Home Blog Page 3

အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ပါရာမော်တာများ 

 

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္တရာ နယ်စပ်ကတိုက်ပွဲတွေမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပါတယ်။

ပွင့်ဖြူနဲ့ စေတုတ္တရာနယ်စပ်က ချောင်းဆုံ၊ ရေရင်နဲ့ မုံညှင်းကျေးရွာတွေကို စက်တပ်လေထီးနဲ့ သုံးကြိမ်ဗုံးကြဲခဲ့တဲ့အတွက် သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအထိရှိခဲ့ပါတယ်။ ဒါက ဒီဒေသမှာ စက်တပ်လေထီးနဲ့ ပစ်ခတ်လို့ သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။

အဆိုပါဒေသတွေမှာ မကွေးလေတပ်ဟာ စက်တပ်လေထီးတွေကို သန်းခေါင်ကျော်မနက်အစောပိုင်း အများပြည်သူအိပ်မောကျနေချိန်တွေဖြစ်တဲ့ မနက် ၁ နာရီကနေ ၃ နာရီခွဲကာလတွေမှာ အဓိကအသုံးပြုလေ့ရှိပြီး တချို့တိုက်ပွဲတွေမှာတော့ ဂျက်ဖိုက်တာ၊ MI 35 တွေနဲ့ လာရောက်ပစ်ခတ်တာကိုတွေ့ရတယ်လို့ လေကြောင်းရန်ကာကွယ်ရေးအတွက် စောင့်ကြည့်သူတွေက ဆိုပါတယ်။

စက်တပ်လေထီးတွေက မီးလောင်ဗုံး၊ ၁၂၀မမ၊ ပေါက်ကွဲအားပြင်းလက်နက်တွေကို သယ်ဆောင်လာပြီး လူနေအိမ်တွေကို အဓိကထားတိုက်ခိုက်တာပါ။ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ရေရင်ရွာသား အသက် ၈၀ အရွယ် ဦးလှထွန်းသေဆုံးပြီး အခြားအမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာရကာ နွားငါးကောင်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၂ လုံးပါမီးလောင်ပျက်စီးခဲ့ပါတယ်။

“ပါရာမော်တာတွေက ရေရင်နဲ့ မုံညှင်းမှာအသုံးပြုတဲ့ပုံစံအတူတူပါပဲ။ ပထမဆုံးအနေနဲ့ မီးလောင်ဗုံးကိုအရင်ချတယ်။ လူတွေက မီးလောင်ဗုံးကြောင့် စုနေချိန်မှာပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေကိုချတယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ရဲဘော်တွေဟာ စုဝေးနေထိုင်တာမရှိတာကြောင့် အခုလို တိုက်ခိုက်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတာထင်ရှားတယ်လို့ အဆိုပါရဲဘော်ကပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နောက်ပိုင်းမှာ မကွေးတိုင်းထဲက ပွင့်ဖြူမြို့နယ်ချောင်းဆုံကျေးရွာနဲ့ မဒဲကျေးရွာကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့ပေမယ့် ထိခိုက်မှုပြင်းပြင်းထန်ထန်မရှိခဲ့ပါဘူး။ ဖေဖော်ဝါရီလ ၂၂ ရက်မှာတော့ စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအနီးက ယာတဲစုတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃နှစ်အရွယ်ကလေးငယ်အပါအဝင် ၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်စပ်ကဒေသတွေမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၁ ရက်အထိ အာဏာသိမ်းစစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါရာမိုတာတွေဟာ အဲဒီဒေသက လူစုလူဝေးရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ယာတဲစုတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်ပါတယ်။ အဆိုပါယာတဲစုတွေဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက တည်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စက်တပ်လေထီးတွေဟာ ပေရှစ်ထောင်ကနေ ပေတစ်သောင်း အထိပျံသန်းနိုင်ကြပြီး မိုင် ၃၀ ကနေ ၉၀ အထိ ရွေ့လျားပျံသန်းနိုင်ကာ ပျံသန်းချိန် ၃ နာရီကနေ ၄ နာရီထိကြာမြင့်အောင်ပျံသန်းနိုင်ကြပါတယ်။ စက်တပ်လေထီးတွေကို သုံးစွဲရာမှာ စရိတ်သက်သာတဲ့အတွက် စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က မြေပြန့်ဒေသမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေကဆိုပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ ဖေဖော်ဝါရီ တစ်လတည်းမှာပင် ပွင့်ဖြူ၊ စေတုတ္တရာ၊ ဆိပ်ဖြူ၊ ပေါက်နဲ့ ပုလဲတို့မှာ အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတဲ့ အကြိမ်ရေက ၂၀ ထက်မနည်းရှိခဲ့ပါတယ်။ အဆိုပါစက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က လေတပ်တွေမှာသာမကဘဲ နယ်မြေခံတပ်ရင်းတွေဆီကို ပေးပို့ပြီး ပျံသန်းကျင့်နေပြီလို့ သိရပါတယ်။

ကိုသိန်းတင် ရေးသားသည်။

သစ်ပင်လေးနဲ့ မီးမီးရဲ့ စွန့်စားခန်း 

 

တစ်နေ့မှာ မီးမီးဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ သူ့အိမ်နောက်ဖေးက မြက်ခင်းပြင်မှာ ကစားနေရင်း အသံသေးသေးလေး တစ်ခုကို ကြားလိုက်တယ်။

“မီးမီးရေ! မီးမီး! ငါ့ကို ကယ်ပါအုံး!” ဆိုတဲ့ အသံလေးကိုကြားရတယ်။ အဲဒါကြောင့် သူလှည့်ကြည့်လိုက်တော့ သစ်တုံးလေးပေါ်မှာတင်နေတဲ့ အစေ့သေးသေးလေးတစ်ခုကို တွေ့လိုက်တယ်။

“နင်က ဘယ်သူလဲ?” လို့ မီးမီးက မေးတော့

အစေ့လေးက “ငါက သစ်ပင်ဖြစ်လာမယ့် အစေ့လေးပါ။ ဒါပေမယ့် ငါ့ကို စိုက်ပေးမယ့်သူ မရှိရင် ငါက ကြီးမှာ မဟုတ်ဘူးလေ” လို့ ဖြေတယ်။

အဲဒီမှာ မီးမီးက စိတ်လှုပ်ရှားသွားပြီး “ဟုတ်လား ဟုတ်လား အဲဒါဆို ငါ နင့်ကို စိုက်ပေးမယ်လေ” ဆိုပြီး အိမ်ကနေ ဂေါ်ပြားလေး ယူလာတယ်။ မြေကြီးကို တူးပြီး အစေ့လေးကို ဂရုတစိုက် ထည့်ကာ ရေလောင်းပေးလိုက်တယ်။

ဒီနောက်မှာတော့ မီးမီးက အစေ့လေးစိုက်ထားတဲ့နေရာကို နေ့တိုင်း နေ့တိုင်း ရေလောင်း ဂရုစိုက်ပေးတော့တာပေါ့။ ဒီလိုနဲ့ ရက်ပိုင်းအကြာမှာ အစေ့လေးက အရွက်လေးနှစ်ရွက်နဲ့အညှောင့်သေးသေးလေးဖြစ်လာတယ်။

“မီးမီးရေ နင့်ကြောင့် ငါ အသက်ရှင်ရတာ။ ငါ ကြီးလာရင် နင့်ကို ကူညီပေးမယ်နော်” လို့ အညှောင့်လေးက ပြောလိုက်တယ်။

ရာသီတွေ ပြောင်းလာတော့ အညှောင့်လေးက သစ်ပင်ကြီးတစ်ပင် ဖြစ်လာတော့တယ်။ သစ်ပင်ကြီးမှာ အရွက်စိမ်းစိမ်းတွေ ထူထပ်ပြီး အသီးချိုချိုတွေလည်း သီးတယ်။ နွေရာသီပူပူမှာ မီးမီးနဲ့ သူ့သူငယ်ချင်းတွေ အဲဒီသစ်ပင်ကြီးအောက်မှာ အေးအေးလူလူ ကစားနေကြတာပေါ့။

“မီးမီး၊ ငါ့အရွက်တွေက လေကို သန့်ရှင်းအောင် လုပ်ပေးတယ်။ ငါ့အသီးတွေကိုလည်း နင်တို့စားလို့ရတယ်နော်” လို့ သစ်ပင်ကြီးက ပြောတယ်။

အဲဒီတော့မီးမီးက “ဟုတ်ပါ့ ဟုတ်ပါ့.. နင့်ကြောင့် ငါတို့ အသက်ရှူလို့ ပိုလွယ်တယ်၊ ပူလည်း မပူရဘူး” လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ပြောလိုက်တယ်။

အဲဒီကစလို့ မီးမီးတစ်ယောက် သစ်ပင်စိုက်တာဟာ ဘယ်လောက်အရေးကြီးလဲဆိုတာကို နားလည်သွားတယ်။ သစ်ပင်တွေက လူတွေကို လေကောင်းလေသန့်၊ အရိပ်အာဝါသနဲ့ စားစရာတွေ ပေးတယ်ဆိုတာ မီးမီးက သူ့သူငယ်ချင်းတွေကိုလည်း ပြန်ပြီးပြောပြတယ်။

နောက်ဆုံးမှာတော့ ရွာထဲက ကလေးတွေနဲ့ အတူစုပေါင်းပြီး သစ်ပင်တွေ ထပ်စိုက်ကြတယ်။ အဲဒီလိုနဲ့ မီးမီးဟာ သစ်ပင်တွေ စိုက်တိုင်း ကမ္ဘာကြီးက ပိုပြီးပျော်စရာကောင်းလာတာကိုတွေးရင်း သစ်ပင်လေးတွေနဲ့သာယာလှပတဲ့ ပတ်ဝန်းကျင်မှာနေထိုင်သွားတော့သတဲ့။

အဲလာ ရေးသားသည်။

တော်လှန်ရေးနယ်မြေမှာ ပျောက်ဆုံးနေဆဲ တရားမျှတမှု

 

စစ်တပ် အာဏာစက်သက်ရောက်တဲ့ နေရာဒေသတွေမှာ ပြည်သူလူထုဟာ ဥပဒေမဲ့ပြုကျင့်ခံရမှုတွေကို ဆက်တိုက် ကြုံလာရပြီး လေးနှစ်တာ အာဏာသိမ်းကာလမှာ တရားမျှတမှုဆိုတာ လုံးဝ ပျောက်ဆုံးသွားတဲ့ အခြေထိ ဆိုက်လာပါတယ်။

စစ်ကောင်စီရဲ့ မတရားမှုမှန်သမျှကို အံတုဆန့်ကျင်နေတဲ့ တော်လှန်ရေး စိုးမိုးနယ်မြေက ပြည်သူတွေ အနေနဲ့ရော တရားဥဒေစိုးမိုးပြီး တရားမျှတမှု ပြည့်ပြည့်ဝဝ ရနေကြပါသလား။ တရားမျှတမှုဆိုတာ ပြည်သူတွေအတွက် ရပိုင်ခွင့်ဖြစ်သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အလေးထား ဆောင်ရွက်ကြရမယ့် ကိစ္စရပ်လည်း ဖြစ်ပါတယ်။
အညာဒေသအများစုမှာ စစ်ကောင်စီယန္တယားတွေ မလည်ပတ်တော့ဘဲ NUG ရဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တယားဖော်ဆောင်ခဲ့တာ တချို့ဒေသတွေဆို စစ်အာဏာသိမ်းပြီး လပိုင်းအကြာ ကတည်းက ဒီနေ့အထိပါပဲ။ ဒီနေရာမှာ တော်လှန်ရေးအင်အားစုတွေအကြား ပွတ်တိုက်မှုတွေရှိခဲ့ပြီး လက်နက်ကိုင် အချင်းချင်းကြား ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ လက်နက်ကိုင်ကြားတွေအပြင် လက်နက်ကိုင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထု အကြား ပွတ်တိုက်မှုတွေ အစုံ ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးအားကောင်းလာပြီး စစ်ကောင်စီကို ဖိအား ပေးလာနိုင်တဲ့အချိန်မှာ တော်လှန်ရေးအလွန် ကြားကာလ ကြုံရနိုင်ခြေ အဓိကအချက်နှစ်ချက်ကို နိုင်ငံရေးလေ့လာသူတွေက စိုးရိမ်သောက ဖြစ်လာကြပါတယ်။ အဲဒီအချက်တွေကတော့ လက်နက်အားကိုးပြီး နယ်မြေတွေအလိုက် ကြီးစိုးလာနိုင်မယ့် War Lord (စစ်ဘုရင်) တွေရဲ့ ရန်နဲ့ ကြားကာလ အာဏာလေဟာနယ်ဖြစ်သွားနိုင်မယ့် အခြေအနေတွေကိုပါ။ လူထုတရားမျှတမှုကို ထိခိုက်စေတဲ့ အကြောင်းနှစ်ချက်ပါ။ ဒီတော့ အဲဒီ နှစ်ချက်လုံးကို ရှောင်ရှားနိုင်မယ့် နည်းလမ်းကို ဖော်ဆောင်ရပါလိမ့်မယ်။ အဲဒါကတော့ အုပ်ချုပ်ရေးယန္တရား အားကောင်းပြီး တရားဥပဒေ စိုးမိုးရေးပါဘဲ။

တော်လှန်ရေး လေးနှစ်တာကာလကို ပြန်ကြည့်ရင် ဥပဒေမဲ့လုပ်ရပ်တွေဟာ စစ်ကောင်စီစိုးမိုး နယ်မြေတွေထဲမှာ သာမက တော်လှန်ရေးနယ်မြေတွေထဲမှာလည်း ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာတွေအများကြီးပါ။ ဥပဒေလမ်းကြောင်း ကို မျက်ကွယ်ပြုပြီး လက်နက်အားကိုး ဖြေရှင်းကြရာမှာ သတ်ဖြတ်မှုတွေအထိ ရှိလာပါတယ်။ တရားခံ မဖော်ထုတ်နိုင်တဲ့ မှုခင်းတွေလည်း တစတစ များလာပါတယ်။ ဒါ့အပြင် ပြစ်မှုကျုးလွန်သူတွေကို သိပါလျက်နဲ့ တရားဥပဒေလမ်းကြောင်းအရ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာ၊ အပြစ်ကနေ အကြောင်းအမျိုးမျိုးကြောင့် လွတ်မြောက်နေတဲ့ အခြားသောဖြစ်စဉ်တွေလည်း ရှိနေပြန်ပါတယ်။ ဥပဒေကြောင်းနဲ့ တရားရေး လမ်းကြောင်းထက် အဖွဲ့တွင်းပြစ်မှုပြစ်ဒဏ်တွေနဲ့ ဖြေရှင်းတာမျိုး၊ ဖိအားပေးကြေအေးတာမျိုးတွေလည်း တွေ့နေရ ပြန်ပါတယ်။ တော်လှန်ရေး အကြောင်းပြ လက်နက်နဲ့ အာဏာကိုသုံးပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ တော်လှန်ရေးသမား အမည်ခံတွေလည်း ရှိနေဆဲပါ။

တော်လှန်နယ်မြေအညာမှာ အဲဒီလို ဝေဖန်စရာတွေပြည့်နေဆဲမှာပဲ အညာဟာ စစ်ရေး အရှိန်မြှင့်မယ့် လှိုင်းတစ်ခုလာတော့မယ် ၊ ၂၀၂၅ ဟာ စစ်ရေး အဆုံးအဖြတ်နှစ်ဆိုတဲ့ အသံတွေကလည်း ညံနေပါတယ်။ အဲဒီ အသံတွေနောက်မှာ ရေပန်း စားလာတာကတော့ “စစ်အနိုင်တိုက်ရေး အဓိက” ဆိုတဲ့ စကားပါဘဲ။ အဲဒီစကားနဲ့ ပတ်သက်ပြီး အကောက်အယူ တဖက်စောင်းနင်း မလွဲဖို့တော့လိုပါတယ်။

စစ်အနိုင်တိုက်ရေးလို့ဆိုရာမှာ လက်ရှိအခြေအနေအရ စစ်တပ်နဲ့ နိုင်ငံရေးဆွေးနွေးလို့ မရနိုင်သေးကြောင်းကို ဆိုလိုတာ အဓိကအချက်ပါ။ တော်လှန်ရေးမှာ စစ်အနိုင်တိုက်ရေးသည် ပထမဦးစားပေး၊ စစ်ဖြစ်နေချိန်မှာ နိုင်ငံရေးဆိုတာမရှိဘူးဆိုတဲ့ သဘောပါ။ ရန်သူနဲ့ချိန်ထိုးပြီး ပြောဆိုတဲ့ စကားပါ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် လည်း စစ်တပ်ရဲ့ ငြိမ်းချမ်းရေး စကားတွေဟာ ပါးစပ်ဖျားမှာပဲ ပျောက်သွားမြဲပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးခဲ့တဲ့ စကားဝိုင်းတွေတိုင်းမှာ ဘယ်လိုမှ ဘက်မျှတဲ့ ညှိနှိုင်းအဖြေမျိုးကို မရောက်ခဲ့ပါဘူး။

မကြာခင်က ကူမင်းမှာ ဆွေးနွေးတဲ့ TNLA နဲ့ ဆွေးနွေးပွဲကိုပဲ ကြည့်ပါ။ တစ်ဖက်က ငြိမ်းချမ်းရေး စကားပြောနေပြီး တစ်ဖက်က ဗုံးကြဲပါတယ်။ ဒီလိုအချက်တွေကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့ စကားပြောမယ်ဆိုရင် စစ်ကို အရင်နိုင်အောင်တိုက်ရမယ်ဆိုတဲ့ သဘောပါ။ ဒါကို စစ်ပဲတိုက် ကျန်တဲ့ အုပ်ချုပ်ရေး ယန္တယားတွေ မလိုသေး ၊ အဓိကမကျသေးလို့ အကောက်အယူ မလွဲဖို့လိုပါတယ်။ ရန်သူနဲ့ စစ်အနိုင်တိုက်ရင်း ကိုယ့်ဘက်က အုပ်ချုပ်ရေး လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ ပီပြင်အောင် အကောင်အထည် ဖော်ကြရမှာပါ။ ရခိုင် ၊ ကရင်နီ နဲ့ ကရင်ပြည်နယ်က KNU စိုးမိုးနယ်မြေတွေကိုကြည့်ရင် မြင်သာပါတယ်။ နယ်မြေစိုးမိုးနိုင်ဖို့ စစ်အနိုင်တိုက်ရမှာ ဖြစ်သလို ရလာတဲ့ နယ်မြေတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေလည်း လုပ်ကြရပါတယ်။

ဥပဒေစိုးမိုးပြီး တရားမျှတမှုအားကောင်းဖို့ အုပ်ချုပ်ရေးယန္တယားရဲ့ ပြည်ထဲရေး နဲ့ တရားရေးတွေကို အသက်ဝင်အောင် လုပ်ရပါမယ်။ အုပ်ချုပ်သူရော ပြည်သူရောက ဥပဒေကို လေးစားလိုက်နာ ရပါမယ်။ အဲဒီအကျင့်ကို တစ်ဖက်မှာ စစ်အနိုင်တိုက်ရင်း လုပ်ဆောင်ကြရမှာပါ။ တနည်းပြောရမယ်ဆိုရင် တော်လှန်ရေး အားကောင်းနေဆဲ အညာမှာ စစ်လည်းအနိုင်တိုက် ၊ အုပ်ချုပ်ရေးလည်း အားကောင်းအောင်တည်ဆောက်ဆိုပြီး အပြိုင်သွားနိုင်မှ ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ အုပ်ချုပ်ရေးယန္တယားရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို ပိုပြီးတာဝန်ကျေအောင် ဆောင်ရွက် နိုင်ကြဖို့ပါ။ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အပြောင်းအလဲလုပ်မယ်ဆိုတဲ့ NUG ရဲ့ စီမံကိန်းကလည်း လက်ရှိထိတော့ မြင်သာတဲ့ အပြောင်းအလဲ မတွေ့ရသေးပါဘူး။ အုပ်ချုပ်ရေးအဖွဲ့ဟာ တကယ်အလုပ်လုပ်ဖို့ လိုနေသလို တကယ်လုပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း ဝန်းရံပေးကြဖို့လိုပါတယ်။ တစ်ဖက်မှာလည်း အဲဒီအုပ်ချုပ်ရေးနဲ့ တရားရေးကဏ္ဍ တာဝန်ယူထားရသူတွေဟာ လက်နက်ကိုင်သူတွေရဲ့ ဖိအားတွေကနေ လွတ်ကင်း နေရပါမယ်။ မဟုတ်ရင်တော့ တော်လှန်ရေးနယ်မြေတွေထဲက ပြည်သူတွေအတွက် တရားမျှတမှု ဆိုတာလည်း ပျောက်ဆုံးနေအုံးမှာပါ။

တော်လှန်ရေးနယ်မြေတွေထဲ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရှိရေးဆိုတာ NUG အပါအဝင် တော်လှန်ရေး၊ နိုင်ငံရေး ရည်မှန်းချက် ပြတ်သားတဲ့ လက်နက်ကိုင်တွေ ၊ အောက်ခြေ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ တခြားသော တော်လှန်ရေးအင်အားစုတွေကြား ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကတဆင့် ပြည်သူကို မျက်နှာမူပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။

စစ်အနိုင်တိုက်ရေးအရေးကြီးသလို တစ်ဖက်မှာလည်း အုပ်ချုပ်ရေး နဲ့ တရားဥပဒေစိုးမိုးရေးတွေပါ အားကောင်း လာဖို့ လိုအပ်ပါတယ်။

ဖိုးကျော် ရေးသားသည်။

အာဏာသိမ်းစစ်တပ်က ဆေးရုံဆေးခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ 

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Healthcare Network (Kalay) ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကို ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းက ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ၊ တောင်ပိုင်းတိုက်နယ်ဆေးရုံ၊ Medical Centre (4) နဲ့ လူနာသယ်ပို့နားတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်အသုံးပြုပြီး ဖေဖော်ဝါရီ ၁၃ရက် ၁၄ ရက် နဲ့ ၂၃ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။

“တောင်ပိုင်းတိုက်နယ်ဆေးရုံကို ဖေဖော်ဝါရီ ၁၄ မှာ တစ်ခါကြဲတယ်၊ ၂၃ မှာတစ်ခါကြဲတယ်၊ ဆေးရုံကတော့ အဆောက်အဦအကုန်လုံးနီးပါး ပျက်စီးသွားတယ်၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာရတယ်၊ Medical Center (4) ကို ကြဲတုန်းကလည်း အရေးပေါ်ခွဲစိတ်ကုသမှု လုပ်နေတဲ့အချိန်ကြီး ကြဲချသွားတာ၊ ပြည်သူ ၃ ဦး သေတယ်၊ ထိခိုက်ဒဏ်ရာတွေလည်း ရကြတယ်” လို့ PHN-Kalay ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နယ် မြောက်ပိုင်းက မြောက်ပိုင်းတိုက်နယ်ဆေးရုံကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာတော့ ဆေးရုံကို တိုက်ရိုက်မထိမှန်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာ ဆယ်ရွာထက်မနည်းက အရေးပေါ်စစ်ဘေးရှောင်နေကြရပြီး ဒေသခံပြည်သူ နှစ်သောင်း ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ People’s Healthcare Network (Kalay) အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်စပိုင်းကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပြီး တိုက်ပွဲမရှိတဲ့ ဒေသတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက မှတ်ချက်ပြုပါတယ်။

“စကစဟာ ၂၀၂၄ တစ်နှစ်လုံး ထောက်လှမ်းရေးကောင်းကောင်းလုပ်ပြီး မြေပုံညွှန်းတွေ စုခဲ့ပုံရတယ်။ အများစုတိုက်ခိုက်ခံရတာတွေက တော်လှန်ရေးအင်အားစုတွေ ခရီးသွားရင်း တစ်ထောက်နားတတ်တဲ့နေရာတွေ၊ ထင်ရှားတဲ့ထောက်ပို့လမ်းကြောင်းတွေ၊ ဒဏ်ရာရလူနာတွေကို သယ်ထုတ်ရာလမ်းကြောင်းတွေ၊ တော်လှန်ဆေးရုံနဲ့ကျောင်းတွေ၊ တော်လှန်ရေးအင်အားစုတွေ ရုံးဒါမှမဟုတ် စခန်းအဖြစ် အသုံးပြုနေတယ်လို့ သူတို့ယူဆတဲ့ ယခင်နိုင်ငံတော်ပိုင်အဆောက်အဦတွေဖြစ်နေတာကို တွေ့ရှိရတယ်” လို့ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေ(HPD) ကဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အထူးဂရုပြုသင့်ပြီး လေကြောင်းရန်အကာအကွယ်တွေအတွက် အထူးပြင်ဆင်ထားဖို့ကိုလည်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်က မင်္ဂလာဆောင်တစ်ခုကို အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၁ဦး သေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။

မျှော်စင် ရေးသားသည်။

သောက်သုံးရေ ရှားပါးစပြုလာတဲ့ အညာ

 

နွေနေအပူနဲ့အတူ အညာက ရေကန်ငယ်တွေက ခြောက်ခန်းလုနီးပါး မြင်တွေ့နေရပါပြီ။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ရဲ့ အချို့သောမြို့တွေဟာ သောက်သုံးရေရှားပါးမှုကို စတင်ရင်ဆိုင်နေကြရပါတယ်။

ကျေးရွာတွေကမှီခိုနေရတဲ့ ရေကန်ကြီးတွေမှာ ရေခန်းခြောက်လာတာ၊ အဝီစိတွင်းတွေက ရေထွက်နည်းသွားတာအပြင် အချို့သော စက်ရေတွင်းတွေက ရေစုပ်စက်တွေ ယိုယွင်းလာတာတွေက ဒီဒေသတွေမှာ ဒီလိုကာလအတွင်း ရင်ဆိုင်ကြုံတွေနေရလေ့ရှိတဲ့ အခက်အခဲတွေဖြစ်ပါတယ်။

တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတဲ့ အညာဒေသမှာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ သောက်သုံးရေရှားပါး ပြတ်လပ်မှုကိုတော့ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ ဂရုပြုနိုင်ကြသူ နည်းပါးလွန်းလှပါတယ်။

“လေယာဉ်က ဗုံးလာကြဲလိုက်၊ ရွာကိုမီးလာရှို့လိုက်နဲ့ ရေရှားတဲ့ကိစ္စကို အာရုံမစိုက်နိုင်ကြတော့ဘူး၊ အာဏာမသိမ်းခင်ကတော့ ရေလိုတဲ့နေရာလိုက်လှူပေးကြပေမယ့် အခုတော့ မသေရင်ပြီးရောဆိုသလို ပစ်ထားကြရတာပဲ” လို့ မကွေးတိုင်းချောက်မြို့နယ်ထဲက ကျေးရွာတစ်ခုက ဒေသခံကဆိုပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၈ ရက်နေ့က ကမ္ဘာ့အပူချိန်အမြင့်ဆုံး နံပါတ်တစ်နေရာမှာရှိနေခဲ့ပါတယ်။ အဲဒီနေ့က ချောက်မြို့ရဲ့ အပူချိန်ဟာ ၄၈ ဒဿမ ၂ ဒီဂရီ ဆဲလ်ဆီးယပ်အထိ ရှိခဲ့ပါတယ်။

လက်ရှိကာလမှာတော့ ချောက်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ချောက်မြို့နယ်ထဲက နရွဲတောရွာ၊ ကြပ်ကန်ရွာ၊ ဂွေးပင်ရွာနဲ့ ပျူတွေအထိုင်ချနေတဲ့ ကုန်းကြီးရွာ စတဲ့ရွာတွေမှာသာ ရေရရှိတော့တယ်လို့ ဒေသခံအချို့ကဆိုပါတယ်။ ဒီအတွက် အဲဒီရွာတွေနဲ့ နီးတဲ့ရွာတွေကတော့ အခုချိန်ထိ ရေအတွက် အဆင်ပြေသေးတယ်လို့ဒေသခံတွေက သတင်းပေးပို့ပါတယ်။

အဲဒီလို ရေရရှိတဲ့ရွာတွေနဲ့ ဝေးတဲ့ရွာတွေမှာတော့ တတ်နိုင်သူတွေက သောက်သုံးရေအတွက် အုတ်ကန်အကြီးကြီးတွေနဲ့ ရေလှောင်ထားကြပြီး လက်လုပ်လက်စားတွေကတော့ ရွာမှာရှိတဲ့စက်ရေတွင်းကရေငန်ကို ဂါလံ ၅၀ပါ ရေတစ်စည်အတွက် ကျသင့်ငွေ ၅၀၀ကျပ်ပေးပြီး ဝယ်သုံးကြရတယ်လို့ ဆိုပါတယ်။

“ရေတစ်စည်က တစ်ရက်တောင်မလောက်ဘူး။ တစ်ရက်ကို နွားရှိတဲ့အိမ်ဆို သုံးစည်သုံးရတယ်။ မိသားစုပေါ်မူတည်တယ်။ မိသားစုများရင်များသလိုကုန်တယ်” လို့ အခြေအနေကိုသိတဲ့ ချောက်မြို့နယ်က ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။

တချို့ကတော့ ကန်ရေချိုရှိသေးတဲ့ ကျေးရွာတွေက ရေချိုကို ပြန်သယ်ပြီး ရေရှားပါးတဲ့ ကျေးရွာတွေမှာပြန်ရောင်းကြလေ့ရှိပါတယ်။ ဒီလိုမျိုးပြန်ရောင်းကြချိန်မှာတော့ ထော်လာဂျီတစ်စီးစာ အတွက် ကျသင့်ငွေ နှစ်သောင်းအထိပေးကြရတယ်လို့ဆိုကြပါတယ်။
ဒီလိုပါပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က နှစ်ရှည်စစ်ဘေးရှောင် ပြည်သူတွေလည်း ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ သောက်သုံးရေ ရှားပါးစ ပြုလာတယ်လို့ စစ်ရှောင်ထောက်ပံ့ ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့နယ် မြောက်ဘက်ပိုင်း ကူတော်ကျေးရွာက ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် စစ်ဘေးရှောင် အရပ်သား ၂၅၀ ဝန်းကျင်ဟာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကူတော်ရွာက အရပ်သားတွေ စစ်ရှောင်နေထိုင်နေတဲ့ ဘုတလင်မြို့နယ် မြောက်ဘက်ခြမ်းဟာ ရေတွင်းတူးရင် ပေ ၅၀၀ ထိတူးမှသာ ရေထွက်တဲ့အတွက် ကွန်ပရက်ဆာစက်တွေကိုသာ အသုံးပြုပြီး ရေတင်ရတယ်လို့ သိရပါတယ်။

ကွန်ပရက်ဆာစက်နဲ့ ရေတင်တဲ့အခါ စက်ပျက်တဲ့ ပြဿနာတွေနဲ့ စက်ဆီစျေးနှုန်း မြင့်တက်တာတွေကြောင့် နေ့စဥ် ရေမတင်နိုင်တဲ့အတွက် ရေလုံလောက်မှုမရှိဘဲ အခုလို နွေဦးရာသီ ရောက်လာတဲ့အချိန်မှာတော့ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။

“ကွန်ပရက်ဆာစက် တပ်ဆင်ထားတာ မကြာသေးဘူး။ စက်ရှိလည်း စက်သုံးဆီဖိုးက ရှိသေးတယ်လေ။ ကြာတော့ ရေလုံလောက်မှု မရှိတော့ဘူးပေါ့။ အလှူရှင်ရှိမှသာ ရေကို ပေါပေါသုံးရတာ။ လှည်းနဲ့ကို လာခပ်ယူကြရတာ။ အလှူရှင် မရှိရင်တော့ ဆီရှိမောင်း မရှိရပ်ထားပေါ့ ရေလည်းပြတ်တာပေါ့”လို့ ဘုတလင်မြို့နယ် တာဝန်ခံ မခင်ဝတီက The Nation Voice ကို ပြောပါတယ်။

ဘုတလင်မြို့နယ် ကူတော်ရွာက စစ်ဘေးရှောင်တွေအတွက် ရေတင်ခစရိတ် ငွေကျပ် ငါးသိန်းကို အလှူရှင်တွေကိုယ်စား ဘုတလင်မြို့နယ် တာဝန်ခံအဖွဲ့ (THE HELPERS FOR SPRING)က သွားရောက်လှူဒါန်းချိန် ဖေဖော်ဝါရီ ၂၅ရက်နေ့မှာတော့ အခမဲ့ ရေတင်ပေးနေတဲ့အတွက် ရက်ရှည် စစ်ဘေးရှောင်ပြည်သူများစွာ လှည်းတိုက် လာရောက် ခပ်ယူကြတယ်လို့ ဆိုပါတယ်။

ကွန်ပရက်ဆာစက်ဟာ ရေတောက်လျှောက်ထွက်နေတာမျိုးမဟုတ်ဘဲ ရေကျလိုက် ခဏရပ်သွားလိုက်နဲ့ ရေတင်ရတာလို့သိရပါတယ်။ လူဦးရေ ၁၀၀ ကျော် တစ်ရက်တာ ရေသုံးဖို့အတွက် စက်သုံးဆီ ကုန်ကျငွေဟာ ကျပ် တစ်သိန်းဝန်းကျင် ရှိပြီး လူဦးရေ ၂၅၀ အတွက် ရေလုံလောက်စွာ တင်ရတဲ့အခါမှာတော့ ရေတစ်ခါတင်ရင် ကျပ်နှစ်သိန်းကျော်ဝန်းကျင်အထိ ကုန်ကျတယ်လို့ ဆိုပါတယ်။

အလှူရှင်မရှိဘဲ ရေတင်တဲ့နေ့မှာတော့ စက်သုံးဆီ ကုန်ကျစရိတ်အတွက် ရေတစ်ထမ်းကို ငွေကျပ် ၂၀၀ ကျော် ကောက်ခံတယ်လို့ သိရပါတယ်။

ရက်ရှည် စစ်ဘေးရှောင်ပြည်သူတွေဟာ ကွန်ပရက်ဆာနဲ့ ရေတင်တဲ့အခါ ရေဂိတ်ဝေး(ရေတွင်းအနက်ပေများ)တဲ့အတွက် ရေသန့်တယ်လို့ ယူဆကြပြီး ကျိုချက်သောက်တာ မရှိဘဲ သောက်ရေ သုံးရေ နှစ်မျိုးစလုံးကို အဲဒီရေဘဲ အသုံးပြုကြတယ်လို့ သိရပါတယ်။

“သောက်ကြည့်တာတော့ သံဓာတ်တော့ နည်းနည်းပါတယ်။ ရေကတော့ ကြည်တယ်။ အနယ်ပါတာ ဘာညာတော့ မတွေ့ရဘူး။ ရေတင်ပြီဆို အကုန်ရောက်လာကြတယ် ခွဲတမ်းရယ်လို့တော့ မချဘူးပေါ့။ နိုင်သလောက် ခပ်နိုင်သလောက်ယူ။ အလှူရှင်မရှိဘဲ စက်မောင်း ရေတင်ရင်တော့ ကိုယ်ခပ်သလောက် ကိုယ်ရှင်းဆိုတဲ့ ပုံစံမျိုးပါ။ ဒါကလည်း စက်မောင်းအုံးမှပါ”လို့ မခင်ဝတီက ပြောပါတယ်။

ကွန်ပရက်ဆာစက် မတပ်ဆင်ခင်က အနီးနားက ကျေးရွာတွေထိ သွားရောက်ပြီး ရေတစ်ထမ်းကို ငွေကျပ် ၁၅၀ ပေးကာ ဝယ်ယူသုံးစွဲရတယ်လို့ သိရပါတယ်။ ဘုတလင် မြောက်ပိုင်းက စစ်ရှောင်ပြည်သူတွေအပြင် တောင်ဘက်ပိုင်း ပိုကုန်းရွာမှာလည်း အလားတူ ရေရှားပါးတဲ့ ပြဿာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၂၆၀ ကျော်ရှိတဲ့ ကူတော်ရွာကို တပ်စွဲနေထိုင်ခဲ့ကြတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေဟာ သုံးနှစ်ကျော်ကာလအတွင်း ရွာအတွင်းရှိ လူနေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ကူတော်ရွာကနေ စခန်းစွန့်ခွာသွားခဲ့ပေမယ့် အာဏာသိမ်းစစ်တပ် ရှိခဲ့စဥ်က ထောင်ထားခဲ့တဲ့ မိုင်းကွင်းရန်နဲ့ တစ်ရွာလုံးနီးပါးကို မြင်ကွင်းရှင်း မီးရှို့ဖျက်စီးခဲ့တဲ့အခါ နေထိုင်ဖို့ နေအိမ်မရှိတော့တာကြောင့် နှစ်ရှည် စစ်ဘေးရှောင် ရွာခံပြည်သူတွေအနေနဲ့ ရွာထဲကို ပြန်ဝင်နေထိုင်ဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲက ချောက်မြို့နယ်အပြင် ရေနံချောင်းမြို့နယ်၊ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်တွေက ကျေးရွာတွေဟာ ဖေဖော်ဝါရီ လဆန်းကစလို့ သောက်သုံးရေရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေကြရပါတယ်။

“ဒီမြို့နယ်တွေက ရွာကြီးတွေမှာတော့ ရေတွင်းတွေရှိနေတော့ ရေပြဿနာက အဲဒီလောက် မဖြစ်ကြဘူး၊ တဲတိုက်စုတွေမှာ ဖြစ်ကြတာများတယ်၊ ဒီရာသီမှာ တဲတိုက်စုတွေတော်တော်များများက သဲကျင်းပဲတူးကြရတာ” လို့ မကွေးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။

စစ်အာဏာမသိမ်းမီကာလတွေကတော့ ဒေသခံတွေဟာ ရေရှားပါးပြတ်လပ်နေတဲ့ ဒေသတွေကို ရေဘောက်ဆာကားတွေနဲ့ ရေအလှူအဖြစ် သွားရောက် ကူညီနိုင်ခဲ့ကြပေမယ့် အခုလို စစ်ရေးနဲ့ ငွေကြေးကြပ်တည်းမှုတွေကို တပြိုင်နက်ရင်ဆိုင်နေရချိန်တွေမှာတော့ ကူညီနိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေလို့ ဒေသခံတွေက ဆိုကြပါတယ်။

သွန်းမီ၊ ပေါက်စ‌ ရေးသားသည်။

ကျည်၊ လက်နက် ရေသောက်မြစ်ဖြတ်ရမယ့် မြစ်အနောက်ခြမ်း 

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်ကစလို့ တိုက်ပွဲကြီးငယ်တွေ ဆက်တိုက်ဖြစ်ပွားလာတာဟာ ဖေဖော်ဝါရီ ၆ ရက်နေ့အထိပါပဲ။ ဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ၃၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဓိကထားပြောချင်တာကတော့ ပုသိမ် -မုံရွာလမ်းပိုင်းကို စိုးမိုးထားတဲ့ မင်းဘူး ရင်း ၇၊ ပွင့်ဖြူ ပကဖ နဲ့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တို့ရဲ့ လေးရက်တာ ခုခံစစ် အကြောင်းပါ။

ဒါက ပထမဆုံးအကြိမ် ခုခံစစ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဩဂုတ်လမှာလည်း တစ်ကြိမ်ကြုံခဲ့ပါတယ်။

ဗျူဟာမြောက်ဒေသ မြစ်အနောက်ဘက်ခြမ်းကနေ ရခိုင်ပြည်နယ်အစပ်ထိဆိုရင် ပုသိမ်-မုံရွာလမ်း၊ စလင်း-ဆိပ်ဖြူလမ်း နဲ့ အမ်း-ပဒါန်းလမ်းမကြီးတွေဟာ စစ်ရေးအရသာမက ဆက်သွယ်ရေးအရပါ အရေးပါတဲ့နေရာတွေပါ။ ဒီထဲကမှ ပုသိမ်-မုံရွာလမ်းနဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို စိုးမိုးနိုင်ဖို့၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူတွေ တက်မလာဖို့၊ ထောက်ပံရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုးစားနေပါတယ်။ လမ်းပိုင်းတချို့ကိုလည်း ထိန်းချုပ်စိုးမိုးထားနိုင်နေပါတယ်။

မင်းဘူးခရိုင်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေက စေတုတ္တရာမြို့အနီးက ကြီးအုံ-ကြီးဝတမံ၊ လျှပ်စစ်၊ ဆိုလာထုတ်လုပ်ရေးစက်ရုံနေရာတွေအပါအဝင် အဲဒီဒေသက အထင်ကရနေရာတွေကို ၂၀၂၄ နွေရာသီကတည်းက စိုးမိုးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂ဝ၂၄ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ စစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကိုလည်း ခုခံထားနိုင်ခဲ့ပါတယ်။

မြစ်အနောက်ဘက်ခြမ်းက ခုခံစစ်ဆင်နေတဲ့ တပ်တွေရဲ့အကြောင်းသိသလောက် ရှင်းပြရရင် နယ်မြေချင်းနီးစပ်ရာ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ပညာသင်ယူထားသူတွေဦးဆောင်နေသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အခြေခံစစ်သင်တန်း၊ အရာရှိစစ်သင်တန်း၊ အကြပ်သင်တန်း ပြီးစီးသူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ လက်ရှိအချိန်ထိလက်နက်လူအင်အားသာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို ခုခံနေနိုင်တာပါ။

ဒီလိုခုခံနိုင်နေခြင်းမှာ သေဆုံး၊ ဖမ်းမိဆိုတဲ့ ရလဒ်ပိုင်းအရ ကောင်းပေမဲ့ ဗျူဟာ မြောက်နိုင်ပွဲကောင်းတွေ ရလာဖို့လည်း လိုအပ်နေပါတယ်။ “လုံလောက်တဲ့ ထောက်ပံ့မှုတွေကိုသာ ရမယ်ဆိုရင် စစ်ကြောင်းတစ်ကြောင်းလုံးကို ဖွဲ့စည်းပုံပျက်သွားတဲ့အထိချေမှုန်းတိုက်ခိုက်နိုင်ခဲ့မှာ ဖြစ်တယ်”လို့ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ဆိုပါတယ်။

တိုက်ခိုက်ရေးအတွေ့အကြုံ မရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပွင့်ဖြူမြို့နယ်က ဝါစိုက်ပျိုးရေးတပ်၊ စလင်းမြို့နယ်က တပ်မ ၁ဝ၁ လက်အောက်ခံ ခလရ ၂၅၃၊ ၂၅၄၊၂၅၅ နဲ့ စေတုတ္တရာက က.ပ.စ ၂၀ အပြင် ပွင့်ဖြူမြို့နယ်က ပျူစောထီးတွေဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အဓိကလှုပ်ရှားနေကြတာပါ။

မကွေးလေတပ်ကနေ လေယာဉ်ပျံသန်းချိန် ငါးမိနစ်တောင်မကြာတဲ့ ဒေသတွေကို နယ်မြေစိုးမိုးမှုယူဖို့ဆိုတာ တကယ်တော့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေကို အားပြုနေရတဲ့ အာဏာသိမ်းစစ်တပ်

ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ပဲ အာဏာသိမ်းစစ်တပ်က ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ လေကြောင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အင်ဂျင်တပ်စက်လေထီးတွေ သုံးပြီး ဗုံးကြဲချတာတွေကိုပါ နေ့စဉ်ဆိုသလို ပြုလုပ်နေတာပါ။ ဒီကြားထဲကမှ ကာကွယ်ရေးအဖွဲ့တွေက တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ရှေ့တိုးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ပွင့်ဖြူမြို့နယ်က တပ်တွေဟာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းစတက်စဉ်ကတည်းက အချိန်ကြာမြင့်စွာခုခံထားနိုင်ပေမဲ့ ထောက်ပို့ကျည်မလုံလောက်မှုတွေကြောင့် နောက်ပြန်ဆုတ်ဆုတ် ပေးရတာမျိုးတွေလည်း ရှိနေပါတယ်။ ဒါ့အပြင်တိုက်ပွဲဝင်ရဲဘော်တွေရဲ့ အဆောင်ယောင်တွေမှာလည်း ကျောပိုးအိတ်တောင် စုံလင်တာကို မတွေ့ရပါဘူး။

ကြီးအုံ၊ ကြီးဝ တမံဘက်ကို ဦးတည်တဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှာ တပ်မ ၁၀၁ ဘတ်တံဆိပ်၊ ၂၅၃ နဲ့ က.ပ.စ၂ဝ ဘတ်တံဆိပ်တွေကိုလည်းတွေ့ရပါတယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၃ရက်မှာ ပွင့်ဖြူမြို့နယ်၊ မဲဇလီ ရဲစခန်းကနေစတင် ထိုးစစ်ဆင်လာတာပါ။ အဲဒီစစ်ကြောင်းက ကာကွယ်ရေးအဖွဲ့တွေ ခြေကုပ်နေရာယူထားတဲ့ ကြီးအုံကြီးဝတမံ လမ်းခွဲ သုံးမိုင်ပေါက်ကို ကျားတက်တက် လာခဲ့ပါတယ်။

သုံးမိုင်လမ်းခွဲမှာ ကာကွယ်ရေးအဖွဲ့တွေက မိနစ် ၃၀ မျှ ကာကွယ်ပစ်ခတ်နိုင်ခဲ့ ပြီး အာဏာသိမ်းစစ်တပ်ဘက်က အထိခိုက်များစွာရှိခဲ့ပါတယ်။ တိုက်ပွဲတွေပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်မှသာ အထိအခိုက်များတယ်ဆိုတာကို သွေးကွက်များစွာက အတည်ပြုနေခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ ဝင်တွေကဆိုပါတယ်။

ဒီတိုက်ပွဲမှာ နာရီဝက်မျှခုခံပြီးတဲ့နောက် ကျည်မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က သုံးမိုင်လမ်းခွဲကနေ ရုန်းပင်ရွာလမ်းအတိုင်း ကြီးအုံကြီးဝတမံဆီကို တက်လာခဲ့ပြီး ကြီးအုံကြီးဝတမံ ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာရောက်ခဲ့ပါတယ်။ ၅ ရက်နေ့နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ကာကွယ်ရေးအဖွဲ့တွေနေရာယူထားတဲ့ တမံကုန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲဟာ တစ်နာရီခွဲမျှ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေအထိနာလို့ လေကြောင်းနဲ့သာမက ၈၁ မမ လက်နက်ကြီး ပစ်ကူတောင်းတဲ့အသံတွေကိုပါ ကြားနေရတဲ့အထိကို အနီးကပ်တိုက်ပွဲက ပြင်းထန်ခဲ့တာပါ။

တစ်နာရီခွဲမျှတိုက်ပွဲ ဖြစ်ပွားပြီးချိန်မှာတော့ ကာကွယ်ရေးအဖွဲ့တွေက တမံကုန်းဘက်ကနေ ဆုတ်ခွာပေးခဲ့ပါတယ်။ အဲဒီလို ဆုတ်ခွာပေးလိုက်ချိန်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ချက်ခြင်းစစ်ကြောင်းတက်နိုင်တာမျိုး မဟုတ်ဘဲ တိုက်ပွဲပြီးနောက်ရက်မှသာ တမံကုန်းပေါ်ကို ရောက်နိုင်ခဲ့ပါတယ်။ ဒေသခံတွေရဲ့အဆိုအရတော့ အဆိုပါနေရာတွေမှာ ပုပ်စော်တွေနံနေပြီး နယ်မြေ ရှင်းလင်းရေး မလုပ်ရသေးဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက် မနက်ပိုင်းမှာတော့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းက ၁၀၀ ဝန်းကျင်သာ ကျန်ရှိပြီး တမံကနေ မဲဇလီစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားပါတယ်။ ဆုတ်ခွာသွားတဲ့ စစ်သားတွေဟာ အလာတုန်းက တစ်ယောက်ကို လက်နက်ငယ်တစ်လက်သာပါခဲ့ပေမဲ့ အပြန်မှာတော့ တစ်ယောက်ကို လက်နက်ငယ် ၂ လက်စီပြန်သယ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တကယ်တော့ ဒီလက်နက်ငယ်တွေ ဟာ ကာကွယ်ရေးအဖွဲ့တွေက ရရှိရမယ့် လက်နက်ငယ်တွေပါ။ ကျည်လုံလောက်လို့ နောက်ထပ်အချိန်နည်းနည်းသာ ပစ်ထားနိုင်ပြီး တန်ပြန်ထိုးစစ်ဆင်နိုင်မယ်ဆိုရင် အဲဒီစစ်ကြောင်းဟာ နောက်ကိုလန်ပြီးပြေးမယ်ဆိုတာ သေချာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက မချိတင်ကဲဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ နောက်ဆုံးကျည် တစ်ဘောက်စာပဲ ကျန်တော့တာကြောင့် မတတ်သာဘဲဆုတ်ခွာပေးခဲ့ရတာပါ။

ရခိုင်ပြည်နယ်မှာတော့ အာရက္ခတပ်တော်ကအောင်ပွဲတွေရနေပါတယ်။ အာရက္ခတပ်တော်ရဲ့ အဓိကအားသာချက်က ရှေ့တန်းကို မရောက်ရောက်အောင်ထောက်ပို့လုပ်နိုင်တာပါပဲ။ ရိက္ခာ၊ ကျည် လုံလောက်အောင် ထောက်ပို့လုပ်နိုင်တဲ့အတွက် ရှေ့တန်းရဲဘော်တွေဟာ အားမာန်အပြည့်နဲ့ ထိုးစစ်ဆင်နိုင်နေတာ၊ အောင်ပွဲတွေယူနေတာပဲဖြစ်ပါတယ်။

ကျည်ချေးငှားတိုက်နေရတဲ့ ဒေသခံတပ်ဖွဲ့တွေနယ်မြေစိုးမိုးမှုယူထားတဲ့ မင်းဘူးခရိုင်တပ်ရင်းတွေကတော့ သူတို့မှာရှိပြီးသား ကျည်တွေကိုသာ ချွေတာသုံးစွဲနေရတာဖြစ်ပြီး၊ ကျည်ကုန်လျှင် ချေးငှားပစ်ခတ်နေရဆဲ ဖြစ်ပါတယ်။ မင်းဘူးခရိုင်ထဲမှာ လှုပ်ရှားနေတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့တပ်ရင်း၊ တပ်ဖွဲ့တွေ ပကဖတွေများပါတယ်။ ဒီတပ်ရင်း၊ တပ်ဖွဲ့တွေဟာလည်း သက်ဆိုင်ရာခရိုင်၊ တိုင်းကွပ်ကဲမှုအဆင့်ဆင့်ယူပြီး (COC တည်ဆောက်ပြီး) တပ်တွေပါ။

ဒီအဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့ပြနဲ့ အနီးကပ်ဆုံးနေရာတွေထိ ကပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီကစတွက်ရင် တစ်နှစ်နီးပါးကြာမြင့်တော့မယ့်အချိန်မှာ ဒီတိုးထားတဲ့နေရာတွေကို ထိုးစစ်ဆင်လာရင် နောက်ဆုတ်ပေးရစမြဲပဲ ဖြစ်နေခဲ့ပါတယ်။ အခုလို နောက်ဆုတ်ပေးရတဲ့ အဓိကအချက်ကတော့ ကျည်၊ လက်နက်၊ ခဲယမ်း အချိန်မီမဖြည့်တင်းနိုင်လို့ပဲ ဖြစ်ပါတယ်။ NUG အနေနဲ့ ခဲ၊ ယမ်း ကျည် ဖြည့်တင်းပေးဖို့ အကန့်အသတ်ရှိနိုင်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်၊ ကျည်ရေသောက်မြစ်ဖြစ်တဲ့ ကပစစက်ရုံတွေရှိတဲ့ ဧရာဝတီမြစ်အနောက်ခြမ်းရဲ့ အရေးပါမှုကို စစ်ရေးအမြင်နဲ့ ဦးဆောင်မှုပေးဖို့ လိုအပ်လှပါတယ်။

NUGရဲ့စစ်အမြင်အားနည်းမှု ဦးဆောင်မှု မပေးနိုင်မှုတို့နဲ့ပတ်သက်လို့ မင်းဘူးခရိုင်က စစ်ရေးအကဲခတ်သူတစ်ဦးက “NUG အနေနဲ့ ဒီနယ်မြေတွေကို သူတို့ဘာလုပ်ချင်လဲဆိုတာ သူတို့ကိုယ်တိုင် သိဖို့လိုတယ်။ PDF တွေကတော့ ကိုယ့်နယ်မြေကိုယ် ပြန်အခြေချတာလို့ပြောနေပေမဲ့ အဓိကကွပ်ကဲနေတာက စစ်ဒေသကလေ။ အဲဒီတော့ သူတို့ဒီနယ်မြေတွေရဲ့ အရေးပါမှုကို သေချာသိတယ်။ စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ပဲ လိုတော့တာ” လို့ လက်ရှိအခြေနေနဲ့ပတ်သက် ပြီး မှတ်ချက်ပြုပါတယ်။

ကိုသိန်းတင် ရေးသားသည်။

အညာလူငယ်တွေ အင်တာနက် သုံးမလား၊ ဖြုန်းမလား

 

သင်သည် အညာဒေသတွင် နေထိုင်သည့် လူငယ်တစ်ဦး၊ သို့မဟုတ် မိဘဆရာတစ်ဦး၊ သို့မဟုတ် တော်လှန်ရေးသမားတစ်ဦး သို့တည်းမဟုတ် NUG အစိုးရအောက်မှ ပြည်သူ့ဝန်ထမ်းတစ်ဦးဦး ဖြစ်မည်ဆိုပါစို့။ အညာဒေသ တော်လှန်ရေးစိုးမိုးနယ်မြေရှိကျေးရွာတစ်ရွာမှ စတားလင့်အင်တာနက် ဆိုင်တစ်ဆိုင်သို့ သွားရောက် လေ့လာစေလိုပါသည်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်သည့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ကို ကနဦးရှေ့ပြေး ပိတ်ဆို့မှုအဖြစ် ၂၀၂၁ စက်တင်ဘာလလယ်ကတည်းက အင်တာနက်ဖြတ်လိုက်သည်။ ယင်းသို့ မိုဘိုင်းအင်တာနက်များ ပိတ်လိုက်သည့်အတွက် တော်လှန်ရေးကို များစွာထိခိုက်မည့်အကြောင်းနှင့် သတင်းအချက်အလက် အချိန်မီ မရနိုင်တော့ကြောင်းအပြင် လူငယ်များအတွက် အင်တာနက်မှတဆင့် ရရှိနိုင်မည့် ပညာသင်ယူနိုင်ခွင့်များပါ ဆုံးရှုံးသွားကြောင်း ပြောဆိုခဲ့ကြသည်ကို မှတ်မိနေပါသည်။ အမှန်တကယ်တွင်လည်း အင်တာနက်ဖြတ်တောက်ခံရခြင်းက တော်လှန်ရေးနှင့် လူမှုစီးပွားရေးများတွင် ထိခိုက်သည်များရှိခဲ့ပါသည်။ သို့သော် တော်လှန်ရေးသည် အင်တာနက်ဖြတ်တောက်လိုက်သော်လည်း အောင်မြင်မှုများစွာရှိခဲ့သည်မှာ ယနေ့ အခြေအနေများက သက်သေပြနေသည်။

အညာသားများသည် မိုဘိုင်းအင်တာနက်ဖြတ်ထားသည့်ကာလတွင် နည်းနာအမျိုးမျိုးဖြင့် အင်တာနက်ရအောင်သုံးခဲ့ကြသည်မှာလည်း ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ကြပါလိမ့်မည်။ သည်လိုနှင့် ၂ဝ၂၄ ခုနှစ်သို့ ရောက်လာသည့်အခါ စတားလင့်အင်တာနက်သည် အညာဒေသကျေးရွာများသို့ ရောက်ရှိလာပြီး လက်ရှိဆိုလျှင် အချို့တော်လှန်ရေး စိုးမိုးဒေသများတွင် ရွာတိုင်းနီးပါး စတားလင့်ဝန်ဆောင်မှုရှိပြီး၊ အနိမ့်ဆုံး နှစ်ရွာလျှင် တစ်ဆိုင်လောက်အထိ ရှိလာပြီး ဖြစ်သည်။ အညာဒေသတော်တော်များများတွင် ယင်းသို့ မြန်မာပြည်မိုဘိုင်းအင်တာနက်ထက် ဈေးသက်သာပြီး၊ လိုင်းအားပိုကောင်းသည့် စတာလင့်များရောက်လာခြင်းကြောင့် အညာဒေသလူငယ်များ၏ တိုးတက်ဖွံ့ဖြိုးမှု အရှိန်မြှင့်လိုက်နိုင်ပြီလား။ အထက်တွင်ပြောခဲ့သလို လူကြီးမင်းကိုယ်တိုင် စတားလင့်အင်တာနက်ဆိုင်များသို့ လေ့လာရေးခရီး ဆင်းကြည့်ဖို့ တိုက်တွန်းလိုပါသည်။

ကျနော်တို့အနေဖြင့် အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်နေသည်ဖြစ်ရာ အာဏာမသိမ်းမီကာလ အခြေအနေများကဲ့သို့ ကိုယ့်သားသမီးများကို ပိုနေမြဲ၊ ကျားနေမြဲ ပစ်ထား၍မရသည်ကို ကောင်းကောင်းသဘောပေါက်ရပါမည်။ အာဏာရှင်များသည် ပြည်သူအ,လေအကြိုက်တွေ့လေ ဖြစ်သည်။ ပိုပြီး အရေးကြီးသည်မှာ စနစ်တစ်ခုကို တိုက်ထုတ်မည်ဆိုပါက စနစ်ကျမှ ရလိမ့်မည်ဆို သည့်အချက်ပင်ဖြစ်သည်။

အညာမှ စတားလင့်အင်တာနက်ဆိုင် များသို့ ရောက်သည့်အခါ လူငယ်များ ဖုန်းကိုယ်စီနှင့် ပျော်ရွှင်နေသည်ကို တွေ့နိုင်ပါသည်။ အချို့က Tik Tok ကြည့်မည်၊ အဝေးက သူငယ်ချင်းများနှင့် စကားပြောမည်၊ ဆိုရှယ်မီဒီယာတစ်ခုခုကို အသုံးပြုနေမည်။ ယူကျုမှတဆင့် ပညာရပ်ဆိုင်ရာများရှာသူ၊ ဝက်ဆိုဒ်တွင် စာဖတ်နေသူများလည်း ရှိနိုင်သည်။ အွန်လိုင်းသင်တန်း (သို့မဟုတ်) ကျောင်းတက်နေသူလည်းရှိနိုင်သည်။ အစည်းအဝေးတက်သူများလည်းရှိနေနိုင်သည်။ အွန်လိုင်းဂိမ်းနှင့် နပန်းလုံးနေသူလည်း ရှိနိုင်သည်။ ယင်းသို့ ဝါသနာပါရာ၊ ဝါသနာမပါသော်လည်း အလုပ်တခု (သို့မဟုတ်) ပညာရပ်တစ်ခုအဖြစ် ရှာနေလုပ်နေသည့် လူငယ်များလည်း ရှိနေနိုင်ပါသည်။ သို့သော် အများစုမှာ အင်တာနက်ဆိုင်တွင် လာရောက်အပျင်းဖြေသူများက ပိုများပါသည်။ ကိန်းဂဏန်းအချက်အလက်အရ ပြောရခက်လှသော်လည်း ယင်းမှာ တကယ့်မြေပြင် အရှိတရားဖြစ်သည်။ အထက်တွင် ပြောခဲ့သလို တော်လှန်ရေးကာလသည် တော်လှန်ရေးလုပ်ရင်း လူငယ်များ၏ ဉာဏ်ပညာဓားသွားကို သွေးနေရမည့် အချိန်ဖြစ်သည်။

လူငယ်များ အင်တာနက်အသုံးပြုရာတွင် ဖျော်ဖြေရေးအဖြစ် အသုံးပြုမှုများကို နားလည်လက်ခံရမည် ဖြစ်သော်လည်း မိဘဆရာသမားများက ထိန်းကြောင်းပေးဖို့ လိုပါသည်။ ယင်းသို့ ဖျော်ဖြေရေးသက်သက် အသုံးပြုချိန်များကို ကန့်သတ်ပေးပြီး မိမိနှင့်ကိုက်ညီမည့် အွန်လိုင်းသင်တန်းတစ်ခုခုကို တက်ရောက်စေသင့်သည်။ တစ်ယောက်ကစပြီး တက်လိုက်သည်ဆိုလျှင် အင်တာနက်လာရောက်သုံးသူ အချင်းချင်းကြား နောက်ထပ် အွန်လိုင်းသင်တန်းတက်သူများ ထပ်မံ ပေါ်ပေါက်လာပါလိမ့်မည်။ လူငယ်များနှင့် ကိုက်ညီမည့် အွန်လိုင်းသင်တန်းများကို မိဘ ဆရာများ၊ အင်တာနက်ဆိုင်ပိုင်ရှင်များက ဦးဆောင်မျှဝေပေးနိုင်ရန်လည်း စီစဉ်ထားသင့်သည်။ လူငယ်များအနေဖြင့် အင်တာနက်ကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲဆိုသည်ကို သိသော်လည်း လက်တွေ့လိုက်နာလုပ်ကိုင်ဖို့ရန် အထနှေးနေနိုင်ပါသည်။ နားလည်တတ်ကျွမ်းသူများ၊ မိဘဆရာများ က တွန်းရပါလိမ့်မည်။

လတ်တလော စစ်မှုထမ်း လူစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကြောင့် အညာမှ လူငယ်များသည်လည်း ခရီးထွက်လျှင် မလုံခြုံတော့ပါ။ တဖက်တွင်လည်း တော်လှန်ရေးလုပ်ရင်း၊ ကိုယ့်ရပ်ကိုယ့်ရွာနေရင်း အာဏာရှင်အောက်တွင် စိတ်ဓာတ်ကျဆင်းမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာများလည်း အနည်းနှင့်အများ ရင်ဆိုင်နေကြရမည်ဖြစ်သည်။ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ၊ လမ်းပျောက်နေသည်ဟု ညည်းတွားသည့် လူငယ်များစွာလည်း ရှိနေသည်။ ဆေးစွဲ ၊ အရက်စွဲ လူငယ်များလည်း တွေ့နေရပြန်သည်။ ကျောင်းပြင်ပရောက်နေသည့် လူငယ်အများအတွက် လမ်းကြောင်းမမှားရန် ကျနော်တို့ ဝိုင်းဝန်း ကူညီဖို့လိုပါသည်။

အင်တာနက်ဆိုင်များသည်လည်း အွန်လိုင်းအသုံးပြုသည့် နေရာများစီစဉ်ရာတွင် ပုံမှန်အသုံးပြုသူများအတွက် နေရာများအပြင် Private area (သီးသန့်နေရာများ) စီစဉ်ပေး သင့်ပါသည်။ သီးသန့်ဆိုသည်မှာ အဆင့်အတန်း သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ အစည်းအဝေးတက်ရန် (သို့မဟုတ်) သင်တန်းတက်ရန် ဆူညံသံနည်းသည့် အခန်းမျိုးပြင်ဆင်ထားရန် ဆိုလိုခြင်းဖြစ်သည်။ ယင်းအစီစဉ်အတွက် သက်ဆိုင်ရာ ပအဖ အဖွဲ့များက ဦးဆောင်ပြီး အင်တာနက်ဆိုင်များနှင့် ညှိနှိုင်း ပေးလျှင် အခက်အခဲရှိမည်မဟုတ်ပါ။

ယင်းသို့ အင်တာနက်ဆိုင်တစ်ဆိုင်က စတင်ပြီးလုပ်ကိုင်ပြလိုက်လျှင်ပင် ယဉ်ကျေးမှုတစ်ခုလို ပြန့်နှံ့သွားနိုင်ပါသည်။ အချို့ဆိုင်များတွင် ယင်းသို့ သီးသန့်နေရာလေးများစီစဉ်ထားသည်ကိုလည်း တွေ့နေရပြီလည်း ဖြစ်ပါသည်။ ကလေး၊ လူငယ်များသည် ဂိမ်းလည်းဆော့ သင်တန်းလည်းတက် ဆိုသလို။ တော်လှန်ရေးသမားများသည်လည်း တော်လှန်ရေးလည်းလုပ် သင်တန်းလည်းတက် ဖြစ်နေရပါလိမ့်မည်။ တော်လှန်ရေးပြီးမှ ဆိုသည့် စီမံကိန်းများတွင် ပညာရေးကို ထည့်တွက်မရပါ။ ဒါကြောင့်လည်း NUG ကြားကာလပညာရေးကို အခက်အခဲအန္တရာယ်များကြားမှ မရ၊ ရအောင် ရုန်းကြရခြင်း ဖြစ်သည်။ ကျနော်တို့အဖို့ တစ်ယောက်စီတိုင်းတွင် ကြားကာလအစီအမံကိုယ်စီဖြင့် ကောင်းစွာတည်ဆောက်ရင်း တော်လှန်နေရမည်ဖြစ်သည်။ ပညာရပ်တစ်ခုခုအတွက် လက်လှမ်းမီသမျှ ထွက်ပေါက်ရှာ ကြိုးစားရပါလိမ့်မည်။ ရပ်တန့်နေခြင်း၊ တွေဝေနေခြင်း၊ စောင့်ဆိုင်းနေခြင်းများကို ရှောင်ကာ အခက်အခဲများကြား လက်တွေ့ကျကျ လုပ်ကြရပါလိမ့်မည်။

အထက်ကပြောခဲ့သလိုပင်။ စနစ်တစ်ခုကိုတိုက်ဖို့ စနစ်တကျတွေးပြီး စနစ်တကျ တိုက်ရပါလိမ့်မည်။ တော်လှန်ရေးကာလတွင် အင်တာနက်သုံးသည်ကအစ စနစ်ကျဖို့လိုပါသည်။

ဖိုးကျော် ရေးသားသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း 

 

ဒီတစ်ပတ်မှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ တစ်နည်းအားဖြင့် ဆီးပိုးဝင်ခြင်း အကြောင်းကို မျှဝေချင်ပါတယ်။ ဆီးထုတ်ပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်ထိ လမ်းကြောင်းတစ်လျှောက်ကို ဆီးလမ်း ကြောင်းလို့ ခေါ်ပါတယ်။ ဝမ်းထဲကနေပါလာတဲ့ ဘက်တီးရီးယားပိုးတချို့ ဆီးလမ်းကြောင်းထဲကို ဝင်တာကြောင့် ဆီးပိုးဝင်ခြင်းကို ဖြစ်စေပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးထုတ်ပြွန်တိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ လိင်ဆက်ဆံခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်ကျောက်တည်ခြင်း၊ ဆီးပိုက်ကြာရှည်ထည့်ထားရခြင်း၊ အသက်ကြီးတဲ့အမျိုးသားများ ဆီးကြိတ်ရှိခြင်းကြောင့် ဆီးသွားရခက်နေခြင်းများအပြင် ဆီးချိုရောဂါရှိသူနဲ့ ကင်ဆာဓာတုကုထုံးကုသခြင်းခံနေရသူတွေလို ကိုယ်ခံအားနည်းနေသူများ၊ ရေသောက်နည်းသူများ၊ လိင်အင်္ဂါနဲ့စအိုတဝိုက် သန့်ရှင်းရေးအားနည်းသူများ၊ ဝမ်းချုပ်တတ်သော ကလေးငယ်များ၊ ဆီးသွားချင်လျက် မသွားဘဲ အောင့်ထားတတ်သူများမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကတော့ ဆီးသွားလျှင် ဆီးပူ၊ ဆီးကျဉ်၊ ဆီးအောင့်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ပုံမှန်ထက် မကြာခဏ ဆီးသွားချင်နေခြင်း၊ ပုံမှန်လောက် ဆီးမထိန်းထားနိုင်ဘဲ အပြေးသွားရခြင်း၊ ဆီးထွက်ကျခြင်း၊ ညဘက်တွေမှာ ပုံမှန်ထက် ဆီးထသွားတဲ့အကြိမ်ရေပိုများ နေခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးထဲသွေးရောင်ပါခြင်း၊ ချက်အောက်ပိုင်းနှင့် ဆီးစပ်နေရာများ ကိုက်ခဲနာကျင်ခြင်း၊ ခါးကိုက်ခါးနာခြင်း၊ အဖျားတက်ကာ ချမ်းတုန်နေခြင်း၊ ကိုယ်အပူချိန်ကျကာ အေးစက်နေခြင်းတွေ ဖြစ်ပါတယ်။

ကလေးငယ်တွေမှာဆိုရင် လည်ပင်း၊ ကျော၊ ဗိုက်နေရာများ ပုံမှန်ထက် ပိုပူနေခြင်း၊ နေမကောင်းသလို ဖြစ်နေခြင်း၊ ဆီးပေါက်ချခြင်း၊ ဆီးထွက်ကျခြင်း၊ အဖျားတက်ခြင်း၊ အစားကောင်းကောင်း မစားခြင်း၊ ဂျီကျခြင်း စတဲ့ လက္ခဏာများပြတတ်ပါတယ်။ အသက် အရွယ်ကြီးတဲ့ အဖိုးအဖွားများနဲ့ အိပ်ရာထဲ လဲနေတဲ့ လူနာများမှာ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပုံမှန်ထက် စိတ်တိုစိတ်ဆတ်နေခြင်း၊ ပုံမှန်ထက်ပို၍ ဆီးထွက်ကျခြင်း၊ ဆီးပေါက်ချခြင်း၊ မေးရိုက်ပြီးချမ်းတုန်နေခြင်းများ ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ မပြင်းထန်ဘဲ ဆီးပူ ဆီးကျဉ်ရုံလောက်သာဆိုရင် ရေများများသောက်ခြင်း၊ ဆီးများများသွားခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ (၂) ရက်ခန့်ကြာသည်အထိ မသက်သာဘဲ အဖျားကြီးပြီး ချမ်းတုန်ခြင်း၊ ဆန့်ကျင်ဘက်ဖြစ်သော အေးစက်နေခြင်း၊ အလွန်နုံးခွေလာခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ ဆီးထဲသွေးပါခြင်း စတဲ့ ပိုပြင်းထန်တဲ့ လက္ခဏာတွေပြလာရင်တော့ ဆေးရုံဆေးခန်းသွားပြီး ကုသမှုခံယူဖို့လိုပါမယ်။

အကယ်၍ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကို ပထမဆုံးအကြိမ် စတင်ခံစားဖူးခြင်း၊ ခံစား ရသူမှာ ကလေးငယ် သို့မဟုတ် အဖိုးအဖွားများ၊ အခြားရောဂါအခံရှိသူ၊ ကိုယ်ဝန်ရှိသူများ ဆိုလျှင်လည်း ဆေးရုံဆေးခန်းမှာ ကုသမှုခံယူရပါမယ်။ လိုအပ်လျှင် ဆီးစစ်တာ၊ ဆီးပိုးမွေးပြီး ပိုးအမျိုးအစားရှာဖွေတာတွေ လုပ်ဖို့လိုပါမယ်။

ကုသမှုမှာ အဖျားတက်၊ နာကျဉ်ကိုက်ခဲခြင်းတွေအတွက် အကိုက်အခဲပျောက်ဆေးနဲ့ ဘက်တီးရီးယားအတွက် သင့်လျော်တဲ့ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရပါမယ်။ ဆေးတစ်ကြိမ်၊ နှစ်ကြိမ်သောက်ပြီး သက်သာသွားရင်လည်း ဆေးကိုရပ်မပစ်ဘဲ အကြိမ်ရေမှန်အောင်၊ ရက်ပြည့်အောင် သောက်ဖို့လိုပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေဟာ ရက်ပြည့်အောင် မသောက်ရင် ဆေးယဉ်ပါးသွားတတ်ပြီး နောက်အကြိမ်တွေမှာ ဆေးမတိုးတော့တာ မျိုး ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်စေရန် ကာကွယ်နိုင်ဖို့ ကျင့်သုံးနိုင်တဲ့ ကိစ္စတွေကတော့ အိမ်သာသွားပြီးလျှင် ဆေးကြောသည့်အခါ အရှေ့မှ အနောက်ကို ဆေးရန်၊ လိင်အင်္ဂါတဝိုက်ကို သန့်ရှင်းအောင်ထားရန်၊ ဆီးမအောင့်ထားရန်၊ ဆီးသွားရင် ဆီးကုန်အောင်သွားရန်၊ ရေများများ သောက်ရန်၊ လိင်မဆက်ဆံမီနှင့် လိင်ဆက်ဆံပြီးချိန်များတွင် လိင်အင်္ဂါတဝိုက်ကို ရေဖြင့်ဆေးကြော ရန်၊ လိင်ဆက်ဆံပြီးလျှင် ချက်ချင်းဆီးသွားရန်၊ မိမိနှင့် မတည့်သောအကာအကွယ်သုံး ကွန်ဒုံးများ မသုံးဘဲ တည့်သောအမျိုးအစား ပြောင်းသုံးရန်၊ ဒိုင်ပါကဲ့သို့သော အမျိုးသမီးလစဉ်သုံးပစ္စည်းကဲ့သို့သော အညစ်အကြေးခံပစ္စည်းများ အချိန်ကြာကြာ စိုမနေစေဘဲ လဲလှယ်ရန်၊ သန့်ရှင်းခြောက်သွေ့သော ပွပွ ချောင်ချောင် ချည်ထည်အတွင်းများ ဝတ်ဆင်ရန် တို့ဖြစ်ပါတယ်။

ဆောင်ရန်ရှောင်ရန်များနဲ့ သတိပြုရမယ့် အရေးကြီးလက္ခဏာများကို ဂရုစိုက်ခြင်းဖြင့် ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း၊ အချိန်ကြာရှည်စွာပိုးဝင်ခြင်းများ မဖြစ်အောင် ကာကွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

CDM အထွေထွေဆရာဝန် ဒေါက်တာစန္ဒီ ရေးသားသည်။

ပန်းကလေးနဲ့ ဓာတ်မတည့်မှု 

 

တစ်ခါတုန်းက ပန်းလေးတွေ အများကြီးပွင့်ပြီး အပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ သာယာတဲ့ ရွာကလေးတစ်ရွာရှိသတဲ့။ ရွာကလေးမှာနေတဲ့သူတွေက စိုက်ပျိုးရေးကို အဓိကလုပ်တော့ နေ့တိုင်း အပင်လေးတွေကို စိုက်နေ၊ ပျိုးနေကြတဲ့သူတွေနဲ့ အလုပ်ရှုပ်နေကြတာပေါ့။ ပန်းကလေးဆိုတဲ့ ကောင်မလေးရဲ့မိဘတွေကလည်း စိုက်ပျိုးရေးလုပ်တဲ့သူတွေဆိုတော့ မနက်ဆို ပန်းကလေးက ကျောင်းသွား၊ မိဘတွေက အလုပ်သွားကြတာပေါ့။ ပန်းကလေးကို တစ်ရွာလုံးကရော ဆရာမနဲ့ သူငယ်ချင်းတွေကရော ချစ်ကြတယ်။ ပန်းကလေးလည်း သူတို့ကို အရမ်းချစ်တယ်။ ပန်းကလေးက မနက်ကျောင်းသွားရင် အိမ်ကပန်းတွေ ခူးယူသွားပြီး၊ သူငယ်ချင်းတွေကလည်း သူတို့အိမ်က ပန်း တွေကို ယူလာ၊ ကျောင်းမှာ ဘုရားပန်းအိုးတွေထိုးကြ၊ အလှပန်းအိုးတွေ ထိုးကြနဲ့ လုပ်ကြတာမို့ တစ်ကျောင်းလုံးဟာ ပန်းတွေနဲ့ ဝေ ပြီးလှနေတာပေါ့။

ပန်းကလေး အသက် ၆ နှစ်ပြည့်ပြီး နောက်ပိုင်းမှာ နှာတွေချေ၊ ချောင်းတွေဆိုးပြီး ခဏခဏ ဖျားတာမျိုးတွေ ဖြစ်လာတယ်။ ပန်းကလေးရဲ့ မိဘတွေလည်း ပန်းကလေးရဲ့ ရောဂါကကြာလာတော့ ပရောဂပဲဖြစ်တာလား၊ တစ်ယောက်ယောက်ကပဲ ပြုစားတာလားဆိုပြီးတော့ သံသယတွေ ဖြစ်လာတော့တယ်။ အိမ်နီးနားချင်းတွေလုပ်တာလို့ ထင်လာတာကြောင့် အိမ်နီးချင်းတွေနဲ့လည်း မတည့်တော့ဘူး။ ပန်းကလေးသူငယ်ချင်းတွေလည်း ပန်းကလေးရဲ့ အိမ်ကို မလာကြတော့ဘူး၊ အိမ် မှာနေရင်လည်း မျက်ရည်တွေကျ၊ နှာရည်တွေကျပြီး အမြဲချောင်းဆိုး၊ နှာချေနေတဲ့ ပန်းကလေးကို ကြည့်ပြီး မိဘတွေက စိတ်မကောင်း ဖြစ်ကြတာပေါ့။ ပန်းကလေး နေမကောင်းလို့ စိတ်မကောင်းလေလေ ပတ်ဝန်းကျင်က လူတွေကို သံသယတွေဖြစ်ပြီး စွပ်စွဲလေလေဆိုတော့ ပန်းကလေးရဲ့ မိဘတွေနဲ့ ရွာကလူတွေနဲ့ ရန်တွေ ခဏခဏ ဖြစ်ကြတာပေါ့။

ပန်းကလေးကို စမ်းသပ်ပြီးတော့ ဆရာဝန်ကြီးက ပန်းကလေးဟာ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်နေတာလို့ ပြောပြတယ်။ အိမ်မှာရှိတဲ့ ပန်းပင်တွေကို ရှင်းလိုက်ပြီး ဆေးပုံမှန်သောက်လိုက်တာနဲ့ ပန်းကလေး ရဲ့ရောဂါက သက်သာသွားတယ် . . .

ဒီလိုနဲ့ တစ်ရက်တော့ ပန်းကလေးတို့ ရွာကို နယ်လှည့်ပြီးဆေးကုတဲ့ ဆရာဝန်ကြီး ရောက်လာတယ်။ ပန်းကလေးသတင်းက တစ်ရွာလုံးမှာ ပြန့်နေတော့ ဆရာဝန်ကြီးလည်း ပန်းကလေးရဲ့ အိမ်ကို ရောက်လာပြီး စမ်းသပ်ပေးတာပေါ့။ ပန်းကလေးရဲ့ မိဘတွေကတော့ ဆေးတွေဘယ်လောက်ကုကု မသက်သာတဲ့ သူတို့သမီးလေးကို ဆရာဝန်ကြီးလည်း ကုနိုင်မှာမဟုတ်ဘူးလို့ ထင်နေတာပေါ့။ ဒါပေမဲ့ မကုဘဲနေတာထက် အခုလို စမ်းသပ်ကုသကြည့်တာက တော်သေးတယ်ဆိုပြီးတော့ ဆရာဝန်ကြီး ဆေးကုပေးနေတာကို လက်ခံကြတာ။ ပန်းကလေးကို စမ်းသပ်ပြီးတော့ ဆရာဝန်ကြီးက ပန်းကလေးဟာ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်နေတာလို့ ပြောပြတယ်။ အိမ်မှာရှိတဲ့ ပန်းပင်တွေကို ရှင်းလိုက်ပြီး ဆေးပုံမှန်သောက်လိုက်တာနဲ့ ပန်းကလေးရဲ့ရောဂါက သက်သာသွားတယ်။ ရွာထဲက လူတွေနဲ့ ကျောင်းမှာလည်း ပန်းကလေး သွားနေကျနေရာတွေမှာ ပန်းတွေကို မထားဖို့ ဆရာဝန်ကြီးက ပြောတယ်။ တစ်ရွာလုံးက လူတွေနဲ့ ဆရာမတွေ၊ သူငယ်ချင်းတွေက ပန်းကလေးရောဂါကို အဖြေသိပြီး ပန်းကလေး သက်သာလာတာကို ဝမ်းသာကြတယ်။ ပန်းကလေးရဲ့ မိဘတွေလည်း သူတို့မှားပြီး စွပ်စွဲမိလို့ ရွာကလူတွေကို တောင်းပန်ကြ တယ်။ ရွာကလူတွေကလည်း ခွင့်လွှတ်ကြတယ်။

ကဲ အခုလည်း ပန်းကလေးတို့ရွာမှာ ပန်းလေးတွေ ဝေနေတုန်းပါပဲ။ ဒါပေမဲ့ ပန်းကလေး သွားနေကျနေရာက အိမ်တွေကတော့ သူတို့အိမ်မှာ ပန်းဝတ်မှုန်တွေမရှိအောင် ရှင်းထားပေးကြတယ်။ ပန်းကလေးရဲ့ဓာတ်မတည့်တဲ့ ရောဂါကတော့ အရှင်းဓာတ်မတည့် မပျောက်သွားပါဘူး။ ဒါပေမဲ့ ဓာတ် တာ မဖြစ်အောင် ဘယ်လိုနေရမယ်ဆိုတာကို သိထားတော့ အရင်လို ရောဂါရဲ့ ဒဏ်ကို မခံရတော့ဘူးပေါ့ကွယ်။

ဝါဆို ရေးသားသည်။

စနစ်အပြောင်းအလဲ 

 

စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ပြည့်လို့ ၅ နှစ်ထဲ ဝင်လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လေးနှစ်အတွင်းမှာ အရွေ့တွေသိသိသာသာ ရှိလာပါတယ်။ ပထဝီအနေအထားအရဆိုရင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ မြို့အရေအတွက်ဟာ ၉ဝ အထိရှိလာပြီလို့ ဘီဘီစီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၂၃ မြို့မှာ မြို့နယ်အများစု အပါအဝင် မြို့ပေါင်း ၉ဝ ကျော်ကို တော်လှန် ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းစဉ်က လက်နက်ကိုင်တော်လှန်ရေးမရှိ တိုက်ပွဲများမရှိတဲ့ ရခိုင်ပြည်နယ် မှာဆိုရင်လည်း အာရက္ခတပ်တော်က ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ မြေပုံနယ်တို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မှာသာ အာဏာသိမ်းစစ်တပ်ကျန်နေပြီး အခု စစ်တွေကို စတင်တိုက်ခိုက်နေပါတယ်။ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ကိုသာမက ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတွေကို စစ်မျက်နှာ တိုးချဲ့နေပါတယ်။ အရင်းလှဲ အဖျားထင်းဖြစ်ဆိုတဲ့ စစ်ရေးသဘောတရားအတိုင်း ဦးနေဝင်းလက်ထက်ကစလို့ သဘာဝခံစစ်စည်းလုပ် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းတည်ထားတဲ့ ကပစ လို့ခေါ်တဲ့ မကွေးတိုင်းထဲက စစ်လက်နက်ပစ္စည်းစက်ရုံတွေ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး စတင်တောက်လောင်ချိန် ရန်ကုန်အစိုးရလို့ အခေါ် ခံရချိန်ကစလို့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ် သန္ဓေတည်လာတာပါ။ နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိတဲ့ စစ်တပ်ဟာ အာဏာသိမ်းလေးနှစ်တာအတွင်း တပ်စခန်းတွေ၊ စစ်ဌာနချုပ်တွေ စံချိန်တင်ဆုံးရှုံးခဲ့ရတယ်။ ဟောင်ဝစ်ဇာအမြောက်လို၊ ၁၂၀ မမလို ဗျူဟာမြောက်လက်နက်တွေ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းပေါင်း ၁၈၀ နီးပါးဆုံးရှုံးခဲ့ရပြီး လပေါင်းများစွာ နှစ်နဲ့ချီတိုက်ယူခဲ့ရတဲ့ မာနယ်ပလောလို စခန်းကြီးတွေကိုပါ ပြန်လက်လွတ်ဆုံးရှုံး လိုက်ရပါတယ်။

စစ်တပ်ကြီးစိုးရေး အတွေးအခေါ် တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတဲ့ ပြည်သူတွေရဲ့ အထက်မှာနေချင်တဲ့ စစ်အာဏာရှင်စနစ်ဟာ နှစ်ပေါင်း ၇၀ လောက်အတွင်း မကြုံစဖူးရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

အခုလေးနှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ဟာ နယ်မြေဒေသတွေသာမက ဘက်ပေါင်းစုံ ရှုံးနိမ့်နေတာပါ။ နိုင်ငံတကာ သံခင်းတမန်ခင်းမှာလည်း အောင်မြင်မှုဗလာနတ္ထိ ရှုံးနိမ့်မှုအတိနဲ့ပါ။ တရုတ်နိုင်ငံအနေနဲ့ကလည်း ဂက်(စ်)ပိုက်လိုင်းနဲ့ တကောင်းနီကယ်စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတို့လိုရင်းနှီးမြှုပ်နှံမှုတွေကြောင့်သာ အာဏာသိမ်းစစ်တပ်ကို ဆက်ဆံနေတာပါ။ မြွေမသေတုတ်မကျိုး ဆက်ဆံနေတာပါ။ အခုနောက်ဆုံး ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်ပြဿနာဟာ အာဏာသိမ်းစစ်တပ်အတွက်ရော အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါ BGF တွေပါ မျက်ဖြူဆိုက်နေရတဲ့ကိစ္စဖြစ်ပြီး မီးခိုးကြွက်လျှောက် တနွယ်ငင်တစင်ပါမဲ့ကိစ္စလည်းဖြစ်ပါတယ်။

လေးနှစ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်က တပ်မမှူး ဗျူဟာမှူးအဆင့် အပါအဝင် အရာရှိကြီးတွေပါ သေဆုံး၊ ဖမ်းမိ၊ လက်နက်ချတာလည်းရှိလာပြီး အရေအတွက်အားဖြင့်လည်း ထပ်တိုးလာဦးမယ့် အရိပ်အရောင်တွေလည်း တွေ့နေရတယ်။ တကယ်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဗိုလ်မင်းအောင်လှိုင်တို့ တတိယအကြိမ် ၁၉၈၈ ခုနှစ် အာဏာသိမ်းလိုက်ကတည်းက စစ်အာဏာရှင်စနစ်ရှုံးနိမ့်ဖို့ဖြစ်လာတာပါ။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းစဉ်က စတွက်ရင် နှစ်ပေါင်း ၃၀ ကျော် ထွက်ပေါက်ပိတ်နေတဲ့ န၀တ၊ နအဖ စစ်အစိုးရဟာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ ၂၀၁၀ မှာ နိုင်ငံရေးအရ ထွက်ပေါက်ရခဲ့ပါတယ်။ ဖိနှိပ်မှုတချို့ဖြေလျှော့ပေး လွှတ်တော်နိုင်ငံရေးလည်းရှိလာကာ အခွင့်အရေးကောင်းတချို့ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီအခွင့်အရေးကောင်းတွေထဲမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို သတ်ဖြတ်ခဲ့တာ၊ စစ်ကြောရေးနဲ့ထောင်တွင်း သတ်ဖြတ်မှုတွေကိုပါ ပြည်သူတွေက သင်ပုန်းချေခွင့်လွှတ်ပေးခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ကစပြီး အာဏာလုပ်ပိုင်ခွင့်နဲ့ အကျင့်ပျက်ခြစား အခွင့်ထူးခံရယူထားတဲ့ ဗိုလ်သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်တွေ ကြွယ်ဝချမ်းသာမှုတွေကို ပြည်သူတွေက မျက်စောင်းမထိုးခဲ့ပါဘူး။

လိုတာထက်ပို အလိုလောဘကြီးတဲ့ ဗိုလ်မင်းအောင်လှိုင်အပါအဝင် မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေ နားလည်ခွင့်လွတ်ပေးမှုကို လက်နက်အားကိုးနဲ့ ဖိနှိပ် စော်ကားခဲ့တယ်။ လေးနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု၊ ရွာတွေကို မီးရှို့မှုအပါအဝင် ကလေးတွေနဲ့ အမျိုးသမီးတွေကိုပါ သတ်ဖြတ်မှုလို စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်။ အကျင့်ပျက်ခြစားမှုအပါအဝင် ကိုယ်ကျိုးရှာလွန်းတဲ့ စစ်ခေါင်းဆောင်ကြီးငယ်တွေကို ပြည်သူတွေ အော့နှလုံးနာ ရွံ့မုန်းတော်လှန်လာကြတယ်။ သေချာတာက စစ်တပ်ဟာ ဘယ်လိုမှမနိုင်ဘဲ အနှေးနဲ့ အမြန်ချုပ်ငြိမ်းတော့မှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအချက်တွေအရ အာဏာသိမ်းစစ်တပ် ရှုံးနိမ့်နေတယ်ဆိုတာ လေးနှစ်တာ အဖြစ်အပျက်တွေက ပြသနေပါတယ်။

မေးစရာ မေးခွန်းတစ်ခုက အာဏာသိမ်းစစ်တပ်ရှုံးနိမ့်ခြင်းဟာ မင်းအောင်လှိုင်ရှုံးနိမ့်ခြင်းဟာ ပြည်သူတွေရဲ့ အောင်ပွဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

တကယ်တော့ အုပ်ချုပ်သူအပြောင်းအလဲ လူပုဂ္ဂိုလ်အပြောင်းအလဲထက် Institution တစ်ခုလုံး တော်လှန်ပြောင်းလဲ နိုင်မှသာ ပြည်သူတွေအတွက် စစ်မှန်တဲ့အောင်ပွဲ ဖြစ်ပေလိမ့်မယ်။ ဗိုလ်နေဝင်း တည်ထောင်ခဲ့တဲ့ စစ်တပ် Institution ဟာ လူမှုရေး၊ ဘာသာရေး၊ ပညာရေးအပါအဝင် စီးပွားရေး၊ ဝါဒဖြန့်ချီရေး၊ အုပ်ချုပ်ရေးယန္တရားအပါအဝင်အလုံးစုံ စစ်တပ်ကြီးစိုးရေး အတွေးအခေါ်ကို အခြေခံထားတဲ့ စစ်တပ်ဖြစ်ပါတယ်။ ဘာသာရေးအတွက် မဘသ လိုမျိုး အဖွဲ့အစည်းတွေကို မွေးထုတ် အစ္စလာမ်အပါအဝင် တခြားဘာသာတွေကို နှိပ်ကွပ်ထားပါတယ်။ စီးပွားရေးတွင် ဦးပိုင် အောက်မှာ ဆန်၊ ဆီ၊ အဖျော်ယမကာ၊ ဖုန်းဆင်းကတ်၊ ဆေးလိပ်အပါအဝင် နယ်ပယ်အားလုံးကို ချုပ်ကိုင်ထားပါတယ်။ အုပ်ချုပ်ရေးမှာ မိုးကျရွှေကိုယ်လို့ခေါ်တဲ့ စစ်တပ်ထွက် ယူနီဖောင်းချွတ်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဆင့်ကနေ ဝန်ကြီးဌာနအဆင့်အထိ ချုပ်ကိုင်ထားတာကို မြင်နိုင်ပါတယ်။

လုပ်ဟန်အရလည်း ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အတွေးအခေါ်ကိုအခြေခံကာ စာနာမှုမရှိ၊ တဖက်သတ် ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ ဥပဒေ စိုးမိုးမှုမရှိ ငွေများတရားနိုင်အုပ်ချုပ်ခဲ့တယ်။ အကြောက်တရားသွပ်သွင်းခဲ့တယ်။ အာဏာခွဲဝေမှုမရှိ ဗဟိုချုပ်ကိုင်မှုဦးစားပေး စီမံခန့်ခွဲမှုတွေဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေလိုလားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟာ နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတဲ့ အုပ်ချုပ်သူ အပြောင်းအလဲ မဟုတ်ဘဲ အတွေးအခေါ်လုပ်ဟန် အလုံးစုံပြောင်းလဲ လိုက်တဲ့ Institution သစ်တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။

စစ်မှူးငယ် ရေးသားသည်။