးရှို့တာကြောင့် အိမ်တွေမီးလောင်ဆုံးရှုံးရတဲ့အပြင် အိမ်မှာသိုလှောင်ထားတဲ့ လယ်ယာထွက်ကုန် တွေဖြစ်တဲ့ ဆန်၊စပါး၊ မြေပဲတွေ ပါ မီးလောင်ပျက်စီးသွားလို့ ဘဝပါပျက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
“မြေပဲတွေဆိုရင်လည်း လုပ်ဖို့ကိုင်ဖို့၊ စိုက်ဖို့ ဆဲဆဲတွေရော၊ စိုက်ပြီးသားတွေရော၊ စိုက်ပြီးသားကျ ထားခဲ့ရလို့ပျက်စီးပေါ့” လို့ အဆိုပါဒေသခံက ဝမ်းနည်းငိုကြွေးရင်း ပြောပြပါတယ်။
အခုလည်း တံစိုးကျေးရွာအနီးက ခွေးရေတောထဲမှာ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဒေါ်ဝင်းကြည်တို့ မိသားစုမှာ ကျန်ရစ်ခဲ့သူ တွေကတော့ စစ်ရှောင်ရင်း တခြားသူတွေ ကျွေးတာ စားနေရတယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။
ရွာကိုလာတဲ့ စစ်တပ်နဲ့ ပျူစောထီး စစ်ကြောင်းက လူသတ်သွားတာအပြင် သေဆုံးသူတွေရဲ့ ရွှေလက်ကောက် နှစ်ကွင်း၊ ဆွဲကြိုးတစ်ကုံး၊ နားကပ် တစ်ရံနဲ့ ဖုန်းနှစ်လုံးကိုပါ ယူဆောင်သွားတယ်လို့ နီးစပ်သူတွေ က ပြောပါတယ်။ ဒါ့အပြင် စုဆောင်းထား တဲ့ ငွေကျပ် သိန်း ၈၀ ကိုလည်း ယူဆောင်သွားကြတယ်လို့လည်း ဆိုပါတယ်။ လူ့အသက်တွေလည်းပေးရ၊ ပိုင်ဆိုင်တာတွေလည်း ယူသွား ဆိုတော့ ရှင်ကျန်ရတဲ့ မိသားစုဝင်တွေ အခက်တွေ့ရပါတယ်။
တကယ်တော့ အခုအသတ်ခံခဲ့ရတဲ့ ဒေါ်ဝင်းကြည် မှာ သမီးတစ်ယောက်ရှိခဲ့ပါတယ်၊ အဲဒီသမီးဟာ ၂၀၂၄ သြဂုတ်လမှာပဲ မြင်းခြံမြို့ပေါ်ကို စျေးဝယ်ဖို့သွားတဲ့အချိန် စစ်တပ်နဲ့ပျူစောထီး စစ်ကြောင်းနဲ့ တိုးလို့ အဖမ်းခံခဲ့ရပါတယ်။ ပြီးတော့ အသက်ရှင်လျက် ပြန် မလာနိုင်ဘဲ ပျူစောထီးတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူပါ။
သမီးလေး အသတ်ခံရပြီးနောက် ခြောက်လအကြာမှာ သူမရဲ့ ဖခင်၊ ဒေါ်ဝင်းကြည်ရဲ့ အမျိုးသားဟာလည်း ဆိုင်ကယ်မတော်တဆဖြစ်လို့ ကွယ်လွန်ခဲ့ပါတယ်။ သမီးလေး အသတ်ခံရတဲ့ တစ်နှစ်ပြည့်မှာ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် ဟာ သမီးနည်းတူ စစ်တပ်ကသတ်ဖြတ်တာကို ခံခဲ့ရပြန်ပါတယ်။
ဒီလိုသားအမိနှစ်ယောက်ရဲ့ အဖြစ်ဆိုး၊ ၁၀ ရက်အကြာ ရက်လည်ပြီးမှ သဂြိုလ်ပေးလိုက်ရတဲ့ အဖြစ်ဆိုး၊ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ အဖြစ်ဆိုး၊ နေစရာ အိမ်တွေ မီးရှို့ခံရတဲ့ အဖြစ်ဆိုး၊ တောင်သူတွေ လယ်ယာလုပ်ငန်းခွင် မဝင်နိုင်တဲ့ အဖြစ်ဆိုး၊ ဒီအဖြစ်ဆိုးတွေကနေ ဘယ်တော့မှ လွတ်မှာပါလိမ့်။
ဂါရာရေးသားသည်။
The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။
သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . .
https://www.mediafire.com/file_premium/1k405ipkhwdu2zw/The_Nation_Voice_18.1.pdf/file
သတင်းတွေသိရဖို့ မျှဝေပေးပါ

