
စလင်းမြို့အထွက် တောင်ဘက်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ခြောက်ဦးဒဏ်ရာရ

ဆန်ကို ဘယ်တုန်းကမှ မဝယ်စားခဲ့ရဘူးလို့ပြောသည့် ဂျပန်လယ်ယာဝန်ကြီး နုတ်ထွက်
ဂျပန် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Eto Taku ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောတဲ့ မိန့်ခွန်းတစ်ခုအတွင်း သူဟာ ဆန်ကို ဘယ်တုန်းကမှ မဝယ်စားခဲ့ရဘူးလို့ဆိုပြီး သူ့ကို ထောက်ခံသူတွေပေးတဲ့ ဆန်တွေနဲ့တင် ပြည့်စုံနေလို့ ပြန်ရောင်းလို့တောင် ရတယ်ဆိုတဲ့ မှတ်ချက်တစ်ခုကို ပေးခဲ့ပါတယ်။အခုတော့ အဲဒီမှတ်ချက်နဲ့ ပတ်သက်လို့ တာဝန်ယူတဲ့အနေနဲ့ ဝန်ကြီးချုပ်ထံ နုတ်ထွက်စာ တင်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ အသိပေးလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံဟာ ဆန်စျေးနှုန်း မြင့်တက်နေမှုတွေနဲ့ ရင်ဆိုင်နေရပြီး စားသုံးသူတွေနဲ့ စပါးစိုက်ပျိုး ထုတ်လုပ်သူတွေ အကြားမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရချိန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးတစ်ဦးရဲ့ အခုလို ပြောကြားချက်ကြောင့် ဝေဖန်မှုတွေ များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။
အတိုက်အခံပါတီတွေကတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရာထူးကနေ အမြန်ဆုံး နုတ်ထွက်ဖို့ တောင်းဆိုထားပါတယ်။
ဒီလို အငြင်းပွားဖွယ်မှတ်ချက်မျိုးပေးခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးအတွက်လည်း ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru ကိုယ်တိုင် တောင်းပန်လိုက်ရတဲ့ အခြေအနေလည်း ဖြစ်ခဲ့ပါတယ်။ဝန်ကြီးချုပ်အနေနဲ့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးကို မူလရာထူးအတိုင်း ဆက်ရှိချင်တဲ့ ဆန္ဒရှိပြီး ဆန်စျေးမြင့်တက်နေမှုကို တည်ငြိမ်အောင်ပြန်လုပ်ဖို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ သူ့ခန့်အပ်ထားတဲ့ ဝန်ကြီးတစ်ဦးက အခုလို ပြည်သူကို ပြောဆိုခဲ့လို့ တာဝန်အရှိဆုံးလူတစ်ဦးအဖြစ်လည်း ခံစားရကြောင်း အသိပေးခဲ့ပါတယ်။
ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးကတော့ သူ့ရဲ့ မှတ်ချက်တွေကို ပြန်ရုပ်သိမ်းကြောင်း အသိပေးပြီး တောင်းပန်မှုတွေလည်း ပြန်လည် ပြုလုပ်ခဲ့ရပါတယ်။
သတင်း – ကျော်ကျော်
မုတ်သုံမြောင်တန်းကြောင့် မကွေးနဲ့ စစ်ကိုင်းမှာ မိုးများပြီး လေတိုက်နှုန်းပြင်းနိုင်
မေ ၂၃ ၊The Nation Voice
သတင်း – ကျော်ကျော်
မုတ်သုံမြောင်တန်း (Monsoon Trough) ဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းကို ဖြတ်သန်းနေတာကြောင့် အဲဒီဖြတ်သန်းရာ ဒေသတွေမှာ မိုးများပြီး လေတိုက်နှုန်း ပြင်းတတ်ကြောင်း မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ အသိပေးထားပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဆီ ဆက်လက်ဝင်ရောက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံအရှေ့ဘက် ဩရိဿကမ်းခြေမှာမေးတင်နေတဲ့ လေပွေလှိုင်းဟာ ပင်လယ်ဘက်ကို ရွေ့လျားလာပြီး မေလ ၂၆ ရက်နေ့ ညပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်ကြောင်း NOAA-GFS model forecast (ကြိုတင်ခန့်မှန်းချက်) မှာ တွေ့ရတယ်လို့ သိရပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ ဒီကနေ့ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လာမယ့် နှစ်ရက်အတွင်း ဖြစ်လာမယ့် ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်း ဆက်လက်ရွေ့လျားမယ့် လမ်းကြောင်း ညာဘက်ခြမ်းရှိ မြန်မာ့ကမ်းရိုးတန်းတလျှောက် (အထူးသဖြင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်) မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် မြေပြင်/ရေပြင် လေဟာ တစ်နာရီ မိုင် ၂၀ ကနေ မိုင် ၄၀ ခန့်အထိ ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
မုတ်သုံမြောင်တန်း (Monsoon Trough) ဖြတ်သန်းရာ ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်တာ၊ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်စေတာ၊ အပူချိန် ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာနဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
ဓာတ်ပုံ – ဦးဝင်းနိုင်

နတ်ချော့သည်မပျော်နိုင်တော့တဲ့ တောင်ဦးဘုရင် နတ်ပွဲ
ကံ့ကော်၊ ဖိုးစနေ
ဒီနေ့ တောင်ဦးဘုရင် နတ်ပွဲတော် ကျင်းပနေချိန်မို့လားမသိ။ နေသိပ်မပူ။ ဒါကြောင့် လာရတာ ပင်ပန်းတယ်လို့ မထင်ပါ။ ဟိုးရှေ့နားက တမာပင်တန်းအောက်က စျေးဆိုင်လေးတွေ ပျပျမြင်ရပြီ၊ နတ်ဒိုးသံလည်း သဲ့သဲ့ ကြားရပြီ။
တောင်ဦးဘုရင် နတ်ကွန်းဆီ အရင် ဦးခိုက်ဖို့ စျေးဆိုင်တန်းတွေရှေ့က လမ်းအတိုင်း ဝင်သွားလိုက်တယ်။ စံနန်းမရောက်ခင် နတ်ကတော်တစ်ဦးကတော့ နတ်ဒိုးအတိုင်း နတ်ချော့လို့။ ပြီးတော့ တောင်ဦးဘုရင် စံနန်းတော် အဆောင်ထဲ ဝင်လိုက်တဲ့အခါ ပုဝါအဖြူ ခြုံထားတဲ့ရုပ်တုကို ကြည့်ပြီး တောင်ဦးဘုရင်ရဲ့ ရာဇဝင်အကြောင်း တချက် စဉ်းစားမိသွားတယ်။
ပုဂံခေတ် မဏိစည်သူမင်း အုပ်ချုပ်တဲ့အချိန်မှာ တောင်ဦးနယ်ကိုစားရတဲ့ ဘုရင်က ဒေသထွက် ကောက်ပဲသီးနှံတွေကို အခွန်အဖြစ် ဆက်သရပါတယ်။ တောင်ဦးဘုရင်ရဲ့ မိသားစုဖြစ်တဲ့ မောင်နှမငါးယောက်က ပုဂံကို သွားပြီး အခွန်ဆက်သချိန်မှာ နန်းတော်ဝင်ဖို့ စစ်ဆေးတဲ့သူက ဘာတွေလဲ မေးလိုက်တယ်။ ဝမ်းတွင်းစုန်းအတတ်ကို ရတဲ့ နှမတယောက်က စိတ်တိုတိုနဲ့ မြွေတွေ လို့ပြောလိုက်တော့ ဆက်သတဲ့ အရာတွေက တကယ့်မြွေ ဖြစ်သွားပြီး စစ်ဆေးတဲ့သူ မြွေကိုက်ခံရပြီး သေသွားတယ်။ အဲဒီအမှုကြောင့် မဏိစည်သူမင်းက တောင်ဦးဘုရင်ကို သူ့နှမကို ကိုယ်တိုင်သတ်ခိုင်းတယ်။ တောင်ဦးဘုရင်က မသတ်တော့ သူ့နှမကို ကျားနဲ့ တိုက်သတ်တယ်၊ ဆင်နဲ့ နင်းသတ်တယ်။ ဒါပေမယ့် မသေခဲ့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီအခါမှာ တောင်ဦးဘုရင်ကို ကိုယ့်နှမကို တွေ့အောင် ရှာခဲ့ မတွေ့ရင် တောင်ဦးဘုရင်နဲ့တကွ ကျန်တဲ့နှမသုံးယောက်ကိုပါ သတ်မယ် အမိန့်ပေးပါတယ်။ ထွက်ပြေးသွားတဲ့ နှမကို လိုက်ရှာရင်း ချောက်ကြီးထဲပြုတ်ကျ၊ သေပြီး နတ်စိမ်း ဖြစ်သွားတယ်။
သက်ဦးဆံပိုင်ဘုရင် စနစ်ရဲ့ အမိန့်အောက်မှာ တဖက်က ဓား၊ တဖက်က ညီမ ဘယ်လောက်တောင် ပူနေရပါ့မလဲ။ အာဏာရှင်က ပေးတဲ့ အကြောင်းတရားကြောင့် မောင်နှမတတွေ သေကွဲ ကွဲ ခဲ့ရတာလေ။ အခုစစ်တပ်က အာဏာသိမ်းထားလို့ မိသားစုတွေ သေကွဲကွဲရတဲ့ အပူနဲ့ တူနေမလား။ ကဲပါလေ အခုလက်ရှိဘဝအမောတွေ ခန မေ့ထား။ တောင်ဦးဘုရင်နတ်ကွန်းဆီမှာ အလှူငွေထည့်ပြီး ဆုတောင်းလိုက်ပါဦးမယ်။
တောင်ဦးဘုရင်၊ တပ်ဦးဘုရင်၊ ဇီးတောကျော်၊ ဘကြီးပွဲ စတဲ့ အမည်နာမတွေနဲ့ ခေါ်ကြတဲ့ ရိုးရာနတ်ပွဲတော်က ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှာ ထင်ရှားပါတယ်။ မြန်မာရာဇဝင်မှာ ရှင်ဘုရင် နှိပ်ကွပ်လို့ သေသွားရတဲ့ သူရဲကောင်းတွေကို နတ်အဖြစ် ကိုးကွယ်ရာကနေ နတ်တွေပေါ်လာတယ်လို့လည်း ပညာရှင်တွေက ယူဆကြတယ်။ တောင်ဦးဘုရင်နတ်ကတော့ မြန်မာရာဇဝင်လာ ၃၇ မင်းအပြင် နတ်စာရင်း တွေထဲမှာ မပါပေမယ့် ယင်းမာပင်၊ ပုလဲ နယ်တကြော၊ ဂန့်ဂေါ၊ ယော တကြော က မိဆိုင်ဖဆိုင်တွေ လာကြတယ်။
တောင်ဦးဘုရင်ပွဲတော်ကို နှစ်စဉ် တန်ခူးလပြည့်ကျော် ၅ ရက်ကနေ ၈ ရက်အထိ ၄ ရက်ကြာ ကျင်းပတယ်။ တောင်ဦးဘုရင်သေပြီးကတည်းက နတ်ကွန်း၊ နတ်နန်းနဲ့ ထားပြီး နတ်ပွဲအဖြစ် စည်စည်ကားကား ကျင်းပလာတာ ၂၀၂၁ အာဏာမသိမ်းခင်အထိပေါ့။ ပွဲတော်အဖြစ် စည်စည်ကားကား မကျင်းပတာဆိုလို့ ကိုဗစ်ဖြစ်တုန်းက တနှစ်ရယ်၊ အာဏာသိမ်းပြီး ကာလ တစ်နှစ်ရယ် စုစုပေါင်း နှစ်နှစ်ပေါ့။
ပွဲတော်အဖြစ် မကျင်းပပေမယ့် မိဆိုင်ဖဆိုင် နတ်ပွဲမို့ ဆိုင်ရာ နန်းထိန်းတွေက နတ်တက်ပေးရတယ်၊ ပုံမှန် ၄ ရက်လုံး တရက်မပျက် လုပ်ဆောင်ရတယ်။ ဒီနှစ်မှာတော့ တောင်ဦးဘုရင် နတ်ပွဲကို အနယ်နယ်အရပ်ရပ်က ကိုးကွယ်တဲ့ သူတွေနဲ့ နတ်ဝင်သည် နတ်ကတော် တွေ အကုန်လာကြလို့ အတော်စည်တယ် ပြောရပါမယ်။
စည်တယ်ပြောရပေမယ့် ပျော်နေကြတဲ့ မျက်နှာတွေနဲ့တော့ မဟုတ်ကြပါဘူး။ အစဉ်အလာအရ ပွဲတော်ရက်မှာ နတ်ကတော်ကတော့ နတ်ဒိုးနဲ့ နတ်ချော့နေရပေမယ့် ပန်းတွေ ဝေနေအောင် မပန်ထားနိုင်ဘူး၊ ပိုလှသွားအောင်လည်း မိတ်ကပ်လည်းမလိမ်းနိုင်ဘူး။ အကာမပါတဲ့ သွပ်မိုး အဆောက်အဦ အသေးလေးထဲမှာ ဆိုင်းဝိုင်း တစုံချလို့ နတ်ကတော်တယောက်က နတ်ချော့နေတယ်။ စီးကရက်တလိပ် လက်ကြားညှပ်ပြီး နတ်ချော့နေတဲ့ နတ်ကတော်က သီချင်းဆုံးသွားတဲ့အခါ သူ့တာဝန် ပြီးသွားလို့ ဝိုင်းထဲကထွက်သွားခဲ့ပြီ။
နောက်ထပ်နတ်ကတော်တစ်ယောက်က ဓားနှစ်လက်ကိုင်ပြီး နတ်ဒိုးနဲ့အတူ နတ်ချော့တယ်။ သူသည်လည်းပဲ နတ်ကတော်တယောက်ရဲ့ အဆောင်အယောင်အဖြစ် အဝတ်အစားသာ ဝတ်ဆင်ထားတယ်။ သူ့ဆီ ငွေလာဆက်တဲ့သူတယောက်ကိုတောင်မှ အပြုံးတွေ မဝေပါဘူး။ သံစဉ်အတိုင်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေရသလို။
မြန်မာ့ဂီတမှာ မြူးကြွတဲ့ ရိုးရာတေးတွေအဖြစ် သတ်မှတ်ခံရတဲ့ နတ်ချင်းတွေဟာ စိတ်တွေကျိုးကြေနေရသူတွေကိုတော့ တက်ကြွမှုကို မပေးစွမ်းနိုင်တော့။
ကောင်းကင်မှာ ဗုံးကြဲလေယာဥ်တွေ အမြဲဝဲနေတဲ့၊ စစ်ကြောင်းထိုးလို့ ဘယ်နေရာကို စစ်ရှောင်ရမလဲ ပူနေရတဲ့ ယင်းမာပင်တကြောမှာ ဘယ်သူက စိတ်ပျော်နေကြရမှာတုန်း။ မျှော်လင့်ချက်တွေအတွက် အသက်ပေးနေရတဲ့အခါ နတ်ဒိုးသံမှာ မပျော်ဝင်နိုင်လောက်အောင် စိတ်တွေက ဘယ်လောက်ထိ ဖိစီးနေပါ့မလဲ။
ပြီးခဲ့တဲ့တပေါင်းလကလည်း အမေရေယာဥ် (အနောက်အမေကြီး )နတ်ပွဲကို ကျင်းပခဲ့ပါသေးတယ်။ သတ်ခံရမှာစိုးလို့ ထွက်ပြေးတဲ့ တောင်ဦးဘုရင်ရဲ့ ညီမ သေတဲ့အခါ အမေရေယာဉ် ဆိုပြီး နတ်ကွန်းနဲ့ ကိုးကွယ်ကြတာပါ။ ယင်းမာပင် တကြောမှာ ဒီလိုနတ်ပွဲပြုလုပ်တဲ့ ပွဲတော်ရက်တွေမှာ အလှူ၊ မင်္ဂလာ၊ ပျော်ပွဲရွှင်ပွဲ ဘာပွဲမှ မလုပ်ဘဲ နေကြပါတယ်။ ဒေသခံတွေက နတ်ပွဲ မတိုင်ခင်ကတည်းက တကူးတက ပြင်ဆင်လေ့ ရှိတယ်။ ဝတ်စုံသစ်တွေချုပ်မယ်၊ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေ ဝယ်ကြမယ်။ လှလှပပ ကျော့ကျော့လေး သွားမယ်။ ဒီနတ်ပွဲဟာ ယုံကြည်သူတွေရဲ့ စီးမျှောပွဲဆိုပေမယ့် ပွဲလာသူအားလုံးကို အပျော်တွေ ကူးစက်စမြဲပဲလေ။
အခုတော့ တချို့နေရာတွေ ရွာလုံးကျွတ် မီးရှို့ခံရလို့ ပွဲတော်အတွက် အဝတ်အစားအသစ် မပြောနဲ့ နေစရာ အိမ်တောင် မရှိတော့တဲ့ဘဝတွေ။ စစ်တပ်ရဲ့ ဖမ်းဆီးခံရတာတွေ ရှိနေတော့ စိုးရိမ်သောကတွေနဲ့ ဘာပျော်စရာမှရှိမနေတာကိုး။ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အချိန် တောင်ဦးဘုရင်နတ်ပွဲဆီ လာရတာပါ။
တကယ်တော့ နတ်ပွဲ ဆိုတာဟာ ကိုးကွယ်ယုံကြည်သူတွေအတွက် ပူဇော်ပသရာအပြင် စီးပွားဖလှယ်ရာ၊ အပန်းဖြေရာ ပွဲတော်တွေ ဖြစ်ကြပါတယ်။ အာဏာသာမသိမ်းခဲ့ရင် ဆိုတဲ့အတွေးနဲ့ တောင်ဦးဘုရင်နတ်ပွဲမှာ မိသားစု စုံစုံညီညီနဲ့ ပျော်နေမှာကို မြင်ယောင်နေတယ်။
ယင်းမာပင်နယ်တကြောဆိုတာ စိုက်ပျိုးရေးက အဓိကလုပ်ငန်း။ စပါး၊ ပဲ၊ ပြောင်း ၊သီးနှံအစုံ အဓိကထား စိုက်ကြတယ်။ ဒါကြောင့်လည်း ပွဲတော်မှာ လယ်ယာသုံးပစ္စည်းတွေ ရောင်းချကြသလို လူသုံးကုန် လက်မှုပစ္စည်းတွေ၊ အလှကုန် နဲ့ အဝတ်အထည်ဆိုင် တွေအများကြီးတွေ့ရလေ့ရှိတယ်။ ပွဲတော်ကိုဝင်တာနဲ့ အဆာပြေစားလို့ရတဲ့ မုန့်ဆိုင်တွေ၊ ပွဲစျေးမှာရောင်းချတဲ့ အညာစာတွေ တတန်းကြီးတွေ့ရတတ်တယ်။ ဒေသထွက် လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်တွေ အစီအရီခင်းထားတာက စျေးပွဲတော်လိုမျိုးကို စည်ကားပါတယ်။ အခုတော့ ခေတ်မကောင်းတဲ့အချိန် နတ်ပွဲလာတဲ့သူတွေ သုတ်သုတ်သွား သုတ်သုတ် ပြန်ရမှာဆိုတော့ နတ်ကွန်းကို ပူဇော်၊ လိုအပ်တာ ဝယ်စရာရှိတာဝယ်၊ ပြီးတာနဲ့ ပြန်ကြတာပါပဲ။
ဒီနေ့ တောင်ဦးဘုရင်နတ်ပွဲ နောက်ဆုံးရက်မှာ ရိုးရာအရ လာရောက်ပူဇော်ကြတဲ့သူတွေနဲ့ စည်းကားနေတယ်။ အသိတွေများ တွေ့မလားလို့ ရှာကြည့်ပေမယ့် ဘယ်သူ့ကိုမှမတွေ့။ အသိနဲ့ လူချင်းတွေ့မှ သာကြောင်းမာကြောင်း၊ ရပ်ဆွေရပ်မျိုးတွေ အကြောင်း သိရတာမို့လား။ ဒီလိုနဲ့ နေစောင်းပြီ၊ အိမ်ကိုပြန်ဖို့ဆို နေမဝင်ခင် ရောက်မှလေ……… မြောက်ယမားချောင်းကိုဖြတ် ပြန်ခဲ့တော့ နတ်ဒိုးသံက ဝေး၍ဝေး၍…… ။
တိုက်ခိုက်ရေးဒရုန်းတွေကို မကွေးမှာ အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေ (In-depth story)
ကိုသိန်းတင်၊ The Nation Voice
ဗုံးသီးများစွာကို သယ်ဆောင်ပျံသန်းနိုင်တဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို အာဏာသိမ်းစစ်တပ်က မကွေးမြို့မှာ ထုတ်လုပ်နေပါတယ်။
မကွေး -တောင်တွင်းကားလမ်းဘေးက ဒေသခံတွေရဲ့အခေါ် TA TA ကားစက်ရုံဝန်းမှာ တိုက်ခိုက်ရေးဒရုန်းတွေကို ထုတ်လုပ်နေတာလို့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
TA TA ကားစက်ရုံလို့ ဒေသခံတွေကသိကြတဲ့ အဆိုပါစက်ရုံဟာ အာဏာသိမ်းစစ်တပ်ရဲ့ မကွေးတပ်နယ် တပ်မတော် အကြီးစားစက်ရုံဝန်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကာလတစ်ခုမှာ အန္ဒိယနိုင်ငံ TA TA ကားကုမ္ပဏီရဲ့ ကားထုတ်လုပ်တဲ့စက်ရုံဖြစ်ခဲ့ပါတယ်။
အခုတော့ အဲဒီစက်ရုံဝန်းထဲက အချို့သောအဆောက်အဦတွေကို ပြင်လည်မွန်းမံပြီး အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးဒရုန်းတွေကို ထုတ်လုပ်နေပါတယ်။
“ဒရုန်းထုတ်ဖို့စက်ရုံကိုလာဆောက်သွားတာက တရုတ်နိုင်ငံသားတွေ။ မိုတွေနဲ့အတူ ရုရှားနိုင်ငံသား နှစ်ယောက်က လာပြီးထုတ်လုပ်နေတာပါ” လို့ အဆိုပါစက်ရုံမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက The Nation Voice ကိုအတည်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နည်းပညာမြင့် ဒရုန်းတွေထုတ်လုပ်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက စက်ရုံကို ပြင်ဆင်မှုတွေစတင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ အဲဒီကာလမှာတော့ တရုတ်နဲ့ ရုရှားနိုင်ငံသား အနည်းငယ်သာရှိခဲ့ပြီး အခုတော့ ဒီစက်ရုံမှာ တရုတ်နဲ့ ရုရှားနိုင်ငံသား အယောက် ၂၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သတင်းရင်းမြစ်တစ်ဦးရဲ့ သတင်းပေးပို့ချက်မှာတော့ ၂၀၂၃ ဒီဇင်ဘာပြင်ဆင်မှုတွေနောက်ပိုင်း လက်တွေ့ဒရုန်းထုတ်လုပ်နိုင်မှုကို ၂၀၂၄ ခုနှစ် မေလမှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်လကြာအပြီး ဇူလိုင်လရောက်မှသာ ပထမဆုံးတစ်စင်းကို အကောင်အထည်ဖော်နိုင်ခဲ့တာလို့ဆိုပါတယ်။
ပထမဆုံးထုတ်လုပ်နိုင်ခဲ့တဲ့ အဆိုပါဒရုန်းကို သရက်မြို့နယ်ထဲမှာ စတင်ပျံသန်းခဲ့ပေမယ့် ပထမအကြိမ်မှာ အောင်မြင်မှုမရခဲ့ဘူးလို့လဲ ထပ်ဆင့်သိရပါတယ်။
လက်ရှိမှာတော့ အဲဒီစက်ရုံက ဒရုန်းထုတ်လုပ်မှုကို ပျှမ်းမျှအားဖြင့် ရက်သတ္တပတ် ၁ပတ်မှာ ဒရုန်းတစ်စင်းနှုန်းနဲ့ ထုတ်လုပ်နေတာလို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
“စက်ရုံကို ရာထူးအကြီးပိုင်းကလူကြီးတွေက တစ်ပတ်ကို သုံးခါလောက်လာစစ်တယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
The Nation Voice ကရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ထုတ်လုပ်ထားတဲ့ ဒရုန်းကိုယ်ထည်ဟာ ၁၂ ပေကျော်ရှည်လျားတာကို တွေ့ရပြီး၊ ဖိုက်ဘာ မိုလောင်းခန်းနဲ့ ဒရုန်းကို ဆေးမှုတ်နေတဲ့ ရုရှားနိုင်ငံသားနှစ်ဦးလို့ ယူဆရသူတွေကိုလည်းမြင်တွေ့ရပါတယ်။
ဓာတ်ပုံမှာပါဝင်တဲ့ ဆေးမှုတ်နေသူတွေဟာ ရုရှားနိုင်ငံသားတွေဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက အတည်ပြုပေမယ့် The Nation Voice အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ရုရှားနည်းပညာနဲ့ ဖိုက်ပါ ကိုယ်ထည် ကာလာက အမည်းရောင်ပါ။ မြေပြင်ကလွှတ်တာမဟုတ်ပဲ ဒရုန်းပစ်တဲ့ယာဉ်ပေါ် တင်ပြီးတော့စမ်းတာ” လို့ ဝန်ထမ်းက ပြောပါတယ်။
ထုတ်လုပ်နေတဲ့ ဒရုန်းတွေမှာ အမျိုးအစား နှစ်မျိုးရှိပြီး နည်းပညာမြင့်အကြိမ်ကြိမ်အသုံးပြုလို့ရနိုင်တဲ့ ဒရုန်းအမျိုးအစားအပြင် ကာမီကာဇေဒရုန်းတွေကိုလည်း ထုတ်လုပ်နေပြီး အဆိုပါဒရုန်းတွေမှာဗုံးသီးအတော်များများကို သယ်ယူနိုင်တယ်လို့ သိရပါတယ်။ (ဒရုန်းတစ်ခုခြင်းစီက သယ်ဆောင်နိုင်တဲ့ ဗုံးသီးပမာဏကိုတော့ The Nation Voice အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး)
“ကာမီကာဇေက ၃ ပေခွဲဝန်းကျင်ရှည်တယ်။ ဘော်ဒီကို ဖိုင်ဘာကွန်ပေါင်းနဲ့လုပ်ထားတယ် ။ ဖိုင်ဘာဆိုပေမယ့် သူကအရမ်းပေါ့တယ်၊နောက်ပြီးထိပ်ဖူးမှာ ဗုံးတွေထည့်ထားတယ်” လို့ အဆိုပါဒရုန်းတွေကို မျက်မြင်တွေ့ခဲ့တဲ့ သတင်ရင်းမြစ်က ပြန်ပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေတဲ့ ဒရုန်းတွေနဲ့ပတ်သတ်လို့ စစ်တပ်ရဲ့လော်ဘီတစ်ဦးဖြစ်တဲ့ ကျော်စိုးဦးကတော့
“တရုတ်နိုင်ငံကနေ CH4 B အုပ်စုနဲ့ပါတ်သတ်ပြီးတော့ နည်းပညာ လွှဲပြောင်းရယူပြီးတော့ မြန်မာနိုင်ငံမှာ တနည်းအားဖြင့် မြန်မာပြည်တွင်းမှာ တပ်မတော်က ထုတ်လုပ်နေတယ်” လို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်တစ်ခုကို ကိုးကားပြီး သူ့ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ မကွေးမြို့က အဆိုပါတိုက်ခိုက်ရေးဒရုန်းစက်ရုံကို ဗိုလ်ကြီးကျော်စိုးဝင်းဆိုသူက ဦးဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။
အဆိုပါစက်ရုံမှာ အမျိုးသား၊ အမျိုးသမီးဝန်ထမ်း သုံးရာ ဝန်းကျင်ရှိနေပြီး အများစုဟာ ယခင် TATA ကားစက်ရုံက ဝန်ထမ်းတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီဝန်ထမ်းတွေကို အာဏာသိမ်းစစ်တပ်ကဆက်လက်ခန့်ထားတာဖြစ်ပေမယ့် ဒရုန်းစီမံကိန်းရှိရာ အဆောက်အဦကတော့ သီးခြားဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
“အခုမကွေးမှာက ဒရုန်းရော နောက် UAV အဆင့်ပါလုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ ကျွန်တော်တို့လည်း ခန့်မှန်းရတယ်၊ ဒရုန်းနဲ့ UAV ကို သူတို့အကြိမ်ကြိမ်အခါခါပျံတယ်ပေါ့၊ မကွေးမှာရှိတဲ့ တကစ(တပ်မတော် အကြီးစားစက်ရုံ) ဆိုတာက အရင်တုန်းကဆိုရင်တော့ အကြီးအကျယ်လုပ်တာတော့ မရှိဘူးပေါ့၊ ပထမ စပြီး လုပ်တာက မိတ္ထီလာဘက်မှာ တကစ ၁၀ ဘက်မှာ စပြီးတော့လုပ်တာ အခုတော့ မကွေး တကစ မှာတွဲပြီးလုပ်လာတယ်လို့ သိရပါတယ်။ အရင်ကတော့ NORINCO ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးတော့လုပ်တယ်၊ အခုကတော့ ရုရှားနည်းပညာနဲ့ပါလာပြီး ပြည်တွင်းမှာထုတ်မယ့် အနေအထားမျိုးကို တွေ့လာရတယ်” လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းထုတ်လုပ်မှုတွေနဲ့ပတ်သတ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို မကွေးမြို့မှာထုတ်လုပ်နေခြင်းက မကွေးမြို့ဟာ လတ်တလောမှာ တော်လှန်ရေးတပ်တွေက အင်းအားသုံးစီးနင်းတိုက်ခိုက်ဖို့ မလွယ်ကူသေးတဲ့အတွက် ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“အကြီးစားထုတ်လုပ်ရေးစက်ရုံတွေကတော့ မြို့နဲ့ အနည်းငယ်နီးတယ်၊ ကပစ စက်ရုံတွေကတော့ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေမှာများတယ်၊ အဲဒီတော့ ကပစ စက်ရုံတွေကို စီးနင်းတိုက်ခိုက်ဖျက်စီးတာလွယ်ပေမယ့် အကြီးစားစက်ရုံတွေရဲ့ အရေးပါမှုနဲ့ သူတို့အတွက် အထောက်အကူပြုမှုကလည်းရှိလာတယ်” လို့ ဗိုလ်ကြီးဇင်ယော်ကဆိုပါတယ်။
Computer Numerical Control (CNC) စနစ်ကို အသုံးပြုနေတယ်လို့ ယူဆရတဲ့ အဆိုပါစက်ရုံက ဒရုန်းထုတ်လုပ်နေမှုတွေကို တားဆီးနိုင်ဖို့ ဒါမှမဟုတ် ထုတ်လုပ်မှုအရေအတွက် လျော့ချနိုင်ဖို့အတွက် အဓိကကျတဲ့ တိုက်ခိုက်ရေးဗျူဟာက အဆိုပါစက်ရုံတွေကိုပေးနေတဲ့ လျှပ်စစ်မီးလိုင်းတွေဖြတ်တောက်ရေးဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က တစ်ပါတည်းအကြံပြုပါတယ်။
“မြို့နဲ့နီးတဲ့ အကြီးစား စက်ရုံတွေကိုဖြတ်တောက်နိုင်ဖို့ကတော့ အဓိကကတော့ မီးပဲဗျ၊ လျှပ်စစ်ဓာတ်အားပဲပေါ့။ သူတို့စက်ရုံတွေဆီကိုသွားတဲ့ လျှပ်စစ်ဓာတ်အားကို ကြိမ်ဖန်များစွာဖြတ်တောက်မယ်ဆိုရင် သူတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်က ရည်မှန်းထားတဲ့အရေအတွက် ပြည့်မှီအောင် မထုတ်နိုင်တဲ့ အခြေအနေမျိုးရှိတယ်။ ဒါက အန္တရာယ်လဲကင်းတယ်၊ ငွေကုန်ကြေးကျလဲသက်သာတဲ့ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာတစ်ခုပေါ့” လို့ ဗိုလ်ကြီးဇင်ယော်ကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က မကွေးတိုင်း သရက်ခရိုင်တပ်ရင်း ၄ ရဲ့ လှုပ်ရှားနယ်မြေမှာ ကာမီကာဇေဒရုန်းတွေကို စတင်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က တော်လှန်ရေး အဖွဲ့ဝင်တွေအကြား အသိပေးထားပါတယ်။
အချုပ်အခြာပိုင်တဲ့ လွတ်လပ်ရေး
ယနေ့ ဇန်နဝါရီလ ၄ ရက်သည် လွတ်လပ်ရေးရသည်မှာ ၇၇နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တနည်းအားဖြင့်အချုပ်အခြာအာဏာပိုင်မြန်မာနိုင်ငံတည်ထောင်ခဲ့သည်မှာ ၇၇နှစ် ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံသည် စစ်အာဏာသိမ်းမှုသုံးကြိမ်ကြောင့် သူကျွန်ဘဝမှ စစ်ကျွန်ဘဝသို့ ကျရောက်ခဲ့သည်မှာလည်း နှစ်ပေါင်း ၇၀ကျော်ခဲ့သည့်သဘောဖြစ်သည်။
လွတ်လပ်ရေး ရယူ၍ မြန်မာနိုင်ငံတော်တည်ထောင်စဥ်က တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများအခြေခံကာ လူသတ္တဝါ ခပ်သိမ်းတို့၏ ငြိမ်းချမ်း သာယာရေးကို ရည်ရွယ်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
၁၉၆၂ခုနှစ်၊ ၁၉၈၈ခုနှစ်၊ ၂၀၂၁ခုနှစ်တို့ စစ်အာဏသိမ်းမှု သုံးကြိမ် ကြုံတွေ့ရသည့် မြန်မာနိုင်ငံသည် လောကပါလ တရားများပျောက်ဆုံးကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်ပေါင်းစုံချွတ်ခြုံကျခဲ့ရသည်။
အထူးသဖြင့် လူသားများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည့်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ တရားဥပဒေစိုးမိုးမှုများ နှစ်ပေါင်း၇၀အတွင်း ဆုံးရှုံးခဲ့ကြရသည်။ အထူးဖြင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း ကိုယ့်အမျိုးသားချင်း အနိုင်အထက်ဖိနှိပ်အုပ်ချုပ်သော စစ်အာဏာရှင်စနစ်ဆိုသည့် စနစ်ဆိုးတခုအောက်တွင် မလွတ်မြောက်ဘဲရှိနေကြခြင်းဖြစ်သည်။ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်ဆိုး ကွယ်ပျောက်ချုပ်ငြိမ်းရေးသည် လောကပါလတရားများထွန်းကားသည့် လူသတ္တဝါခပ်သိမ်းတို့အတွက် ငြိမ်းချမ်းသာယာရေးအတွက် အရေးပါလျှက်ရှိသည်ဟု The Nation Voice က လွတ်လပ်ရေးနေ့တွင် အသိပေးလိုခြင်းဖြစ်သည်။
စကားတွေပြောဖို့လိုနေတဲ့ မကွေးဒေသက တော်လှန်ရေး စည်းနှောင်မှုများ
ချစ်ဝင်းမောင်(မြေလတ်)
အာရက္ခဒေသ၊ ရခိုင်ဒေသက တော်လှန်ရေးအောင်မြင်မှုတွေကို ကျွန်တော်တို့ အရမ်းရွှင်လန်းအားတက်ရပါတယ်။ အဲဒီအောင်မြင်မှုတွေဟာ ကျွန်တော်တို့ အညာဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဒေသတွေက တော်လှန်ရေးအင်အားစုတွေကိုလည်း အောင်စိတ်တွေ ကူးစက်စေတယ်လို့မြင်ရပါတယ်။
ရခိုင်ဒေသနဲ့ နယ်နိမိတ်အားဖြင့်ကပ်လျက်တည်ရှိနေတဲ့ အထူးအားဖြင့်မကွေးဒေသ အပြင်တစ်ဆက်တည်း စစ်ကိုင်းဒေသကိုလည်း သက်ရောက်မှုတွေရှိနိုင်တယ်လို့ ယူဆမိပါတယ်။
စစ်ဆိုတာက ကူးစက်တတ်တဲ့သဘောရှိပါတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချုပ်ငြိမ်းအောင်ကြိုးပမ်းနေတဲ့ တော်လှန်ရေးထဲမှာ ဒီတော်လှန်စစ်ကတော့ ကူးလူးဆက်ဆံရဦးမယ်။ သက်ရောက်မှုတွေရှိလာဦးမယ်လို့ ယူဆပါတယ်။
ဒီအတွက်လည်း မကွေးဒေသအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အားစိုက်မှုတွေ လုပ်ဆောင်ဖို့လိုနေပြီဆိုတာ တစ်ပါတည်းပဲ ရှုမြင်ကြောင်းတင်ပြချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုဆိုတဲ့အပိုင်းမှာ စိုးမိုးထိန်းချုပ်တဲ့နယ်မြေတွေ ထပ်ပြီးရရှိနိုင်ဖို့အပြင် စစ်ရေးအရ ထိုးစစ်တွေ၊ ခုခံစစ်တွေ၊ ပူးပေါင်းစစ်ဆင်ရေးတွေအတွက် ပိုမိုကောင်းမွန်စနစ်ကျတဲ့ အချိတ်အဆက်မိမှု၊ ဟန်ချက်ညီညီပြင်ဆင်ဖို့လိုအပ်လှပါတယ်။
တစ်ပြိုင်နက်ထဲမှာပဲ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ ပြည်သူတွေ ရှောင်ရတိမ်းရဖို့ကိစ္စတွေလည်း အများကြီးရှိနိုင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပြင် မြို့တွေသိမ်းတယ်၊ ရွာတွေသိမ်းတယ်ဆိုရင် မြို့တွေ၊ ရွာတွေကို သိမ်းပိုက်ဖို့ကြိုးစားတာနဲ့ အတူ ပြည်သူလူထု အထိအခိုက်နည်းနိုင်သမျှနည်းရေးအတွက် အစီစဉ်တွေ၊ အစီအမံတွေကိုလည်း သေချာညှိနှိုင်းပြီးတော့ ပြင်ဆင်ထားသင့်တယ်ပါတယ်။
အဓိကကတော့ စစ်ရေးအရပြင်ဆင်မှု စစ်ရေးနဲ့အတူ လူထုထိခိုက်နစ်နာမှုနည်းနိုင်သလောက်နည်းအောင် ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်လေလေ ရရှိတဲ့အောင်ပွဲတွေဟာလည်း ထိခိုက်ကျရှုံးမှု ထိခိုက်နစ်နာမှုနည်းနည်းနဲ့ အောင်မြင်မှုများများရတဲ့ အောင်ပွဲတွေဖြစ်မှာပါ။
တစ်ပြိုင်နက်ထဲမှာ ဒီလို အတူပူးပေါင်းစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားမှာလည်း ပိုမိုခိုင်ကြည်တဲ့ သွေးစည်းညီညွတ်မှုတွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေအများကြီးရရှိနိုင်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ အဲဒီလိုအခင်းအကျင်းရှိတယ်လို့ သိရပါတယ်။ အထူးသတိချပ်ဖို့လိုတာက မကွေးနဲ့စစ်ကိုင်းဟာ နယ်နမိတ်ချင်းအားဖြင့်ထိစပ်ပေမယ့် နယ်နမိတ်ချင်းထိစပ်မှုအရ ဒေသနှစ်ခုက တူညီတဲ့အခင်းအကျင်းတွေရှိသလို မတူညီတဲ့အနေအထားတွေလည်း အများကြီးရှိပါတယ်။ အထူးအားဖြင့်ဆိုရင်တော့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုမှာ မကွေးတိုင်းက စစ်ကိုင်းတိုင်းလောက် ကျယ်ဝန်းမှု၊ ပြန့်နှံ့မှု မရှိသေးပါဘူး။
စစ်ကိုင်းတိုင်းရဲ့ ကြားကာလအတွက်ပြင်ဆင်တဲ့အခင်းအကျင်းဟာ စာရွက်ပေါ်မှာတင်မဟုတ်ဘဲနဲ့ တကယ်ကိုပဲ မြေပြင်ကိုသက်ရောက်နိုင်တဲ့ မြေပြင်မှာတစ်စုံတစ်ရာအကောင်အထည်ဖော်နိုင်မယ့် အခင်းအကျင်းပုံစံမျိုးရှိနေတဲ့ အနေအထားပါ။ မကွေးတိုင်းမှာတော့ အဲဒီလိုစိုးမိုးထိန်းချုပ်နယ်မြေကလည်း မများသေးတာကတစ်ကြောင်း၊ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စစ်ရေးအရရောနိုင်ငံရေးအရပါ တကယ့်ကို စည်းနှောင်မှုတွေ အားကောင်းဖို့အများကြီးလိုသေးတယ်လို့ရှုမြင်ပါတယ်။
တစ်ပြိုင်နက်ထဲမှာ ကြားကာလစီမံအုပ်ချုပ်ရေးဆိုင်ရာအစီမံတွေကို ရေးဆွဲဖို့လည်းအားစိုက်ရမှာ ဖြစ်သလို ရေးဆွဲပြီးရုံနဲ့ အစီမံတွေဟာ ချက်ချင်းအသက်ဝင်လာမှာမဟုတ်ပါဘူး။ ရေးဆွဲလိုက်တဲ့အစီအမံတွေကို ကောင်းကောင်းမွန်မွန်အသက်ဝင်လာဖို့ အကောင်အထည်ပေါ်လာဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ယန္တရားတွေကအစ ပြင်ဆင်မှုဖို့လိုအပ်နေပါတယ်။
တစ်ပြိုင်နက်ထဲမှာ ပြည်ထောင်စုအဆင့် ဖက်ဒရယ်အဆင့် ၊ ဖက်ဒရယ်အစိုးရအဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်မှာရှိတယ်လို့ပြောလို့ရမယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကဲ့သို့သော ကော်မရှင်တွေအဖွဲ့အစည်းတွေနဲ့လည်း မပြတ်ထိတွေ့ပြီး အချင်းချင်းကြားက သဘောတူညီမှုတွေ၊ နိုင်ငံရေးသဘောတူညီမှုတွေ၊ နိုင်ငံရေးအရ ချဉ်းကပ်မှုတွေမှာ ကွဲလွဲမှုတွေမရှိအောင် သေချာပြင်ဆင်အားစိုက်သင့်တဲ့အခြေအနေကို ရောက်နေပါပြီ။
ကြားကာလအစီအမံတွေ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးကြတဲ့အခင်းအကျင်းမှာ အင်မတန်အရေးကြီးတာက တော်လှန်ရေးကို အထောက်အကူပြုစေတဲ့ အခင်းအကျင်းတွေဖြစ်ဖို့ လိုအပ်တယ်။
တစ်ပြိုင်နက်ထဲမှာ ဒီလိုမျိုးအစီမံတွေ အခင်းအကျင်းတွေကို ပြင်ဆင်နေခြင်းဟာ ကျွန်တော်တို့မျှော်ရည်တဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုလည်း ပန္နက်ရိုက်နေတဲ့၊ အုတ်မြစ်ချနေတဲ့အခင်းအကျင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုအုတ်မြစ်ချတဲ့ ပန္နရိုက်တဲ့အခင်းအကျင်းတွေဟာလည်း မှားသွားလို့လည်းမသင့်ဘူး၊ လွဲသွားလို့လည်းမကောင်းဘူး။
ဒါကြောင့် အမှားအယွင်းနည်းနည်း၊ လွဲချော်မှုနည်းနည်းဖြစ်အောင် ကိုယ့်ဒေသအလိုက်လည်း လိုက်လျောညီထွေဖြစ်တဲ့အခင်းအကျင်းတွေဖြစ်အောင်စီမံသင့်ပါတယ်။
အဲလိုမျိုးအခင်းအကျင်းတွေ စီမံတဲ့အခါမှာလည်း တစ်စုတစ်ဖွဲ့ရဲ့ လွှမ်းမိုးမှုတွေနဲ့ ချီတက်တဲ့အခင်းအကျင်းတွေမဖြစ်အောင်အထူးဂရုစိုက်သင့်တယ်။ အင်အားစုတွေဟာ နောက်ခံတွေ၊ စဉ်းစားပုံတွေ တွေးခေါ်ပုံတွေမတူညီတာသဘာဝကျတယ်။
သို့သော် အဲဒီလိုမတူတဲ့အခင်းအကျင်းတွေကို ပါဝင်သူအားလုံးက အခြေနေတစ်ခုထိ မျှခြေဖြစ်အောင် နိုင်ငံရေးသဘောတူမှုတွေဖြစ်အောင် ကြိုးစားရမှာပါ။ အဲဒီလို ကြိုးစားဖို့ဆိုရင် စကားတွေအများကြီးပြောရလိမ့်မယ်။ ဆွေးနွေးပွဲတွေအများကြီးလုပ်ရလိမ့်မယ်။
တစ်ဖက်ကကြည့်ရင်တော့ ဒီလိုလုပ်ခြင်းဟာ စကားတွေချည်းပြောနေတာက ဘာမှဖြစ်မလာဘူးလို့ထင်စရာရှိပါတယ်။ နိုင်ငံရေးကိစ္စ အထူးအားဖြင့် နိုင်ငံရေးနည်းနာနဲ့ ချီတက်တဲ့အခါမှာ ခုရေတွင်းတူး ခုရေကြည်သောက်နိုင်တဲ့အခင်းအကျင်းမျိုးမဟုတ်ပါဘူး။ ပါဝင်ဖော်ဆောင်သူတွေအားလုံးက စကားတွေပြောဖို့ကို လိုပါတယ်။ စကားတွေပြောမှသာ တကယ့်နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးရဲ့စည်းနှောင်မှုတွေအားကောင်းမှာဖြစ်တယ်။
အဲဒီအတွက် တော်လှန်ရေးအင်အားစုတွေအချင်းချင်း ဆွေးနွေးမှုတွေလုပ်ဖို့၊ တွေ့ဆုံမှုတွေ လုပ်ဖို့ဆိုတာ လက်မတွန့်သင့်တဲ့ ကိစ္စတွေဖြစ်တယ်လို့ရှုမြင်မိပါတယ်။ဆွေးနွေးညှိနှိုင်တယ်ဆိုတာကလည်း ဒီမိုကရေစီကျင့်စဥ်ရဲ့ အခြေခံ လုပ်နည်းလုပ်ဟန်တခုလည်းဖြစ်ပါတယ်။
ချစ်ဝင်းမောင်(မြေလတ်)သည် မကွေးဒေသအခြေစိုက် မကွေးလူထုတိုက်ပွဲကော်မတီတွင်ပါဝင်သူတစ်ဦးဖြစ်သည်။)
