Home Blog Page 2

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအပါအဝင် အချက်သုံးချက် ဂျပန် တောင်းဆို

 

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူတွေကို လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ နဲ့ မြန်မာ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့ စတဲ့အချက်သုံးချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိက ဩဂုတ်လ ၁ ရက်နေ့ ရက်စွဲ နဲ့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုလုပ်ရပ် တွေဆက်လက်ဖြစ်ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပတာကို စိုးရိမ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရေးက အာဏာသိမ်းပြီး လေးနှစ်ခွဲကြာတဲ့အထိ တိုးတက်မှုမရှိတဲ့ အ‌ပေါ်မှာလည်း စိုးရိမ်တယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ သူကပြောထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကနေ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ)အဖြစ် ဖွဲ့စည်းခဲ့ပြီး လာမယ့်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့လုပ်ရပ်အပေါ် မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိက ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာပါတီတွေနဲ့ ဆွေးနွေးတာမျိုးမရှိဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ပြည်သူတွေဆီကနေ ပိုပြီးပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရရှိလာပြီး ငြိမ်းချမ်းစွာဖြေရှင်းမှု ပိုခက်ခဲလာမှာကိုလည်း စိုးရိမ်တယ်လို့ သူကဆိုထားပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးထားနားထောင်လျက်ရှိပြီး လူသားချင်းဆိုင်ရာ ကူညီမှုအထောက်အပံ့တွေ ဆက်ရှိနေမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုတ်သိမ်းလိုက်ပြီး ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောကြားပြီးတဲ့နောက်မှာ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ကူညီမှုတွေလုပ်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဇူလိုင်လ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတွေကို အထူးအလေးထား ပံ့ပိုးကူညီနေတယ်လို့ သူကပဲ ဆက်ပြောထားပါတယ်။

ကံ့ကော် ရေးသားသည်။

လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီမပါဘဲ တစ်နိုင်ငံလုံး ယှဉ်ပြိုင်မယ့် ပါတီ ကိုးခု ရှိနေ

ဩဂုတ် ၂၊
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ တွင်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားရာ NLD ပါတီမပါဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်တွေတိုင်းမှာ ယှဉ်ပြိုင်မယ့် ပါတီ ကိုးခု ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ တည်ထောင်ခွင့်ရထားတာ ၅၅ ပါတီရှိတာမှာ တိုင်းနဲ့ပြည်နယ်တွေမှာတော့ ယှဉ်ပြိုင်မယ့်ပါတီ ၄၆ ခုရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ)က ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ထုတ်ပြန်ထားပေမယ့် ရက်အတိအကျကတော့ အခုအချိန်ထိ မပြောသေးပါဘူး။
ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ တစ်နိုင်ငံလုံး တပြိုင်နက် တစ်ရက်ထဲ ကျင်းပမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ သီးခြားစီ ကျင်းပမှာ ဖြစ်ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ ပြုလုပ်တဲ့အချိန် အနည်းဆုံး တစ်ပတ်စီခြားမှာ ဖြစ်ပါတယ်။
မဲပေးတဲ့အခါမှာလည်း မဲပေးစက်တွေ အသုံးပြုသွားမှာလို့ ဆိုပါတယ်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နဲ့ ကိုယ်ပေးချင်တဲ့သူတဲ့ ဘေးက ခလုပ်ကို နှိပ်လိုက်တာနဲ့ မဲပုံးထဲကို ကိုယ်ပေးလိုက်တဲ့ မဲစာရွက် ကျသွားတာမျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တနိုင်ငံလုံး မဲဆန္ဒရှင် တစ်သိန်းကျော်ကို သရုပ်ပြ စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေ အတွက်လည်း ကြိုတင်မဲဆန္ဒနဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
လာမယ့်ရွေးကောက်ပွဲ မှာ ရွေးကောက်ပွဲစနစ် နှစ်မျိုးနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် နိုင်သူအကုန်ယူ FPTP စနစ်၊ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) နဲ့ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အားလုံးမှာ First-Past-the-Post (FPTP) နိုင်သူအကုန်ယူ ဆိုတဲ့ စနစ် ကျင်းသုံးခဲ့တာပါ။ နိုင်သူ အကုန်ယူ စနစ်ဆိုတာ မဲဆန္ဒနယ်မှာ ဆန္ဒမဲ အများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိတာ ဖြစ်ပါတယ်။Mixed Member Proportion System ( MMP) ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် ဆိုတာ မဲပေးထားတဲ့ ဆန္ဒမဲ အရေအတွက်ကို မတူညီတဲ့ စနစ် နှစ်ခုနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပါတီတစ်ခုက တစ်နိုင်ငံလုံး ဒါမှမဟုတ် မဲဆန္ဒနယ် တစ်ခု မှာ ဆန္ဒမဲ‌အရေအတွက် ရာခိုင်နှုန်း တစ်ခု ရရှိထားပေမယ့် ကိုယ်စားလှယ်နေရာ အတွက် အနိုင်မရရှိတဲ့အခါမှာ ရရှိထားတဲ့ မဲအရေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ပါဝင်ခွင့်ရရှိတာမျိုး ဖြစ်ပါတယ်။
ကံ့ကော် ရေးသားသည်။

The Nation Voice Cartoon

ဇူလိုင် ၃၁
ကာတွန်း- ဗိုက်ပူ

တညောင်ရဲစခန်းမီးရှို့ခံရလို့ အင်အားဖြည့်ပြီး တက်လာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရ

ဇူလိုင် ၃၁
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က တညောင်ရဲစခန်း မီးရှို့ခံရပြီးနောက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃က ကိုကျော်ကြီးက The Nation Voice ကိုပြောပါတယ်။
တညောင်စခန်းတိုက်ခိုက်ခံရပြီးနောက် မနေ့ကနေ့လယ် ၁၂နာရီဝန်းကျင်မှာ ဆိပ်ဖြူဘက်ကလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ရဲနဲ့ ခြေမြန်တပ်က စစ်သားအင်အားအများအပြားနဲ့ တညောင်ရွာနဲ့အနီးတဝိုက်ကို စစ်ကြောင်းဖြန့်ထားတယ်လို့ တညောင်တိုက်နယ်က ဗိုလ်သတ္တိက The Nation Voice ကိုပြောပါတယ်။
“တညောင်ရဲ့ နေရာအနှံ့အပြားမှာလည်းနေရာအများကြီးဖြန့်ထားတယ်။ EPCမှာရော တညောင်တကြောမှာရော အများကြီးဖြန့်ထားတယ်။ အနေအထားအရ ပတ်ပတ်လည်ဝန်းရံထားတာဆိုတော့ အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ခန့်မှန်းရတယ်။ ထူးခြားတာတော့ ခုလိုအင်အားများစွာနဲ့ရောက်ချလာတယ်။ စခန်းအတွက်နယ်မြေရှင်းလင်းရေးလုပ်ဖို့နဲ့ သဂြိုလ်ဖို့ ရောက်လာတယ်လို့ သတင်းရထားပါတယ်။ စခန်းထဲဝင်တာခဏပဲ။ ဒါပေမယ့် တညောင်တဝိုက် အနှံ့အပြားတော့ ကင်းတွေ ပတ်လည်ယူနေတာ တွေ့ရတယ်” လို့ ဗိုလ်သတ္တိက ဆက်ပြောပါတယ်။
မနေ့ကညနေပိုင်းက အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက တညောင်ရွာရဲ့ မြောက်ဘက်က မြောက်တောကျောင်းမှာ တညောင်ရွာကစစ်ရှောင်လာတဲ့ စစ်ရှောင်တွေထဲက ငါးဦးကို လမ်းပြအဖြစ်ခေါ်သွားပြီး မိုင်းကွင်းတွေထဲ ဖြတ်ပြီး ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။
အခုလို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို မဟာမိတ်တွေနဲ့အတူ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃က ကိုကျော်ကြီးက ‌The Nation Voice ကိုပြောပါတယ်။
“ မနေ့ညနေပိုင်းက မြောက်တောကျောင်းကနေ ကင်းပုန်းတက်လာတာကိုလည်း ကျွန်တော်တို့ကိုယ်တိုင် လက်နက်ကြီးထောက်တယ်။ ဒီနေ့မနက်မှာ တောင်ဖီလာရွာကို စစ်ကြောင်းထိုးလာတာကိုတော့ မဟာမိတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဆယ်မိနစ်လောက် ထိတွေ့မှုဖြစ်ပါသေးတယ်။ မနက်ကပွဲမှာ ရန်သူ့ဘက်မှ လက်နက်ကြီး သုံးလုံးလည်းထောက်ပါတယ်” လို့ ကိုကျော်ကြီးက ဆက်ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို စလင်းပကဖ ဇုန် ၃၊ သခင်ဖိုးလှကြီးအဖွဲ့၊ ပခုက္ကူခရိုင်အမှတ် ၄တပ်ရင်းနဲ့ သိန်းငှက်နက် ဒရုန်းလက်ရုံးတပ်တို့က ၆၀မမ လက်နက်ကြီး အလုံး ၂၀၊ ၈၁ မမလက်နက်ကြီး နှစ်လုံးတို့နဲ့ ပစ်ခတ်ခဲ့ပြီး ဒရုန်းကတော့ ဂျန်ပါမိတာကြောင့် ကင်းပဲထောက်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဟာ EPCကိုပြန်လည်ဆုတ်ခွာသွားပြီး ထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တညောင်ရွာထဲက ကုန်စုံဆိုင်၊ အရက်ဆိုင်၊ ဖုန်းဆိုင် စတဲ့ဆိုင်တွေကနေ ပစ္စည်းတွေယူဆောင်တာအပြင် အိမ်တွေထဲက ပစ္စည်းတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ယူဆောင်ပြီး ထန်းနှစ်ပင်နဲ့ မြို့လှရွာကြားက EPCကို ကားတွေနဲ့ ဒီနေ့နေ့လယ်ပိုင်းမှာ ပို့ဆောင်တာတွေလုပ်နေတယ်လို့လည်း စုံစမ်းသိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ အင်အားဖြန့်ထားမှုတွေကြောင့် တညောင်ရွာအနီးတဝိုက်က ဒေသခံတွေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်မတွေ့အောင်နေထိုင်ကြဖို့၊ လေကြောင်းအန္တရာယ်နဲ့ စစ်ကြောင်းအန္တရာယ်တွေကို ဂရုစိုက်ကြဖို့ကိုလည်း တညောင်တိုက်နယ်က ဗိုလ်သတ္တိက ပြည်သူတွေကို အသိပေးထားပါတယ်။
ဇူလိုင်လ ၃၀ ရက်မနေ့က မနက် ၄နာရီ မိနစ် ၅၀မှာ စလင်းပကဖက တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ၃နာရီအကြာမှာ စခန်းတစ်ခုလုံးကို တိုက်ခိုက်မီးရှို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငြိမ်း ရေးသားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်း၊ ဗိုလ်ချုပ်ကြီး ညိုစောကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်

ဇူလိုင် ၃၁
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အဲဒီအစိုးရအဖွဲ့ထဲမှာ ဗိုလ်ချုပ်ကြီးညိုစောကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ကာ/လုံ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ)အရ ပြည်ထောင်စုအစိုးရအဖွဲ့သစ်တစ်ခု ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်မှာ ဗိုလ်ချုပ်ကြီးညိုစောကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး လူအယောက်သုံးဆယ်နဲ့ ဖွဲ့စည်းခဲ့တာပါ။
အဲဒီအစည်းအဝေးမှာပဲ နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီကော်မရှင်ရဲ့ ဥက္ကဌအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူခဲ့ပြီး ကော်မရှင်ကို လူဆယ်ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဇူလိုင်လ ၃၀ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကို ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းနားကျင်းပပြီး လာမယ့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောခဲ့ပါသေးတယ်။
ငြိမ်း ရေးသားသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေကို ဂုဏ်ပြုတွေ့ဆုံပွဲပြုလုပ်၊ ရွေးကောက်ပွဲ ဒီဇင်ဘာလအတွင်းကျင်းပမယ် လို့ဆို

ဇူလိုင် ၃၁

နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ နကစဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လေးနှစ်ခွဲတာကာလအတွင်း မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
“ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့သွားတာပေါ့” လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ကျေးဇူးတင်စကားတွေထဲမှာ အာဏာသိမ်းစစ်တပ်အာဘော်အတိုင်း ၁၉၈၈ ခုနှစ်ကနေ လက်ရှိအချိန်အတွင်း မှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး ၊ စီးပွားရေးတွေကိုသုံးသပ်ပြောကြားသွားတာမျိုးရှိပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ဂုဏ်ပြုတွေ့ဆုံပွဲအရ ဒီနေ့မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးမှာ တစ်ခုခု ပြောင်းလဲနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။

ကံ့ကော် ရေးသားသည်။

အလင်းမဝင်တာကြောင့် တညောင်စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဆို

ဇူလိုင် ၃၀

စလင်းမြို့နယ်၊ တညောင်တိုင်နယ်၊ တညောင်ရဲစခန်းက ရဲတွေဟာ အလင်းမဝင်တာကြောင့် တညောင်စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတာလို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇုန် ၃တာဝန်ခံက The Nation Voice ကိုပြောပါတယ်။
“အလင်းဝင်ဖို့ အချိန်ပေးထားတာကြာနေပြီ။ အလင်းမဝင်တာနဲ့ စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။ တညောင်အနီးတဝိုက်က ပြည်သူတွေကတော့ ပျော်တာပေါ့။ သူတို့ရှိတော့ ကျီးလန့်စာစားဘဝမျိုးနဲ့ နေရတာကိုး။ EPCက စခတွေ နယ်မြေကျဉ်းသွားစေတယ်။ ကားသမားတွေ ဆက်ကြေးပေးရတဲ့ ဒုက္ခလွတ်သွားစေတယ်” လို့ ဇုန် ၃တာဝန်ခံက ဆက်ပြောပါတယ်။
စလင်းမြို့နယ်က ဆင်ဖြူကျွန်း- တညောင်လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်အထိုင်ချရာနေရာတွေဖြစ်တဲ့ တညောင်စခန်းနဲ့ တညောင် EPCတို့ကို ဒီနေ့ ဇူလိုင်လ ၃၀ရက် မနက်မှာ တပြိုင်တည်း စလင်းပကဖက တိုက်ခိုက်ခဲ့တာပါ။
“ စဝင်ထဲက တညောင်စခန်းကို မီးရှို့နိုင်တာ၊ ။ အဆင့်မှီဘန်ကာ လေးခု အုတ်ဘန်ကာပေါ့။ အခြားဘန်ကာ ငါးခုလောက်။ဘန်ကာတစ်ခုက တော်တော်ကြာသွားတာ RPGသုံးမှရတော့တာ။ ကျန်တာတွေက တစ်နာရီအတွင်း သိမ်းမိတယ်” လို့ ဇုန် ၃တာဝန်ခံကပြောပါတယ်။
မကွေးလေတပ်ကနေ တိုက်ပွဲဖြစ်ပွားရာ တညောင်ရဲစခန်းကို လေယာဉ်နဲ့လာရင် ငါးမိနစ်သာဝန်းကျင်သာရှိပေမယ့် ၃နာရီကြာတိုက်ပွဲဖြစ်ပြီးမှာသာ အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူ သုံးကြိမ် ပေးခဲ့တာလို့ ဆိုပါတယ်။
ရဲအင်အား ၁၁ဦးရှိတဲ့ တညောင်ရဲစခန်းကိုတိုက်ခိုက်ခဲ့ရာမှာ ရှစ်ဦးသေဆုံးပြီး၊ နှစ်ဦးလက်နက်ချကာ တစ်ဦးကတော့ ထန်းနှစ်ပင်နဲ့ မြို့လှရွာကြားက တညောင် EPC ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ တညောင်ရဲစခန်းကို မီးရှို့နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဆီက G-3 သေနတ်ငါးလက်၊ Ma 13 သေနတ်တစ်လက်နဲ့ ကျည်တွေသိမ်းဆည်းရမိခဲ့ပါတယ်။
ရဲမိသားစုဝင်ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အသက် ၈နှစ်အရွယ်ကလေးတစ်ဦးကို စလင်းပကဖက ထိန်းသိမ်းထားပြီး ၈နှစ်အရွယ်ကလေးတစ်ဦးက ပေါင်မှာကျည်ရှပ်ထိထားတာကြောင့် ဆေးကုသပေးနေတယ်လို့ဆိုပါတယ်။
တညောင်ရဲစခန်းနဲ့ မြေပြင်အကွာအဝေး ငါးမိနစ်သာ ဝေးတဲ့ တညောင် EPCကိုလည်း စလင်းပကဖက တပြိုင်နက်တည်း စစ်ကူမလာအောင် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“EPC ရော တပြိုင်တည်းပစ်တာ။ EPCကို ၆၀ မမ၊ ၈၁ မမတွေ အလုံး သုံးဆယ်ကျော်ပစ်ခဲ့တယ်။ EPCက အထိခိုက်မသိရသေးဘူး” လို့ ဇုန် ၃တာဝန်ခံကပြောပါတယ်။
နေ့လယ် ၁၂နာရီ ဝန်းကျင်လောက်မှာ ဆိပ်ဖြူမြို့နယ်ဘက်က လာတဲ့ ကား ခုနစ်စီးပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကတော့ တညောင်ရွာအနီးမှာ ရှိသေးတယ်လို့သိရပါတယ်။

ငြိမ်း ရေးသားသည်။

 

တညောင်ရဲစခန်းကို စလင်းပကဖ မီးရှို့၊ ရဲ ရှစ်ဦးသေဆုံး နှစ်ဦးလက်နက်ချ

 

ဇူလိုင် ၃၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က တညောင်ရဲစခန်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၀ရက်၊ မနက် ၄နာရီ မိနစ် ၅၀မှာ စလင်းပကဖက တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ကင်းဘန်ကာတွေကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး တညောင်ရဲစခန်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ရဲ ရှစ်ဦးသေဆုံးပြီး နှစ်ဦးလက်နက်ချအဖမ်းခံခဲ့ကာ ရဲမိသားစုဝင်တွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားထားတယ်လို့သိရပါတယ်။
ကျန်တဲ့ ရဲတွေကတော့ မြို့လှနဲ့ထန်းနှစ်ပင်ကြားက တညောင်လျှပ်စစ်ဓာတ်အားခွဲရုံကို ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဆီက G-3 သေနတ်ငါးလက်၊ Ma 13 သေနတ်တစ်လက်နဲ့ ကျည်တွေသိမ်းဆည်းရမိခဲ့ပြီး စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ဘေးကင်းတယ်လို့ သိရပါတယ်။
တညောင်ရဲစခန်းတိုက်ခိုက်မှုပြီးတဲ့နောက် မနက် ၈နာရီ ၂၃မိနစ်မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ငြိမ်း ရေးသားသည်။

စဉ့်ကူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ရဲစခန်းနဲ့ ရွာကို ဗုံးကြဲ၊ ၂၄ဦးသေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ

ဇူလိုင်လ ၃၀

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၉ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ ရဲစခန်းနဲ့ ရွှေပန်းတောရွာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပန်လှရဲစခန်းမှာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယရှိသူတွေဖြစ်တဲ့ အမျိုးသား ၂၁ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ရွှေပန်းတောရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ထုတ်ပြန်ထားပါတယ်။

ငြိမ်း ရေးသားသည်။

အညာစာပေစကားဝိုင်း

 

မင်္ဂလာပါခင်ဗျာ အညာစာပေစကားဝိုင်းလေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ တော်လှန်ရေးတက်ကြွလူငယ်တွေနဲ့ စကားဝိုင်းလေးကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။ အရင်အပတ်တွေမှာ ဝတ္ထုတွေကို အခြေတည် ဆွေးနွေးခဲ့ကြပေမယ့် ဒီတပတ်မှာတော့ လူပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ကျွန်တော်ကဦးဆောင်ပြီးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဆွေးနွေးမယ့် အကြောင်းကတော့ ပေတရာပေါ်မှာ စွန်းခဲ့တဲ့သွေးတွေကို အနုပညာနဲ့ ပုံဖော်ခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာရဲ့အကြောင်းကို ဆွေးနွေးသွားမှာပါ။

စကားဝိုင်းလေးကို စာရေးသူကပဲ စတင်ပြီး “ကျွန်တော်တို့ ဒီတစ်ပတ်ဆွေးနွေးသွားမှာကတော့ တေးရေးဆရာ နိုင်မြန်မာရဲ့အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆရာနိုင်မြန်မာရဲ့ မိခင်က မြောင်းမြဇာတိ မြောင်းမြသူဖြစ်ပါတယ်။ ဆရာနိုင်မြန်မာရဲ့ အဖေက ကောက်ပဲသီးနှံရုံရဲ့ ဝန်ထောက် မောင်မြူလွှာအမည်နဲ့ ကဗျာတွေလည်း ရေးဖူးတယ်။ အနှစ်ချူပ်ပြောရရင် တာဝန်နဲ့ ခရီးတွေသွားရင်း မြောင်းမြကိုရောက်တော့ ဆရာနိုင်မြန်မာ့အမေနဲ့ ဖူးစာဆုံ အကြောင်းပါတယ်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ သားသုံးယောက် မွေးဖွားခဲ့တယ်။ နိုင်မြန်မာက အကြီးဆုံးသားပေါ့။ အိမ်အခေါ် နိုင်နိုင်လို့လည်းခေါ်ကြတယ်။ နိုင်မြန်မာရဲ့ဖခင် ဆုံးပါသွားတော့ အမေက အငယ်ဆုံးသားကိုခေါ်ပြီး ရန်ကုန်ကနေ မြောင်းမြကို ပြန်တယ် နိုင်မြန်မာ့ကိုတော့ ကြီးတော်ကြီးက မွေးစားထားလိုက်တယ်။ ကြီးတော်ကြီးကလည်း နိုင်မြန်မာ့ကို ဖူးဖူးမှုတ်ထားတော့ သူ့အတွက်တော့ လိုလေသေးမရှိပါပဲ။ မကြာပါဘူး ကြီးတော်ကြီးကဆုံးပါးပြန်တယ်။ အဲဒီလိုနဲ့ နိုင်မြန်မာကို သူ့အဖေရဲ့ ညီမ အပျိုကြီးက မွေးစားပြန်တယ်။ သူတို့အိမ်ရှေ့ကကျောင်းမှာပဲ ၄တန်းအောင်တယ်။ အဲဒီလိုနဲ့ အဘွားကသူ့ကို ခေါ်ယူမွေးစားလိုက်ပြန်တယ်။ နိုင်မြန်မာက ခြောက်တန်းလောက်ရောက်တော့ ကျောင်းပြေးတတ်နေပြီ၊ ကဗျာအတိုအစတွေလည်း ရေးတတ်နေပြီ။ ဦးကြီး ဒေါ်ကြီးတွေက စာမလုပ်ဘဲ ကဗျာတွေရေးနေတာကိုမကြိုက်ဘူး အမြဲဆဲဆို ကြိမ်းမောင်းနေတတ်တယ်။ အဘွားကတော့ “သရက်ပင်စိုက်ရင် ကြက်ဟင်းခါးသီးမသိဘူး၊တမာသီးမသီးဘူး၊သရက်သီးပဲသီးမှာပဲ ငါ့မြေးစိုက်တာတွေ သီးပွင့်မှာပဲလို့ပြောပြီး” အမြဲအားပေးနေတက်ပါတယ်။

နိုင်မြန်မာက အရင်က စစ်ဗိုလ်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် ကဗျာရေးလိုတဲ့ ဝါသနာက အဲဒီရည်မှန်းချက်တွေကို ပျက်စီးစေခဲ့ပါတယ်။ သူက ဂီတပညာကိုလည်း ဝါသနာပါတယ်။ သူတို့နဲ့ အနီးမှာ ဆေးခြောက်ရှုပြီး လမ်းဘေးဂစ်တာတီးနေတတ်တဲ့ လူငယ်တွေရှိတယ်။ သူတို့ဆီက ဂစ်တာတီးပညာ သင်ယူချင်တော့ သူတို့လိုပဲ ဆေးခြောက်လိုက်ရှုတယ်။ သူ့ဘဝနဲ့ရင်းပြီး ဆေးခြောက်ဘိတွေကို လိုက်တယ်။ ဂစ်တာတီးပညာကို ရအောင်သင်တယ် ဂစ်တာတီးတတ်သွားတယ် သီချင်းဆိုတတ်သွားတယ် ဆိုပါတော့ဗျာ။ အဲဒီလိုနဲ့ သူသီချင်းတွေ စရေးနိုင်ဖို့ ကြိုးစားတယ် အသက် ၂၀လောက်ကနေ စရေးတယ် အသက် ၄၀မှ ဒါနဲ့ မအောင်မြင်ရင် သူ့ကိုသူ အဆုံးစီရင်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ နောက်တော့ ယောနသံစင်ရော်၊ ကိုယ်ရံတော်တပ်မှူး၊ တူနှစ်ကိုယ်တိုင်းပြည် စတဲ့ သီချင်းတွေကို နိုင်မြန်မာရေးပြီး အဆိုတော်ကိုင်ဇာက ဆိုတယ်။ တေးရေးအဖြစ်အောင်မြင်တယ်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ၁၉၈၈ ကျောင်းသားအရေးတော်ပုံနဲ့ကြုံတယ် သူ့မှာက နို့စားနွား ၃ကောင် မွေးထားတယ်။ အရေးတော်ပုံကာလမှာပဲ အများနည်းတူ အဆင်မပြေတော့ ရောင်းလိုက်ရတယ် ပြည်သူနဲ့အတူ တော်လှန်လိုတဲ့ စိတ်နဲ့ သူတက်တဲ့ အနုပညာနဲ့ နွားတဲထဲမှာပဲ ကမ္ဘာမကြေဘူးသီချင်းကို ရေးတယ် ကျောင်းသား ၁၅ယောက်လောက်ကို သူ့ရဲ့ နွားတဲထဲမှာပဲ ဒီသီချင်းကို ချပေးပြီး စတူဒီယို တစ်ခုမှာ အသံသွင်းခဲ့တယ် ဒီသချင်းကို လူအုပ်ကြီးထဲမှာကျောင်းသားတွေ သီဆိုခဲ့ပြီး လူထုရဲ့ တော်လှန်စိတ်ကို ‌နှိုးဆွပေးနိုင်ခဲ့တယ် ကျွန်တော်ကတော့ နိုင်မြန်မာ့အကြောင်းကို ဒီလောက်ပဲ အနှစ်ချုပ် ပြောပြချင်တယ် ကျွန်တော်တို့ ညီကိုမောင်နှမတွေအနေနဲ့လည်း နိုင်မြန်မာနဲ့ပက်သက်လို့ ဆွေးနွေးပေးကြပါအုံး”လို့ ဆွေးနွေးရင်းတိုက်တွန်းလိုက်ပါတယ်။

စကားဝိုင်းရဲ့ တောင်ဘက်မှာ ထိုင်နေတဲ့ ကိုနိုင် “နိုင်မြန်မာဟာစစ်အင်္ကျီကို လက်ခေါက်ပြီး ဝတ်လေ့ရှိတာ သူ့စတိုင်ဖြစ်တယ် သူက ငယ်ငယ်က စစ်ဗိုလ်ဖြစ်ချင်တယ်။ ဒါပေမဲ့ ကဗျာတွေနောက်ကို လိုက်သွားတဲ့အခါမှာ စစ်ဗိုလ်ဖြစ်ချင်တဲ့စိတ်ကို ခေါက်ထားလိုက်တော့တယ် ဒါပေမယ့် သူ့ရည်မှန်ချက်ကိုတော့ တန်ဖိုးထားနေဦးမယ်လို့ ထင်မိတာပဲ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ကြုံတဲ့အခါမှာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို မြင်ရပြီး နာကြီးစိတ် မခံချင်စိတ်တွေက ကမ္ဘာမကြေသီချင်းကိုရေးဖို့ သူ့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ မြင်ပါတယ်”ဆိုပြီး ဆွေးနွေးလိုက်ပါတယ်။

စကားဝိုင်းမှာ ပါဝင်တဲ့ ကို‌ဇော်ကလည်း “နိုင်မြန်မာဆိုတာကို ကမ္ဘာမကြေဘူးသီချင်းနဲ့ စသိတာပေါ့။ ရုပ်လည်းမမြင်ဖူးဘူး အသံလည်းမကြားဖူးဘူး သူ့အကြောင်းကို အခုလို နားထောင်ရတော့ သူငယ်ငယ်က ဖြတ်သန်းခဲ့တဲ့ ဘဝဟာဆိုရင် ဖအေဆုံးတယ် မအေနဲ့ တကွဲတပြားစီနေရတယ် ၃ဆင့်လောက်မွေးစားခြင်းကို ခံခဲ့ရတယ်။ ဒါကလည်း သူ့အတွက်တော့ ခံစားချက်တခု ဖြစ်စေမှာပဲ ဒီလိုအခက်အခဲတွေ ကြားကပဲ တေးရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တယ် ဘယ်လောက်အခက်အခဲတွေ အချိုးအဆစ်တွေများပါစေ သူ့ယုံကြည်ရာကို ဖြစ်အောင်လုပ်ခဲ့တယ် ရှစ်လေးလုံး အရေးတော်ပုံနဲ့ ကြုံတော့လည်း ကမ္ဘာမကြေဘူးသီချင်းကိုရေးပြီး တော်လှန်ရေးမှာပါဝင်ခဲ့တယ် ဒီသီချင်းက တော်လှန်လိုစိတ်မရှိဘဲ ရေးလို့မရဘူးဗျ အနုပညာ ဗီဇပါသူတွေက တော်လှန်လိုစိတ် ထိပ်ဆုံးမှာ ပါတတ်ကြတယ် လွတ်လွတ်လပ်လပ် ဖန်တီးလိုကြတယ် လွတ်လွတ်လပ်လပ် ပျံသန်းလိုကြတယ် အချူပ်အနှောင်တွေကို မကြောက်ဘူး သူ့အနေနဲ့ တော်လှန်ရေးမှာ ပါဝင်ရတဲ့ အပေါ်မှာ သူ့အနေနဲ့ ဂုဏ်ယူမှာဖြစ်သလို ကျွန်တော်တို့အနေနဲ့လည်း ဂုဏ်ယူပါတယ်”လို့ဆိုပါတယ်။

စကားဝိုင်းရဲ့ မြောက်ဘက်မှာထိုင်နေတဲ့ ကိုဦးကလည်း “နိုင်မြန်မာကိုဆိုရင် သူ့ရဲ့စိတ်ဓာတ်က ဘယ်လောက်ပဲ အခက်အခဲတွေကြုံပါစေ တော်လှန်လိုတဲ့စိတ်က အင်မတန်ပြင်းပြတယ်။ မျိုးချစ်စိတ်ဓာတ် အပြည့်အဝရှိတယ်ပေါ့နော် နောက်ပြီးကျတော့ ဒီကမ္ဘာမကြေဘူး သီချင်းရေးတဲ့ အခါမှာလည်း သူ့ရဲ့စိတ်က တကယ့်ကို ပြည်သူတွေနဲ့ လူငယ်တွေကို သူ့ရဲ့သီချင်းနဲ့ တော်လှန်စိတ်တွေ မခံချင်စိတ်တွေ နာကြည်းစိတ်တွေကို ရိုက်သွင်းပေးနိင်ခဲ့တယ်ပေါ့နော်”ဆိုပြီး ဆွေးနွေးပါတယ်။

ကိုပြည့်ကလည်း “နိုင်မြန်မာငယ်ငယ်က စစ်ဗိုလ်ကြီး ဖြစ်ချင်တယ်။ ကျွန်တော့်အထင်တော့ ငယ်ငယ်ကသူ စစ်ဗိုလ်တွေကို သူလေးစားအားကျတာ သူ့ဝါသနာက စစ်တိုက်ချင်တာမဟုတ်ဘူး သူကိုယ့်စိတ်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့အရွယ်မှာ သူ့ဝါသနာကို သူသိလာတယ် သူ့ဝါသနာက အနုပညာဖြစ်တဲ့အတွက် နိုင်ငံရဲ့ အကြပ်အတည်းနဲ့ ကြုံလာတဲ့အခါမှာ သူ့ဝါသနာကို အရင်းခံပြီး တော်လှန်ရေးမှာ အားတစ်ခုအနေနဲ့ ပါဝင်လာခဲ့တယ်”ဆိုပြီး ထပ်မံ ဆွေးနွေးပါတယ်

နောက်ဆုံးကျန်နေတဲ့ ကိုငပိကလည်း “နိုင်မြန်မာ့ အဖွားပြောသလိုပဲ ကိုယ်စိုက်တဲ့ သီးနှံကို ကိုယ်စားသုံးရမှာပဲ မှန်ပါတယ်။ နိုင်မြန်မာ့ရဲ့ စိတ်ဓာတ်က ဘယ်လောက်တောင် လေးစားစရာ ကောင်းလဲဆိုရင် အခက်အခဲ အကြပ်အတည်းတွေ တပွေ့တပိုက်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ခဲ့တယ် ဆေးသမားနဲ့ ပေါင်းခဲ့ပေမယ့် ဆေးသမားမဖြစ်ခဲ့ဘဲ ဂီတပညာတွေရခဲ့တယ် တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ကမ္ဘာမကြေဘူးသီချင်းကို ရေးသားခဲ့တယ် ဒီသီချင်းကြောင့်မို့ပဲ ၈၈တင်မကဘဲ နွေဦးတော်လှန်ရေးအထိပါ တော်လှန်စိတ်တွေ ပြင်းထန်ခဲ့ရတယ် နိုင်မြန်မာဟာ လေးစားစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပါ”ဆိုပြီး စကားကို အဆုံးသတ်လိုက်ပါတယ်

နောက်ဆုံးမှာ စာရေးသူက “ဒီကစားဝိုင်းကို အနှစ်ချူပ်ရမယ်ဆို နိုင်မြန်မာလို တိုင်းပြည်အတွက် အဖိုးတန်တဲ့ အနုပညာရှင်တွေ အများကြီး ရှိခဲ့သလို အာဏာရှိသူတွေကို ကပ်ဖားပြီး လုပ်စားနေတဲ့ အနုပညာရှင်တွေလည်း အများကြီးပါပဲ။ နိုင်မြန်မာလို ယုံကြည်ရာကို ဖြစ်အောင်လုပ်တက်တဲ့စိတ်တွေ ပေါက်ဖွားမယ်လို့ အတွေးတစ ကျန်ခဲ့ပါတယ်”လို့ပြောရင်း စကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ် ဆရာနိုင်မြန်မာ ကောင်းရာဘုံဘဝရောက်ပါစေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖိုးစနေ ရေးသားသည်။