ဘေးသင့်ပြည်သူတွေအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ

Date:

 

မသင်းတို့အဖွဲ့ ရောက်သွားတော့ မီးလောင်တိုက်သွင်းခံထားရတဲ့ စဘေရွာကို ပြာပုံတွေကြားမှာ ဖရိုဖရဲဖြစ်ကျန်ရစ်တာ တွေ့ရတယ်။

စဘေရွာဟာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အပိုင်ထဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။ အဲဒီရွာကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မတိုင်ခင် ရှေ့တစ်ခေါက်တုန်းကလည်း မြစ်ခြေမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ ဒေသခံပြည်သူငါးဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။ အခုတစ်ခါမှာလည်း စစ်တပ်က မြစ်ခြေနယ်က စဘေရွာကို မီးရှို့ဖျက်ဆီးခဲ့ပြန်ပါပြီ။

ဒါကြောင့် မီးဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ဖို့ မသင်းတို့အဖွဲ့ စဘေရွာကို ရောက် လာကြတာပါ။ မသင်းဟာ ပခုက္ကူအခြေစိုက်လူငယ်အဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

မြစ်ခြေအပါအဝင် ပခုက္ကူမြို့နယ်ထဲမှာ စစ်ဘေး၊ မီးဘေးစတဲ့ ဘေးသင့်ပြည်သူဦးရေ လေးထောင်ဝန်းကျင်ရှိနေတယ်လို့ NUG အစိုးရရဲ့ ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ အဲဒီဘေးသင့်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေအပါအဝင် တောတိုက်၊ ယာခင်းတွေမှာ တဲထိုးနေထိုင်ကြရသူတွေလည်း ရှိနေပါတယ်။

“စစ်ရှောင်နေချိန်ကတော့ စားစရာရှိဖို့က အဓိကပေါ့။ မီးဘေးသင့်ရင်တော့ နေစရာပါ လိုအပ်တာပေါ့။ တစ်ချို့ဒေသဆို စစ်ရှောင်ရရင် နေစရာမရှိတော့ ဖြစ်သလိုတောထဲနေရတာလည်းရှိတယ်”လို့ စစ်ရှောင်တွေရဲ့အခြေအနေကို မသင်းကပြောပြပါတယ်။

အခု မသင်းတို့အဖွဲ့ သွားရောက်ခဲ့တဲ့ စဘေရွာမှာ အရှေ့ရွာ၊ အနောက်ရွာ၊ အလယ်ရွာဆိုပြီး အစုသုံးခုရှိပါတယ်။ အဲဒီအစု သုံးခုပေါင်း နေအိမ်အလုံး ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့တာပါ။ ရွာကိုမီးဝင်ရှို့တဲ့ အာဏာသိမ်းစစ် တပ်ရဲ့ စစ်ကြောင်းပြန်ထွက်သွားပြီလို့ သိသိချင်း မသင်းတို့ ရောက်လာတာလည်း ဖြစ်ပါတယ်။

ရွာထဲဝင်လိုက်ကတည်းက ပြာပုံအတိနဲ့ မီး လောင်ပြင်ကြီးက မသင်းတို့ကို စီးကြိုနေခဲ့ပါတယ်။ အရာဝတ္ထုမျိုးစုံ လောင်ကျွမ်းထားတာကြောင့် ညော်နံ့တွေဟာ လေထုထဲမှာ ပျော်ဝင်နေခဲ့ပါတယ်။

စဘေရွာသူရွာသားတွေဟာ ပြာဖြစ်သွားတဲ့ မိသားစုပိုင်အိမ်လေးတွေက ကြွင်းကျန်တဲ့အပိုင်းအစတွေ သိမ်းဆည်းနေကြတာကို မသင်းတို့ တွေ့ခဲ့ရတယ်။ ပြီးသူတို့ဟာ မိသားစုအိမ်လေးကို စိတ်ကူးနဲ့ အခါခါ ပြန်တည် ဆောက်နေကြမယ်ဆိုတာ အသေအချာပါပဲ။

“သူတို့ကို အားပေးနှစ်သိမ့်ရင်း ကျွန်မတို့ကပါ ဝမ်းနည်းနေလို့ ရှောင်ထွက်ခဲ့ရတဲ့ထိ ဖြစ်ခဲ့ရတာရယ်”လို့ မသင်းက သူ့အတွေ့အကြုံကို ပြန်ပြောင်းပြောပြတယ်။

မီးဘေးသင့်သူပြည်သူတွေထံကို ငွေကြေးအချို့ကူပံ့ပြီးလို့ နေရပ်ပြန်ရောက်တဲ့အထိ စဘေရဲ့ပုံရိပ်တွေက မသင်းရဲ့အာရုံထဲမှာ စိုးမိုးနေဆဲ။ ပြာပုံတွေလိုက်ကြုံးနေသူတွေ၊ အတိုအစတွေကောက်ပြီး သန့်ရှင်းရေးလုပ်နေသူတွေ၊ ပြီးတော့ မီးကျွမ်းပြာပုံတွေအပေါ် သောကမျက် ရည်တွေသွန်ချနေတဲ့ ပုံရိပ်တွေ…။

မီးဘေး၊ စစ်ဘေးနဲ့ အာဏာသိမ်းစစ်တပ်ရန်ကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပခုက္ကူမြို့နယ်ထဲက ဘေးသင့်ပြည်သူတွေကို နယ်မြေတွေခွဲခြားသတ်မှတ်ပြီး လူမှုအဖွဲ့အစည်းအချို့နဲ့ NUG လူသားစာနာဌာနက အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။

နယ်မြေတွေသတ်မှတ်ရာမှာ စဘေရွာတည်ရှိတဲ့ မြစ်ခြေမြို့နယ်ကို နယ်မြေ(၁)၊ ကမ္မမြို့ နယ်ကို နယ်မြေ(၂)၊ ပခုက္ကူမြို့အရှေ့ခြမ်းကို နယ်မြေ(၃)ဆိုပြီး အုပ်ချုပ်ရေးပုံစံအရ သတ်မှတ်ထားတယ်လို့ ပခုက္ကူမြို့နယ်ရဲ့ လူသားစာနာဌာနတာဝန်ခံ ကိုအတီးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လလုံးမှာ အဲဒီနယ် မြေ(၃)ခုလုံးကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းကြီးနှစ်ကြောင်းနဲ့ မွှေနှောက်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းတွေက နယ်မြေ(၁) ဘက်က စဘေရွာအပိုင်းသုံးခုကို မီးရှို့ဖျက် ဆီးခဲ့သလို နယ်မြေ(၂)ဖြစ်တဲ့ ကမ္မနယ်ထဲက ကျေးရွာသုံးရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေစရာမဲ့သွားပြီး မိသားစုဘဝ ကဆင့်ကလျားဖြစ်ခဲ့ရသူတွေထဲမှာ ကိုအောင်ထိုက်တို့ မိသားစုလည်း ပါပါတယ်။ သူက နယ်မြေ(၃) အဖြစ်သတ်မှတ်ထားတဲ့ ပခုက္ကူမြို့အရှေ့နေ ဒေသခံပြည်သူတစ်ဦးပါ။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်ထိုက်မှာ ကလေးနှစ်ဦးနဲ့ မိဘနှစ်ပါးအပါအဝင် အတူနေမိသားစုဝင် ရှစ်ဦးရှိပါတယ်။ အခုတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲက သူတို့တစ်ရွာလုံးကို စစ်တပ်ကမီးလောင်တိုက်သွင်းခဲ့လို့ မိဘနှစ်ပါးက တခြား၊ သူတို့မိသားစုက တစ်နေရာ။

“ရွာကထွက်လာရတာ တစ်နှစ်ကျော်ပြီ။ အဖေနဲ့ အမေကိုတော့ မြို့ပေါ်ပို့ထားတယ်။ ကျနော်တို့ မိသားစုကတော့ စစ်ရှောင်စခန်းမှာပဲ”လို့ ကိုအောင်ထိုက်က ပြောတယ်။

ခုအခါမှာ နှစ်ပေါက်အောင် ခိုလှုံခွင့်ရခဲ့တဲ့ စစ်ရှောင်စခန်းဟာလည်း အာဏာသိမ်းစစ်တပ်ရဲ့ ရန်ပြုမှုကြောင့် ပြာပုံဘဝ ရောက်ခဲ့ရပြန်ပါပြီ။ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ စစ် တပ်က အင်အားသုံးလေးရာလောက်နဲ့ ကိုအောင်ထိုက်တို့ စစ်ရှောင်စခန်းဘက် စစ် ကြောင်းထိုးလာခဲ့တယ်။ ဒါကြောင့် အဲဒီနေ့က ကိုအောင်ထိုက်တို့ မိသားစုအပါအဝင် စခန်းမှာရှိတဲ့ ပြည်သူအယောက်သုံးရာလောက်ဟာ ခိုလှုံရာနေရာလေးကို ဒုတိယအကြိမ် စွန့်ခဲ့ရပြန်ပါတယ်။

အသက်ဘေးကလွတ်ဖို့ ဦးစားပေးမို့ အိုးခွက်ပန်းကန်တွေကအစ မိသားစုတစ်ကိုယ်ရေသုံးပစ္စည်းတွေ ဘာမှယူချိန်မရလိုက်ဘူး။ အာ ဏာသိမ်းစစ်တပ် ပခုက္ကူမြို့ပေါ် ပြန်ဆုတ်သွားတော့မှ စခန်းဆီ ပြန်လာကြည့်တဲ့အခါ စခန်းတစ်ခုလုံး ပြာပုံဖြစ်သွားခဲ့ပြီ။ ဝေစုရ ထားတဲ့ ရိက္ခာထုပ်လေးတွေ၊ အဝတ်အစားနဲ့ စောင်ခြင်ထောင်တွေသာမက ပန်းကန်ခွက်ရောက်တွေပါ ဘာတစ်ခုမှ ပြန်မရတော့ဘူး။

“ပစ္စည်းတွေက တချို့ သူတို့ယူသွားတယ်။ တချို့လည်း မီးထဲပါသွားတယ်။ လူတွေတောင် သတင်းကြိုရပြီး ရွှေ့ခင်လို့”လို့ ကိုအောင်ထိုက်က သူ့အတွေ့အကြုံကို ပြောပါတယ်။

လက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခေတ္တခိုလှုံခွင့်ရပြီး ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တချို့ရဲ့ အကူ အညီနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ သူက ရင်ဖွင့်တယ်။ ရွာမပြန်နိုင်မချင်း တလျှောက်လုံးခိုလှုံနေဖို့ မဖြစ်နိုင်ဘဲ တောတိုက်တွေထဲ ပြန်ရွှေ့ရမှာမို့ အမိုးအကာနဲ့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့ ကိုအောင်ထိုက်က ညည်းတွားပါတယ်။

ကိုအောင်ထိုက်တို့ ရင်ဆိုင်ကြုံတွေ့ရတာလို ရုတ်တရက်ပေါ်လာတတ်တဲ့ စစ်ရေးအခြေ အနေတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ဘေးသင့်ပြည်သူ ဦးရေဟာလည်း အမြဲလို အတိုးအ လျော့ရှိနေတယ်လို့ ပခုက္ကူမြို့နယ် လူသားစာနာဌာနတာဝန်ခံ ကိုအတီးက ပြောပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းတချို့မှာ စခန်းတစ်ခုတည်းနဲ့ ဘေးသင့်ပြည်သူ ၇၀၀ ကျော် ၈၀၀ နီးပါးအထိ ကူညီစောင့်ရှောက်ထားရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ ပခုက္ကူမြို့နယ်ထဲက ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေးပေးနေတဲ့ မသင်းတို့ လူငယ်အဖွဲ့လို အကူအညီးပေးနေတဲ့အဖွဲ့အစည်း ခုနစ်ခုလောက်နဲ့ NUG အစိုးရ လူသားစာနာဌာန စတဲ့အဖွဲ့အစည်းတွေပဲ ရှိနေတာပါ။ အာဏာသိမ်းစစ်တပ်လက်အောက်မှာရှိတဲ့ ဌာနတွေကတော့ ဘယ်လိုအကူအညီမျိုးမှ ပေးတာမရှိဘူးလို့ ဘေးသင့်ပြည်သူတွေနဲ့ ကူညီပေးရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။

ပခုက္ကူဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဘေးသင့်ပြည်သူတွေအတွက်လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါး၊ အမိုး အကာနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းအပါအဝင် စားနပ်ရက္ခာတွေကို လူမှုအဖွဲ့အစည်းတွေ၊ NUG ရဲ့လူသားစာဌာနဝန်ထမ်းတွေနဲ့အတူ သယ်ယူပို့ဆောင်ပေးတာတွေ လက်တွဲလုပ်ဆောင်လျှက်ရှိပါတယ်။

“ပစ္စည်းတင်ချ လမ်းခရီးပို့ပေး ကြိုပေးကြတာက တပ်ဖွဲ့က ရဲဘော်တွေက ကူပါတယ်။ သူတို့ကားတွေနဲ့ ဆီထည့်သွားပါတယ်။ ဖြစ်တဲ့နေရာက တပ်ဖွဲ့တွေက ဝိုင်းကူတာပဲ”လို့ မသင်းကဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေဟာ ဘေးသင့်ပြည်သူတွေကို ပြန်လည်နေရာချထားရေးလုပ်ဆောင်တာ၊ စစ်ရှောင်စခန်းတွေ ဆောက်လုပ်တာအပါအဝင် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ဦးဆောင် ဦးရွက်ပြုလုပ်ဆောင်ပေးနေကြတာပါ။

အခုဆိုရင် ပခုက္ကူမြို့နယ်မှာ ဘေးသင့်ရပ်၊ ရွာတွေ ပိုများလာတာနဲ့အတူ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ပြည်သူဦးရေဟာလည်း ပိုများလာနေပါတယ်။ ဒါကြောင့် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အကူအညီတွေကို အတားအဆီးနဲ့ အခက်အခဲတွေကြားကပဲ လူမှုအဖွဲ့အစည်းတွေနဲ့ လူသားစာနာဌာန တာဝန်ရှိသူတွေက လိုအပ်သူတွေထံရောက်အောင် နည်းမျိုးစုံနဲ့ ကြံဆောင်ပေးလျှက်ရှိပါတယ်။

သို့ပေမယ့် ရရှိလာတဲ့ ဘဏ္ဍာငွေကြေးပေါ်မူတည်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေဟာ အကန့်အသတ်ရှိနေတယ်လို့ ပါဝင်ကူညီနေသူတွေက ဆိုပါတယ်။

“လမ်းခရီးအခက်အခဲကတော့ ကျွန်မတို့က ရနိုင်တဲ့လမ်းကနေ ရောက်အောင်ပို့ပေးမှာပါ။ အခက်အခဲလို့ မတွက်ပါဘူး”လို့ လူငယ်အဖွဲ့အစည်းတစ်ခုရဲ့ဦးဆောင်သူ မသင်းက ပြောပါတယ်။

ပြီးတော့ မသင်းက လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ခံယူချက်ကို အခုလို ပြတ်သားစွာပြောလာပါတယ်။

“ရန်ပုံငွေသာရှိနေရင် ရောက်အောင်ပို့ဖို့က ကျွန်မတို့တာဝန်ပါ”

မောင်ရေချမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...