Home Blog Page 13

မင်းအောင်လှိုင်ကို ဖမ်းဖို့ ICC စတင်လှုပ်ရှား

 

ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICCရဲ့ ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ စတင်ကြိုးစားလာပါတယ်။

ICC ရှေ့နေချုပ် ကာရင်မ်ခန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ခိုင်မာတဲ့ သက်တွေရှိထားတယ်လို့ ပြောတဲ့အကြောင်း ICC ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။

ကာရင်မ်ခန်းရဲ့ အဆိုအရ သူ့အနေနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဒီစစ်ဆေးမှုတွေအရ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အဓမ္မပြောင်းရွှေ့ခံခဲ့ရမှုအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိကြောင်း တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီပြစ်မှုတွေကို ကျူးလွန် ခဲ့တဲ့နေရာမှာ အဲဒီအချိန်က တပ်ချုပ် မင်းအောင်လှိုင်အပြင်၊ မြန်မာစစ်တပ် ဖြစ်တဲ့ တပ်မတော်၊ မြန်မာရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေကပါ ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ ကာရင်မ်ခန်းရဲ့ ရုံးက စွပ်စွဲထားပါတယ်။

ဒီဖြစ်စဉ်ဟာ မြန်မာစစ်ခေါင်းဆောင်အကြီးအကဲတွေကို ဖမ်းဆီးမိန့်ရဖို့ ပထမဆုံးအကြိမ် နိုင်ငံတကာတရားရုံးတစ်ခုက ကြိုးစားမှုဖြစ်လာခဲ့ပြီး၊ နောက်ထပ် စစ်တပ်ခေါင်းဆောင်ပိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထပ်မံဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားသွား ဖို့ရှိတဲ့အကြောင်း ICC က ဖော်ပြထားပါတယ်။

ဝေမိုး ဘာသာပြန်သည်။

 

အရာတော်သနပ်ခါးကို ဆန်နဲ့လဲစားနေကြရသူများ

 

အညာရဲ့ မနက်စောစော တစ်ပွေ့စာကြိမ်ခြင်းတောင်းကြီးကို ခေါင်းပေါ်ရွက်လို့ မုံရွာမြို့ဆီကိုထွက်မယ့် တစ်စီးတည်းသော လိုင်းကားဆီ အမှီပြေးကြရသူတွေကတော့ ကျောက္ကာရွာက သနပ်ခါးသည် အမျိုးသမီးကြီးတွေပေါ့။

ကျောက္ကာ- မုံရွာ ဒိုင်နာကားကြီးက မနက် ၇ နာရီဝန်းကျင်မှာ ကျောက္ကာကထွက်ပါတယ်။ မနက် ၈ နာရီဆို မုံရွာကိုရောက်ပြီ။

အာဏာမသိမ်းခင်၊ ကိုဗစ်တွေမဖြစ်ခင်တုန်းကတော့ သနပ်ခါးသည်အမျိုးသမီးကြီးတွေက မုံရွာအထိ အပြေးသွားလို့ သနပ်ခါးရောင်းစရာမလိုခဲ့ပါဘူး။ ကျောက္ကာရွှေဂူနီ ဘုရားကြီးရဲ့ မုဒ်ဦးဝမှာပဲ အခန့်သင့်ထိုင်ရောင်းရုံနဲ့ တနေ့ကို သုံးသောင်းကနေ ငါးသိန်းကျော်လောက်ထိကို ရောင်းအားရှိခဲ့ကြတာ။

သိတဲ့အတိုင်းပဲ ကျောက္ကာရွှေဂူနီ ဘုရားကြီးဆိုတာ လပြည်နေ့နဲ့ စနေနေ့ထပ်တူကျရင် ဆုတောင်းပြည့်တယ်လို့ ဒီဒေသမှာယုံကြည်ကြတာကိုး။ ဒီလိုရက်မျိုးဆို သနပ်ခါးကို တောင်းလိုက်ရောင်းရသမှ ဘုရားဖူးလာတဲ့ ကားကြီး၊ ကားငယ်တွေပေါ် တစ်တောင်းပြီး တစ်တောင်း လွှတ်တင်ရတော့တာမျိုး။

အခုတော့ စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ မငြိမ်းချမ်းမှုတွေကြောင့် ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘုရားကြီးဆီကိုတောင် ဘုရားဖူးတွေ မရောက်လာနိုင်ကြတော့ဘူး။

ဒီတော့လည်း သနပ်ခါးရောင်းမှ ထမင်းစားရမယ့် သနပ်ခါးသည်တွေအဖို့ မုံရွာမြို့ပေါ်က လမ်းကြိုလမ်းကြားပါမကျန် ခြေတိုအောင်လျှောက်လို့ သနပ်ခါး ရောင်းကြရတော့တာပေါ့။

သနပ်ခါးရောင်းတယ်ဆိုပေမယ့် တစ်ရက် တစ်သောင်းခွဲ နှစ်သောင်းဖိုးရောင်းရတယ်ဆိုအုံးတော့ ဆီလေးဆန်လေးဝယ်ရတာနဲ့ ဘာကျန်မလဲ။

တချို့ရက်တွေဆိုဈေးဦးကမပေါက်။ မုံရွာမြို့လမ်းကြားတစ်နေရာမှာ သနပ်ခါးလာရောင်းတဲ့ ကျောက္ကာတောင်ရွာက သနပ်ခါးသည် အမျိုးသမီးကြီးကတော့ “ အခုနောက်ပိုင်းကျ ပိုက်ဆံပေးပြီး မဝယ်နိုင်ကြတော့လို့ ဆန်နဲ့သာ ဝယ်ပါတော်လို့ ပြောရတော့တာပေါ့။

ဆန်လေးရတော့လည်း ဆီဆားလေးရှိရင်ကိုဗိုက်ပြည့်သွားတာဘဲ”လို့ သနပ်ခါးကို ဆန်နဲ့ လည်းရတော့တဲ့အကြောင်း သူ့ရဲ့သနပ်ခါးတောင်းကြီးကို ခေါင်းပေါ်ပင့်တင်လိုက်ရင်းညီးတယ်။

ဟိုးအရင်က ပါးပေါ်မှာသနပ်ခါးမရှိရင် မတင့်တယ်ဘူးလို့ အစွဲရှိတဲ့ အညာကမိန်းမပျိုတွေ၊ အမျိုးသမီးကြီးတွေလည်း အခုတော့ သနပ်ခါးတုန်းဝယ်ဖို့ မီးဖိုချောင်စားရိတ်ကို အပွန်းမခံရဲသလောက် ဖြစ်နေပြီလို့ နောက်ထပ် သနပ်ခါးသည် အမျိုးသမီးတစ်ယောက်က ဆိုတယ်။

တစစနဲ့ စီးပွားရေးက ပိုပိုပြီးကြပ်တည်းလာတော့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မတ်လပိုင်းကစလို့ ကျောက္ကာရွှေဂူနီ ဘုရားကြီးက သနပ်ခါးသည်တွေက မုံရွာမြို့ဆီကို သနပ်ခါးရောင်းဖို့ နေ့စဉ်နဲ့အမျှ အသွားအပြန်လုပ်နေကြရတော့တာ။

အခု ၂၀၂၄ သြဂုတ်လနောက်ပိုင်းကိုရောက်လာတော့ သနပ်ခါးကိုဝယ်လိမ်းကြတဲ့သူတွေရှားလားပြီး ဆန်နဲ့လဲရတော့တဲ့ အခြေအနေကို ရောက်လာတော့တာပဲ။

တစ်နှစ်ထက် တစ်နှစ်ဆိုသလို အရာတော်သနပ်ခါးလို့ လူသိများတဲ့ ဒီသနပ်ခါးတုံးတွေရဲ့ စျေးနှုန်းကလည်း စံချိန်တင် ကျလာခဲ့တယ်။

အခုနိုဝင်ဘာလထဲတော့ သနပ်ခါးတုံး အရင့်အကောင်း ငါးတုံးလောက်ပါတဲ့ သနပ်ခါးခြင်းတစ်ခြင်းကို ငွေကျပ် ၆၀၀၀ လောက်ပဲ တန်ဖိုးရှိတော့လို့ သနပ်ခါးတစ်ခြင်းကို ဆန်တပြည်ပဲရတော့တဲ့ကိန်းဆိုက်နေပါတော့တယ်။

တစ်ရက်တာအတွင်း ဈေးဦးပေါက်သည်ရှိ၊ မပေါက်သည်ရှိပေါ့ အချိန်တန် ညနေဆောင်းတော့လည်း ရွာကိုပြန်ရောက်ဖို့ ဒိုင်နာကားရှိရာကို ၄ နာရီအမှီအပြေးပြန်ကြရပါတော့တယ်။

“မုံရွာက အမှန်တိုင်းပြောရင် စျေးကြီးတယ် ကျုပ်တို့ ဝယ်မစားနိုင်ဘူး။ ညက ဟင်းကျန်လေးတွေနဲ့ ထမင်းထုပ်လေးတွေ ထည့်လာခဲ့ရတာပေါ့။ ကျုပ်တို့ အတွက်က ၂၀၀၀ဆိုလည်း ပိုက်ဆံဘဲ။ တရက်တရက် ခြေတိုအောင် လှည့်ရောင်းမှ ဆန်နှစ်ပြည် သုံးပြည်တောင် မရဘူး”လို့ သနပ်ခါးသည်အမျိုးသမီးကြီးတစ်ယောက်က ဒိုင်နာကားပေါ်အမှီတက်ရင်း ရေရွတ်သွားပါတော့တယ်။

သွန်းမီ ရေးသားသည်။

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီရဲ့ အလားအလာ

 မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ အဲဒီ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေဘေးကင်းစေဖို့အတွက် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

အဲဒီကုမ္ပဏီမှာ အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဦးဆောင်ပြီး ဒုရဲချုပ်၊ ကာကွယ်ရေး ၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေပါဝင်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 အဲဒီလုံခြုံရေးကုမ္ပဏီဟာ ဆက်သွယ်ရေးကိရိယာတွေ၊ ကန့်သတ်ပစ္စည်းတွေအပါအဝင် လက်နက်နဲ့ အထူးကိရိယာတွေကို တပ်ဆင်မယ်လို့ ဆိုပါတယ်။ 

ပူးတွဲတရုတ်လုံခြုံရေး ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်မယ့် တရုတ်နိုင်ငံသားတွေက လက်နက်မတပ်ဆင်တဲ့ နည်းပညာကျွမ်းကျင်သူပညာရှင်တွေ သို့မဟုတ် မြန်မာနိုင်ငံကလက်နက်တပ်ဆင်ပေးထားတဲ့ ဝန်ထမ်းတွေ ဖြစ်မယ်လို့အခြေခံဥပဒေအရဆိုပြီး စစ်ကောင်စီကိုထောက်ခံတဲ့တယ်လီဂရမ်တွေလေသံပစ်ကြပါတယ်။ 

အခုလို ပူးတွဲလုံခြုံရေးကုမ္ပဏီထောင်ဖို့ဖြစ်လာတာ စစ်ကိုင်း၊မကွေးတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ဆိုနိုင်ပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်အရှေ့ဘက်ကမ်း တကောင်းနီကယ်စက်ရုံကို သိမ်းယူခဲ့တဲ့ဖြစ်စဥ်တွေ။

ချင်းတွင်းအနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏ ပူးပေါင်းစစ်နေတာအတွက်ကြောင့် စစ်ကောင်စီသက်သက်လုံခြုံရေးယူမပေးနိုင်တော့လို့ အခုလိုပူးပေါင်းလုံခြုံကုမ္ပဏီထောင်ဖို့ ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။

တနည်းအားဖြင့် တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံရေးကို အလေးအနက်ထား ကာကွယ်ပေးမယ်လို့ စစ်ကောင်စီဟာ နုတ်ကတိအားဖြင့် ပြောနေတာ လက်တွေ့မြေပြင်မှာ အကာကွယ်မပေးနိုင်လို့ တရုတ်ကဖိအားပေးဖွဲ့တာလို့ ယူဆရင်လည်းမမှားပါဘူး။ 

ပြီးခဲ့တဲ့အောက်တိုဘာလဆို ကြေးနီတုံးများတွေကို တစ်ရက် တစ်ရက် ကြေးနီတင်တွဲကားအစီးရေ ၃၀ ကျော်ခန့် သယ်ယူထုတ်ကာ မုံရွာ-မန္တလေးမှ တစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ကုန်းလမ်း ရေလမ်းတွေကနေ တင်ပို့ခဲ့ပါတယ်။

စစ်ကောင်စီများ လုံခြုံရေးယူပေးထားသည့် ကြေးနီတင်ကားတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့များသည် မိုင်းဆွဲတိုက်ခိုက်သလို  ချင်းတွင်းမြစ်ကြောတစ်လျှောက်မှ စက်လှေ သင်္ဘောတွေနဲ့ သယ်တာကို တိုက်ခိုက်ကြခဲ့ပါတယ်။ 

NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇောကတော့ တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ မီဒီယာတွေကိုအောက်ပါအတိုင်း ပြောထားပါတယ်။

“တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အပေါင်းအပါက အကာအကွယ်ပေးနိုင်မှု မရှိတာအပြင် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ သူတို့တွေရဲ့ လော်ဘီလှုံ့ဆော်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်။

 ဒါကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးဆိုတာကို ထောက်ပြပြောကြားချင်ပါတယ်” လို့ ဦးကျော်ဇော သတင်းမီဒီယာတွေ ပြောဆိုထားပါတယ်။ 

လုံခြုံရေးကုမ္ပဏီဆိုတာ ကြေးစားစစ်တပ်အမည်ခံ တရုတ်တပ်စခန်းလည်းဖြစ်နိုင်ပြီး   People’s Liberation Army PLA ဆိုတဲ့ တရုတ်စစ်တပ် မြန်မာမြေမှာ ခြေကုပ်ယူဖို့ ပထမခြေလှမ်းလည်းဖြစ်လာနိုင်ပါတယ်။ 

တရုတ်မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီကို ဘယ်အချိန်မှာ တည်ထောင်မလဲဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ သေချာတာတစ်ခုတော့ အောက်စျေးနဲ့ရထားတဲ့ မြန်မာနိုင်ငံအတွင်းရှိ ကြေးနီ၊နီကယ်အပါအဝင်သယံဇာတတွေကို စီးပွားရေးအရ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တစ်ခုလို့လည်း ယူဆလို့ရနိုင်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် သူတို့အလုပ် သူတို့လုပ်နေချိန်မှာ ကိုယ်အလုပ်ကိုယ်အလုပ်ကြတာ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

 

စစ်မှူးငယ် ရေးသားသည်။

အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး အဆက်အသွယ်ပြတ်နေ

ဇူလိုင် ၃ ၊ The Nation Voice
သတင်း – ကံ့ကော်
ပျံသန်းနေဆဲ တိုက်လေယာဉ် တစ်စီးက ဇူလိုင်လ ၁ ရက်နေ့ ညကတည်းက ရေဒါမှပျောက်ကာ အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေတယ်လို့ အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအချိန်မှာ ရာသီဥတု ဆိုးရွားနေပြီး တစ်ရက်ကျော်ကြာသည်အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ပုံစာ – ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပုလဲမြို့နယ်မှာ တိုက်လေယာဉ်တစ်စီးမီးလောင်နေစဉ်
ပုံစာ – ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပုလဲမြို့နယ်မှာ တိုက်လေယာဉ်တစ်စီးမီးလောင်နေစဉ်

တိုက်လေယာဥ် အမျိုးအစားကို ဖော်ပြထားတာ မရှိဘဲ အဲဒီတိုက်လေယာဉ်က နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ မှာ အဆက်အသွယ်ပြတ်သွားတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဆက်အသွယ်ပြတ်တောက်သွားတာမှာ အဲဒီတိုက်လေယာဉ်က စက်ချို့ယွင်းတာလည်း ဖြစ်နိုင်တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ တိုက်လေယာဉ်က ပျက်ကျတာဆိုရင် အာဏာသိမ်း စစ်တပ်အနေနဲ့ ယခုနှစ် ခုနှစ်လအတွင်းမှာ လေယာဉ် လေးစီးမြောက် ပျက်စီးဆုံးရှုံးမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တော်လှန်ရေးတပ်တွေရဲ့ ကန့်ဒေါင့် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ F-7 အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးကျဆင်းနိုင်မှု ထုတ်ပြန်ချက် မှန်ကန်မှုမရှိလို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဆို

0

ဇူလိုင် ၃ ၊ The Nation Voice
သတင်း – ကံ့ကော်

မြန်မာ့စီးပွားရေးဟာ အခုဘဏ္ဍာနှစ်အတွင်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်မယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင်လ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းမှာ အချက်အလက်မှန်ကန်မှု နဲ့ ပြည့်စုံမှုမရှိဘူး လို့လည်း ပြောဆိုထားပါတယ်။
စစ်ကိုင်းမြို့အနီး ဗဟိုပြုပြီး အင်းအားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအပြီးမှာ စီးပွားရေးလုပ်ငန်းရှင်များ အထိနာခဲ့ရာ ငလျင်ကြောင့် မြန်မာ့စီးပွားရေး ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်မယ်လို့ ဇွန်လမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလီယံအထိ မျှော်မှန်းထားကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။
ငလျင်ကြောင့် အဆောက်အဦတွေ ပျက်စီးမှုက ဒေါ်လာ ၁၁ ဘီလျံကျော်ရှိ ပြီး အဲဒီပမာဏဟာ မြန်မာနိုင်ငံ အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရဲ့ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်နေ့က ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် တို့ ထိခိုက်မှု များခဲ့တာမှာ အသေးစား၊ အလတ်စား လုပ်ငန်းတွေအပါအဝင် လုပ်ငန်းပေါင်း လုပ်ငန်းပေါင်း ၃၀၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ထုတ်ပြန်ထားချက်အရသိရပါတယ်။
စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့က လုပ်ငန်းရှင်အချို့ဟာ ငလျင်လှုပ်ခတ်မှုအပြီး သုံးလ ကြာသည်အထိ လုပ်ငန်းလည်ပတ်နိုင်ရေး ပြင်ဆင်နေဆဲ အခြေအနေမှာ ရှိနေသေးတယ်လို့ လုပ်ငန်းရှင်အချို့ထံကနေ သိရပါတယ်။

စလင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ နှစ်သိန်းကျော်ရှိရာ လေးသောင်းကျော်သာ မြေပြင်စာရင်း ကောက်ယူနိုင်

ဇူလိုင် ၃၊ The Nation Voice
သတင်း- ငြိမ်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ နှစ်သိန်းနှစ်သောင်းကျော်ရှိပေမယ့် လေးသောင်းကျော်သာ မြေပြင်မှာ စာရင်းကောက်ယူ နိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာ မှာ ပေါက်ကြားလာတဲ့ စလင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ကော်မတီရဲ့ မဲစာရင်းအရ သိရပါတယ်။
လျှို့ဝှက်စာပါတဲ့ အဲဒီမဲဆန္ဒရှင် စာရင်းစာရွက်ဟာ ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းက ထွက်ပေါ်လာတာပါ။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

စလင်းမြို့နယ်ထဲက မဲပေးနိုင်တဲ့သူဦးရေ ၂၂၅၆၂၉ဦး ရှိနေပြီး မဲစာရင်းမှာရှိမယ့်လူဦးရေထဲက ၄၂၂၈၃ ဦးသာ မြေပြင်မှာရှိပြီး ခရီးလွန်သူကတော့ ၁၈၃၄၆ဦးရှိတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ခရီးလွန်နေတယ်ဆိုပြီး ဖော်ပြထားပေမယ့် အဲဒီစာရင်းက မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ခြင်း မရှိတဲ့ မဲစာရင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့စာရင်းမှာ စလင်းမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအနေနဲ့ မြေပြင်ကွင်းဆင်းပြီးမကောက်ယူနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေရှိနေတာကို တွေ့ရပါတယ်။
စလင်းမြို့ခံအမျိုးသားတစ်ဦးကတော့ မြို့ပေါ်မှာ အခုတလောအတွင်း မဲပေးဖို့လူစာရင်းလာကောက်တာမရှိသေးပေမယ့် ပြီးခဲ့တဲ့နှစ်လောက်ကတော့ ရပ်ကွက်ထဲကို သန်းခေါင်စာရင်းလာကောက်လို့ အိမ်ထောင်စုဇယားတွေသွားပေးရသေးတယ်လို့ The Nation Voice ကိုပြောပါတယ်။
စလင်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ သူရဲ့လက်အောက်ခံတွေဟာ မြို့ပေါ်နဲ့ အာဏာသိမ်းစစ်တပ်အထိုင်ချရာနေရာတွေ၊ ရုံးတွေမှာပဲ သွားလာနေထိုင်နိုင်တဲ့အနေထားဖြစ်ပြီး စလင်းနယ်ထဲက ရွာတော်တော်များကို အင်အားအများအပြားနဲ့မြေပြင်စစ်ကြောင်းထိုးမှာသာ သွားလာနိုင်တဲ့အနေထားဖြစ်ပါတယ်။
စလင်းမြို့နယ်ထဲမှာ စလင်းမြို့ပေါ်က ရပ်ကွက် ၈ခုနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က ရပ်ကွက် ၃ခု၊ ကျေးရွာပေါင်း ၄၂၀ ရှိပါတယ်။
၂၀၂၀ မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ စလင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ နှစ်သိန်းနီးပါးရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပါတယ်။

ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရ

ဇူလိုင် ၄၊ The Nation Voice
သတင်း- ငြိမ်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ Chauk Revolution Army က ထုတ်ပြန်ထားပါတယ်။
စလေမြို့ ခလရ ၄၁၆က အင်အား ၈၀ ဝန်းကျင်နဲ့ တက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား အရောက် ဇူလိုင်လ ၂ရက် မနက် ၁၁နာရီ ၁၁မိနစ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၉၀ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် ၁၅ဦးခန့်အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက် ၄၀ မမနဲ့ ၆၀ မမ လက်နက်ကြီး၊ RPG၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ သုံးကြိမ်ပေးခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Chauk Revolution Army၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်/ပေါက်ပကဖ)၊ မကွေးခရိုင်အမှတ် ၁တပ်ရင်း၊ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက်ပကဖ)နဲ့ ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Revolution Army ကထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲခံရ လို့အာဏာသိမ်းစစ်တပ်က နှစ်ဦးသေဆုံး

ဇူလိုင် ၄၊ The Nation Voice
သတင်း- TNV စစ်ကိုင်းရုံးခွဲ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
May be an image of 4 people and text that says "火 BLDF"
ဇူလိုင်လ ၃ရက် နေ့လယ် ၂နာရီ ၄၅မိနစ်ဝန်းကျင်မှာ ချောင်းမြို့မြပုလဲဂိတ်ကနေ ခင်မွန်ရွာဘက်ကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မုံရွာ -မန္တလေးလမ်းပိုင်းတစ်နေရာမှာ ကင်းပုန်းယူဖို့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
“ကင်းပုန်းယူဖို့ထွက်လာတဲ့ စခ ၁၅ကောင်ခန့်ကို ကျွန်တော်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၃) သလ္လာဝတီစစ်ကြောင်း-အညာမိုင်းတပ်ခွဲမှ အသင့်စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါခင်ဗျ” လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ တပ်သားနှစ်ဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ ထိခိုက်မှုကိုတော့ သေချာစုံစမ်းနေဆဲလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ မတ္တရာမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်နေ

ဇူလိုင် ၄၊ The Nation Voice
သတင်း- ငြိမ်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ လက်နက်ကြီးတို့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃ရက် နေ့လယ် ၃နာရီမှာ အာဏာသိမ်းစစ်တပ်ဟာ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နို့စို့အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့ပေါ်ကနေ ဝေါရွာသစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁၀ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေအပေါ် မဆင်မခြင် ဦးတည်တိုက်ခိုက်မှုတွေ မကြာခဏကျူးလွန်နေတာကြောင့် မတ္တရာြမို့နယ်ခံအများစုဟာ စစ်ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဖမ်းထားတဲ့ ကညှပ်ရွာခံတွေ အကုန်နီးပါးပြန်လွှတ်၊ သားအဖနှစ်ဦးကို ဆက်လက် ဖမ်းထား

ဇူလိုင် ၅၊ The Nation Voice
သတင်း- ငြိမ်း
ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတဲ့မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကညှပ်ရွာခံတွေ အကုန်လုံးနီးပါးပြန်လည်လွတ်မြောက်လာပေမယ့် သားအဖနှစ်ဦးကတော့ အခုထိပြန်လွတ်မလာသေးဘူးလို့ စလင်းဒေသခံတွေက The Nation Voice ကိုပြောပါတယ်။
ပုံစာ- ဇူလိုင် ၄ရက်တွင် အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကြောင့် ကညှပ်ရွာမီးလောင်နေစဉ်

 

ပုံစာ- ဇူလိုင် ၄ရက်တွင် အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကြောင့် ကညှပ်ရွာမီးလောင်နေစဉ်

ကညှပ်ရွာကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၄ရက် မနေ့ကမနက် ၈နာရီခွဲလောက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။ အခုလို စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း ရွာပြင်ထွက်လို့မရလိုက်တဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာခံတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
“ ပြည်သူတွေလည်း အမှတ်မထင် စစ်တပ်က ဝင်ရောက်ခဲ့တော့ ပိတ်မိသွားတယ်။ ပြေးတဲ့သူတွေလည်း ပြေးကြတယ်။ တော်တော်များတော့ ပိတ်မိသွားတာပေါ့။ ‌ေ-ွးတွေက ပြေးတဲ့သူပစ်သတ်မယ်လို့ ပြောဆိုရင်းက ပြည်သူတွေလည်းထွက်ပြေးခဲ့ရတာပါ။ ပိတ်မိသွားတဲ့ပြည်သူတွေက ကလေးတွေများတယ်။ ဆိုးရွားလွန်းတဲ့ဇာတ်လမ်းတစ်ခုလိုပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွာခံတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် ၅၀ကျော်၊ အသက် ၇၀ကျော် လူကြီးတွေကို မိုင်းတောထဲမှာ ဖြတ်လျှောက်ခိုင်းခဲ့ကာ တခြားသူတွေကိုတော့ မြို့ပေါ်ထိ လက်ထိပ်ခတ်၊ မျက်နှာဖုံးတွေစွပ်ပြီး ခေါ်သွားကြတယ်လို့သိရပါတယ်။
“အသက်ကြီးတဲ့သူတွေကို ရိုက်နှက်ပြီး မိုင်းကွင်းထဲမှာ ရှေ့ပြေးလျှောက်ခိုင်းတာ၊ မိုင်းထိပြီး ထိခိုက်ဒဏ်ရာအပြင်းအထန်တွေနဲ့ အတုန်းအရုံးလဲကုန်ကြတယ်။ အခုတော့ ဆေးကုသမှုခံယူနေတယ်။ ရင်နှင့်အမျှ ရင်ကွဲအောင် ခံစားရတယ်။ အဖြစ်အပျက်တွေက အရမ်းကို ဆိုးရွားလွန်းတယ်ဗျာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဓားစာခံအဖြစ်ဖမ်းသွားတဲ့ ကညှပ်ရွာခံတွေကို အကုန်ပြန်လွှတ်လိုက်ပေမယ့် သားအဖနှစ်ဦးကိုတော့ အခုထိဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွာထဲကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်လာကာ အရပ်ဝတ်တွေနဲ့ပါ စစ်ကြောင်းထိုးတာလို့သိရပါတယ်။
“ စစ်တပ်က ဗြုန်းစားပြီး ရပ်ရွာထဲကိုဝင်လာတာ၊ (စလင်း)ပကဖအဖွဲ့တွေလည်းရှိတော့ ပကဖက ရဲဘော်တစ်ယောက်က ကျွန်တော်ပကဖကအဖွဲ့ပါလို့ ပြောတာနဲ့ ချက်ချင်းပစ်သတ်ပလိုက်တာပေါ့။ ဒီကောင်လေးကလည်း စစ်တပ်မှန်းမသိဘူးတဲ့၊တခြားအဖွဲ့ထင်လို့ ပြောလိုက်တာ ချက်ချင်းပစ်သတ်ခံရတာ။ ပြည်သူတွေလည်း စစ်‌ေ-ွးတွေမှန်းမသိဘူး။ PDF အဖွဲ့အစည်းတွေ အောက်မေ့လို့ အစကတော့ မပြေးကြဘူးပေါ့။ နောက်မှ ‌ေ-ွးတွေမှန်းသိလို့ ပြေးကြလွှားကြတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ကင်းထောက်ပိုမိုအားကောင်းအောင်လုပ်ဆောင်စေချင်ပြီး အခုလိုအမှားမျိုးထပ်မဖြစ်အောင် သတိထားသင့်တယ်လို့ အကြံပြုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂၉ရက်မှာ စလင်းမြို့နယ်က ပန်းတိမ်ကုန်းရွာ၊ ဇူလိုင် ၃ရက်မှာ ကျီးသိုက်ရွာနဲ့ ဇူလိုင် ၄ရက်မှာ ကညှပ်ရွာကို မီးရှို့ခဲ့တာပါ။