စစ်တပ်စစ်ကြောင်းနဲ့ ပျူစောထီးတွေနေတဲ့ရွာကို စေတုတ္တရာ ပကဖ တိုက်ခိုက် ၊ ၂၀ ဦးသေ
နိုင်ငံရေးအကျဉ်းသား ဦးပသံသိယ (ခ) ဦးဇာနည်အောင် ပျံလွန်
ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းလဲမလဲ (အပိုင်း ၅)
၁။ ပြောင်းရောပြောင်းချင်ရဲ့လား။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းမလဲဆိုတဲ့ အချက်တွေကို ရေးတဲ့အခါ မေးခွန်းတချို့လည်း ထွက်ပေါ် လာပါတယ်။ အဲဒါက တကယ်ရော ပြောင်းချင်ရဲ့လား ဆိုတဲ့မေးခွန်းပါ။
လက်ရှိ တလမ်းသွားပညာရေးစနစ်ကနေ လမ်းပေါင်းစုံပညာရေးကို ကူးပြောင်းကြတဲ့အချိန်မှာ အသိအမှတ်ပြုရေးဆိုင်ရာမှာ တနေရာတည်း တစုတဖွဲ့တည်းက သတ်မှတ်လို့မရတဲ့ သဘောထားနဲ့တင် တချို့ ပညာရေးဌာနက တာဝန်ရှိသူတွေ၊ လက်ရှိပညာရေးအီလစ်တွေ အထူးသဖြင့် NUG ပညာရေးယန္တယားမှာ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေအနေနဲ့ အင်တင်တင်ဖြစ် လာတာတွေရှိပါတယ်။ အတိုင်းအတာတခု အထိတော့ ဗဟိုကချုပ်ကိုင်ထားမှရမှာဆိုတဲ့ နရေးရှင်းတွေ ထွက်လာသလို၊ လက်ရှိတော်လှန်ရေးအချိန်မှာ ညွှန်ကြားချက်တွေ၊ အမိန့်တွေ၊ လုပ်ငန်းလမ်းညွှန်တွေနဲ့ သွားရတာမို့ ဖက်ဒရယ်ပညာရေးကို ပြောင်းလို့မရသေးဘူး ဆိုတဲ့အသံတွေလည်း ထွက်လာပါတယ်။
တချို့ကိစ္စတွေကျတော့ တကယ့်မြေပြင် အခက်အခဲကို သဘောပေါက်လို့အင်တင်တင် ဖြစ်ကြတာဖြစ်ပြီး တချို့ကတော့ အသားကျပြီးသားဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှုကို မပြောင်းလဲချင်တာ၊ အဲဒီမပြောင်းလဲမှုမှာ အကျိုးစီးပွားတွေရှိနေတာတွေလည်းတွေ့ရပါတယ်။ တချို့ ဟာ ဒေသတွင်းပညာရေးမှာ စေတလုံးနဲ့ အာဏာပိုင်လိုဖြစ်နေတာကြောင့် ကိုယ်ကျိုးစီးပွားထိမှာ ကြောက်လို့ မပြောင်းချင်တာပါ။ ဒါတွေကိုချုပ်လိုက်ရင် တကယ်ပြောင်းရောပြောင်းချင်ရဲ့လားဆိုတဲ့ မေးခွန်းဟာပိုပြီး အသံကျယ်လာပါတယ်။
၂။ မပြောင်းချင်တဲ့သူတွေကများ။
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဟာ ပါးစပ်က ပြောကောင်းရုံ အသုံးချတဲ့အရာ မဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် လက်ရှိမြေပြင်က ပညာရေးတာဝန်ရှိသူတွေဟာ ကိုယ်လုပ်ချင်ရာ လုပ်ဖို့ဆိုရင် ဖက်ဒရယ် ပညာရေးဆိုတဲ့ အကြောင်းပြချက်ကို တွင်တွင်ကြီးပေးပြီး ကိုယ်မကြိုက်တာကို သူများလုပ်ရင်တော့ ဖက်ဒရယ်ပညာရေးဆိုပေမဲ့ ဒါမျိုးလုပ်လို့ မရသေးဘူး၊ ဗဟိုချုပ်ကိုင်မှုက လိုသေးတယ်ဆိုပြီး ပြန်လည်ဆင်ခြေပေးလေ့ရှိကြပါတယ်။ ဘယ်လိုပဲ ဆင်ခြေပေးပေး အဲဒီမူဟာ မနုဿဂ္ဂိမူသာဖြစ်ပြီး ဖက်ဒရယ်ပညာရေးမှု မဟုတ်တာသေချာပါတယ်။ ဒီလိုလူတွေကပဲ တကယ့်ဖက်ဒရယ် ပညာရေးစစ်စစ်ကို မပြောင်းချင်သူတွေ့ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တကယ်ပြောင်း ချင်ရဲ့လားဆိုတဲ့မေးခွန်းမှာ မပြောင်းချင်တဲ့ သူတွေကများနေတယ်လို့ အဖြေထွက်လာတာဖြစ်ပါတယ်။
မပြောင်းချင်တဲ့သူတွေများရင် အဲဒီလူတွေကရော အရည်အသွေးရှိတဲ့ ပညာရေးသစ်တခုကို ဘယ်လိုပုံဖော်နိုင်လဲဆိုတဲ့ မေးခွန်းကိုပြန်ထုတ်ရပါတယ်။ သူတို့သိသမျှ ပြန်ပြောတဲ့ အရည်အသွေးရှိတဲ့ပညာရေးစနစ်ဆိုတာ ဟိုးပဝေသနီက အာဏာရှင်တွေက ပညာရေးကို လိုသလိုအသုံးချနိုင်ဖို့ ရေးဆွဲထားတဲ့ ပညာရေးစနစ်တွေသာ ဖြစ်နေတတ်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းဖို့ကတော့ မပြောင်းချင်တဲ့သူတွေကို သူတို့မပြောင်းချင်တဲ့ စနစ်ကိုပဲ အတိုင်းအတာတခုအထိ ဆက်လက်လည် ပတ်စေပြီး ဖက်ဒရယ်ပညာရေး ပြုပြင်ပြောင်းလဲမှု ယန္တယားအသစ်ကို အစကပြန်စကြဖို့ ဖြစ်ပါတယ်
၃။ ။ ဘယ်လိုဖြေရှင်းမလဲ။
မပြောင်းချင်တဲ့သူတွေက များနေရင် အဲဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေလည်း တက်လာပါတယ်။ အဲဒီ ပြဿနာကိုဖြေရှင်းဖို့ကတော့ မပြောင်းချင်တဲ့သူတွေကို သူတို့မပြောင်းချင်တဲ့ စနစ်ကိုပဲ အတိုင်းအတာတခုအထိ ဆက်လက်လည်ပတ်စေပြီး ဖက်ဒရယ်ပညာရေး ပြုပြင် ပြောင်းလဲမှု ယန္တယားအသစ်ကို အစကပြန်စကြဖို့ဖြစ်ပါတယ်။ မပြောင်းချင်တဲ့ စနစ်ဟောင်းကိုလည်း အသိအမှတ်ပြုပေးထားပြီး နောက်ထပ်နည်းလမ်းတခုနဲ့ စနစ်သစ်ကို ဖော်ဆောင်တာဖြစ်ပါတယ်။
အဲလိုဖော်ဆောင်တဲ့နေရာမှာ မပြောင်းချင်တဲ့သူတွေကို ဥပဒေနဲ့ထိန်းရမှာတခုတော့ရှိပါတယ်။ ဖက်ဒရယ်ပညာရေးရဲ့ အဓိက မူဝါဒဖြစ်တဲ့ အပြန်အလှန်အသိအမှတ်ပြုခြင်းကို လက်ခံရမှာ ဖြစ်သလို၊ ဖက်ဒရယ်အဆင့် အရည်အသွေးအကဲဖြတ်မှု ( QA ) စနစ် Frame Work တွေအရ ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ မပြောင်းချင်တဲ့သူတွေကများနေတဲ့အခါ စနစ်ဟောင်းဘက်က အနိုင် ကျင့်တာတွေကိုတော့ ဥပဒေနဲ့ ပြတ်ပြတ်သားသား ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက မြို့တမြို့မှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့ (စနစ်ဟောင်းသမား) တွေက ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နေတဲ့ ကျောင်းငယ်လေးတွေကို မလျော်ဩဇာသုံး အနိုင်ကျင့်တာတွေရှိနေတာတွေကို ဥပမာတွေ့နိုင်ပါတယ်။ ဒါတွေကိုတော့ ဖက်ဒရယ်အဆင့် ပညာရေးကောင်စီကနေ ထိန်းကျောင်းရမှာဖြစ်ပါတယ်။
၄။ ဘုံအရည်အသွေးအကဲဖြတ်စနစ်
အဓိကကတော့ ဘုံအရည်အသွေး အကဲဖြတ်စနစ်ကို စနစ်တကျရေးဆွဲပြီး ကျင့်သုံးတဲ့ ပညာရေးတိုင်းကို ဖက်ဒရယ်ပညာရေးစနစ်အဖြစ် အသိအမှတ်ပြုလက်ခံဖို့ဖြစ်ပါတယ်။ အခုအချိန်မှာ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီဟာ ဒီလိုအပြန်အလှန်အသိအမှတ်ပြု လက်ခံရေးအတွက် စနစ်တကျ မူဝါဒတွေရေးဆွဲရမှာဖြစ်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာတွေ ဥပဒေဆိုင်ရာတွေကို လုပ်ဆောင်ပြီး ပြည်ထောင်စုအဆင့် အတည်ပြုနိုင်ပြီဆိုရင်တော့ မပြောင်းချင်တဲ့သူတွေရော ပြောင်းချင်တဲ့သူတွေရော စနစ်တခုတည်းမှာ ပေါင်းစည်းပြီး လုပ်ဆောင်လို့ရပါပြီ။ ပြောင်းချင်တဲ့ လူနည်းစုတွေ ဘာလုပ်ကြရမလဲ ဆိုတာတော့ နောက်တပတ်မှာ ဆက်ပြောကြတာပေါ့။
တူမီးသိမ်းမောင် ရေးသားသည်။
အညာစာပေစကားဝိုင်း
ဒီတစ်ပတ်တော့ အညာစာပေစကားဝိုင်းလေးကို တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းရဲ့ ရဲဘော်တွေရှိရာ ခြေဆန့်ခဲ့ပါတယ်။
သပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင်တွေဖြစ် တဲ့ ကိုစိုး၊ သက်သက်၊ မခိုင်နဲ့မဖြူတို့က စကားဝိုင်းလေးမှာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဒေါင်းတို့အားမာန်ရဲ့ စာကြည့်တိုက်လေးမှာ စာအုပ်တွေ အမြဲငှားဖတ်လေ့ရှိတဲ့ မီးမီးတို့က အထူးဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီတစ်ပတ်မှာ စာရေးဆရာ ဇွဲယွန်း နောင် ရေးသားတဲ့ “ကျောက်သားထက်၌ပွင့် သော ကတ္တီပါပန်း” ဆိုတဲ့ ဝတ္ထုလေးကို ဆွေးနွေးထားကြပါတယ်။
“ခင်တွယ်စရာ ဆွေမျိုးမရှိ၊ နေအင်အား မရှိ၊ ကျောပွဲလူတန်းစား သားအဖသုံးယောက် အကြောင်းပေါ့၊ ဘိုးဘွားအမွေမရှိတဲ့ သူတို့သားအဖတွေဟာ ကျေးရွာလေးရဲ့ ဘုရားအိုတစ်ဆူရဲ့ ဘေးမှာ တဲထိုးပြီးနေကြရတယ်။ အဖေကြီးက ယစ်ထုတ်။ သောက်စားမူးရူးပြီး လမ်းမှာလဲနေတတ်သူ။ ၁၂ နှစ်အရွယ် သမီးလေးက မောင်ဖြစ်သူကို ခါးထစ်ခွချီရင်း မူးနေတဲ့ အဖေကြီးကို တွဲခေါ်ရတယ်။ ဒီကလေးမကပဲ အမကြီးလို့ အမိအရာဆိုသလို စားဝတ်နေရေးအတွက် ငါးလေးတွေ ပုဇွန်လေးတွေ ဖမ်းပြီး လှည့်ရောင်းချလို့ ဒီဖအေ ယစ်ထုတ်ကြီးနဲ့ မောင်လေးကို ရှာဖွေကျွေးမွေးရတာပေါ့။ တစ်နေ့ အရက်သမားအဖေကြီးဆုံးပါးတော့ ကလေးမလေးက ငါးတွေ ပုဇွန်တွေ ဖမ်းရောင်းပြီး ရလာတဲ့ ငွေတွေနဲ့ သူ့မောင်လေးကိုကျောင်းထားဖို့အတွက်စုရှာတယ်။ မောင်လေးကလည်း အစ်မနဲ့အတူ ငါးဖမ်းတဲ့ဆီလိုက်ပြီး အမကို ကူရှာတယ်။ အဲဒီမှာ အစ်မက သူ့မောင်လေးကို ပြောတဲ့စကားကို ရင်ထဲတော်တော် ထိရှခံစားရတယ်။ မောင်လေး နင်ကျောင်းတက်ရမယ်။ ကကြီး ခကွေးတွေ သင်ရမယ်။ မောင်လေးကမေးတယ်။ မမ ကကြီး ခကွေးကဘာလဲပေါ့။ အစ်မမှာ ပြန်ဖြေစရာ စကားမရှိ။ သူမှ အတန်းမနေခဲ့ရတာကိုး။ အစ်မကြီး ပြန်ဖြေတဲ့စကားက ကျောင်းတက်တော့ သိရမှာပေါ့ဟယ်တဲ့။ ဒီစကားက တော်တော်ဆို့နှင့်စေတယ်” လို့ပြောရင်း ကိုစိုးမြင့်က စကားဝိုင်းကို စတင်လိုက်ပါတယ်။
ကိုစိုးမြင့်ကပဲဆက်ပြီး “တစ်နေ့တော့ အစ်မကြီးက ကုန်းပေါ်ကို အတက်မှာ တစ်ခုခုက ထိုးရှုသွားတယ်။ တစ်နေ့ ငါးဖမ်းပြီး ရောင်းမှ တစ်နေ့စားရတဲ့ဘဝ၊ ရွာကလူတွေကလည်း မျက်ကွယ်ပြုထားကြတဲ့အပြင် သူတို့ဆီက ငါးဝယ်ရင် မတန်တဆ ဈေးဆစ်ပြီး ဝယ်တတ်ကြသေးတယ်။ ပတ်ဝန်းကျင်ကောင်းမရှိတဲ့ မောင်နှမနှစ်ယောက်အတွက် ဆေးကုဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဒီလိုနဲ့ပဲ အနာအရှိန်နဲ့ ဖျား၊ အစ်မကြီးက အိပ်ယာထဲ လဲ။ မောင်လေးကတော့ အစ်မရဲ့ တာဝန်ကို ပုခုံးပြောင်းလွှဲယူလို့ ငါးရှာရတာ ပေါ့။ တစ်နေ့မှာ ငါးရှာပြီးအပြန် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်ရှေ့မှာ လူအုံနေတာ တွေ့တော့ ခက်ရွံ့ရွံ့နဲ့ ဝင်သွားလိုက်တယ်။ အထဲကိုရောက်တော့ အခမဲ့ဆေးကုပေးတဲ့ ဆရာမရောက်နေတာကို တွေ့ရတယ်။ ဒီ ကလေးလေးက သူ့အစ်မရဲ့အနာကို ဒီဆရာမက ကုပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူအုပ်ထဲကို ဝင်သွားလိုက်တယ်။ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူးရဲ့ သားက ကလေးကို မင်းနဲ့ ဘာဆိုင်လဲဆိုပြီး မောင်းလွှတ်တယ်။ ကလေးက ထပ်ပြီးကြိုးစားတိုးတယ်၊ ခုနကအတိုင်းပါပဲ အုပ်ချုပ်ရေးမှူးရဲ့သားက ရင့်ရင့်သီးသီး ပြောပြီး မောင်းလွှတ်တယ်။ အဲဒီအချိန်မှာ ကလေးလေးက အသံကုန်ဟစ်ပြီး ငိုချလိုက်တယ်” လို့ ကိုစိုးက ဝမ်းနည်းကြေကွဲစွာ တုန်ရီနေတဲ့ အသံနဲ့ ဝတ္ထုကို ပြောပြနေပါတယ်။
“အဲဒီအချိန်မှာ ဆရာမကသိသွားပြီး ကလေးကို အကျိုးအကြောင်းမေး၊ ဒီနောက် သူတို့ရဲ့ တဲလေးရှိရာကို လိုက်သွား၊ အဲဒီမှာ ကလေးမလေးက အဖျားတွေက တအားတက်နေပြီ။ အဲဒါနဲ့ ကလေးမလေးနဲ့ ကောင်လေးကို မြို့ကိုလိုက်ပြီး ဆေးကုရမယ်ပြောတော့ ကလေးကဆေးကုဖို့ ပိုက်ဆံပေးရမှာလား ဆရာမဆိုပြီး သူငါးရောင်းရတဲ့ ပိုက်ဆံလေးကို ကိုင်ပြီး ပြောတယ်။ အဲဒီအချိန် မှာစာနာစိတ်ရှိတဲ့ ဆရာမလေးက မလိုပါဘူးကွယ် သားနဲ့သမီးကို ဆရာမက အပြီးအပိုင် မွေးစားလိုက်ပါပြီ” ဆိုပြီး ဝတ္ထုလေးဟာ ပျော်စရာနဲ့ အဆုံးသတ်လိုက်တဲ့အကြောင်းပြောရင်း ကိုစိုးက သူရဲ့ ဆွေးနွေးမှုကို နားလိုက်ပါတယ်။
စကားဝိုင်းရဲ့ အရှေ့ဘက်ခြမ်းမှာ ထိုင်နေတဲ့ မခိုင်က “ဒီဇာတ်လမ်းထဲမှာဆိုရင်ပေါ့ လေ … ကလေးတွေက သူတို့မိဘဘယ်လိုပဲ ဆိုးပေတေနေပါစေပေါ့။ မစွန့်ရက်နိုင်ပဲ သူတို့နိုင်တဲ့ ခွန်အားနဲ့ ပြုစုလုပ်ကျွေးကြတယ်။ မစွန့်ပစ်ခဲ့ဘူး။ ကလေးတွေက သူတို့ရဲ့ဘဝပေးအခြေအနေအရ သူတို့ဘယ်လို ရုန်းကန်ကြရမယ်ဆိုတာ သူတို့သိတယ် နားလည်တယ်ဆိုတာ ပေါ်လွင်စေတယ်”လို့ ဆွေးနွေး လိုက်ပါတယ်။
စကားဝိုင်းရဲ့ တစ်ဖက်မှာထိုင်နေတဲ့ သက်သက်ကလည်း “ကလေးတွေကတော့ သူတို့ရဲ့ဘဝကျရာကနေ သရုပ်ဆောင်ကြရတဲ့ အခြေအနေပေါ့။ ဘာလို့လဲဆိုတော့ ခိုကိုးရာမဲ့နေတဲ့ဘဝ ကူကယ်ရာမဲ့နေပြီး သူတို့ကို ဘယ်သူမှမကူနိုင်ကြတော့ ပစ်တိုင်းထောင်လို သဘောမျိုးပေါ့။ ဘယ်နေရာပဲနေနေ ငါ တို့ရုန်းကန်မှရမယ်။ လဲကျရင်ပြန်ထရမယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်ရတယ်”ဆိုပြီးဆွေးနွေးပါတယ်။
စကားဝိုင်းထဲမှာပါဝင်ဆွေးနွေးတဲ့ မဖြူကလည်း “ကလေးတွေဖြစ်ပေမယ်လို့ ကြုံ ရတဲ့ လောကဒဏ်ကိုရင်ဆိုင်တယ်၊ အသက်ရှင်သန်နိုင်ဖို့ စိတ်ဓာတ်မကျဘဲ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်တယ်။ နောက်တစ်ခုက ဒီဝတ္ထုလေးထဲမှာဆို လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့အကြောင်းကို သိရသလို မေတ္တာတရားကြီးမားပုံလေးတွေလည်း တွေ့ရတယ်။ လူတွေမှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် မရှိလို့ဆိုပြီး မနှိမ်ကြဖို့၊ တစ်ယောက်နဲ့ တစ်ယောက် လူသားချင်းစာနာစိတ် ထားကြရမယ့်အတွေးလေးတွေ ဝင်တယ်” ဆိုပြီး ဆွေးနွေးပါတယ်။
စကားဝိုင်းမှာ ဧည့်သည်အဖြစ်ပါဝင်လာတဲ့ မီးမီးကလည်း “အစ်မကငယ်သေးတယ်ဆိုပေမယ့် အိမ်မှုကိစ္စနိုင်နင်းတယ်။ သူ့ ဖခင်မူးရူးနေတာတောင်သူ့ဖခင်ကို အိမ်ထိရောက်အောင်ခေါ်ခဲ့တဲ့ ဖခင်အပေါ် ချစ်ခင်စိတ်ရှိတာကိုလည်း တွေ့ရတယ်။ နောက်ပြီးကျတော့ သူ့မောင်လေးကို ကျောင်းထားချင်တယ်ဆိုတဲ့ စိတ်လေးကလည်း အင်မတန်မှ ချစ်စရာကောင်းတယ်” ဆိုပြီး တိုတိုနဲ့ လိုရင်း ဆွေးနွေးပါတယ်။
စာရေးသူကိုယ်တိုင် ဆွေးနွေးခဲ့တာကတော့ “ဒီမိုကရေစီ မထွန်းကားသေးတဲ့ နိုင်ငံတစ်ခုရဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်သလို မြင်လိုက်ရပါတယ်။ ဘာလို့လဲဆို ဒီဝတ္ထုထဲမှာပါတဲ့ အကြောင်းအရာတွေက ဒီမိုကရေစီမထွန်းကားတဲ့ နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ အလေ့အထတွေပဲလေ။ ကလေးသူငယ်အခွင့်အရေးတွေ့ဆုံးရှုံးတယ်။ အခမဲ့ပညာရေးသင်ကြားခွင့်မရှိဘူး။ အခမဲ့ ဆေးကုသခွင့် မရှိဘူး။ နိုင်ငံတော်နဲ့ ပတ်ဝန်းကျင်ရဲ့ စောင့်ရှောက်မှုကို မခံစားကြရဘူး။ ကလေးတွေရဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်မနေဘူးပေါ့လေ။ ဒီအကြောင်းအရာတွေကို ထည့်ရေးမထားပေမယ့် ဆိုလိုရင်းကို တော့ ခံစားလိုက်ရတယ်”လို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဝတ္ထုကို ကိုယ်တိုင်ဖတ်ခဲ့တဲ့ ကိုစိုးကလည်း ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ကျွန်တော်တော်တော်လေး ခံစားရတယ်။ အစ်မက မောင်လေးကို ကျောင်းထားပေးမယ်လို့ ပြောတဲ့အခန်းမှာဆို စာမတတ်တဲ့ အစ်မရဲ့ စကားက တော်တော်လေးခံစားရတယ်။ အစ်မကို ဆေးကုဖို့အတွက် အုပ်ချုပ်ရေးမှူးအိမ်မှာ ငိုပြီးတော့ ပြောခဲ့တဲ့ အစ်မအပေါ်ထားတဲ့ သံယောဇဉ်ကလည်း ကြက်သီးထစရာကောင်းပါတယ်။ ဇာတ်လမ်းလေးကို အနှစ်ချုပ်ရရင် လူသားချင်းစာနာတတ်တဲ့စိတ်တွေ ဒီမိုကရေစီနဲ့ထိုက်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်ဖို့ ဝိုင်းဝန်းကြိုးစားကြရမယ်” ဆို ပြီး စကားဝိုင်းလေးကို အဆုံးသတ်လိုက်ပါ တယ်။
ဖိုးစနေ ရေးသားသည်။
ပြည်နယ် ဗဟိုပြု ဖက်ဒရယ်ပြည်ထောင်စု
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ အန္တိမဆန္ဒဖြစ်သည်။ ယခုရက်ပိုင်း “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ”ကို စတင်ရေးဆွဲနေသည့် သတင်းများထွက်ပေါ်လာသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုဆိုရမည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအင်အားစုများအနေဖြင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ဟု ကြားသိရသည်။
စဉ်းစားချက်အသစ် ရည်မှန်းချက်အသစ်မှာ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး အခြေခံမူဖြင့် နိုင်ငံသစ်တည်ဆောက်မည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုသည့် ကြံရည်ရွယ်ချက်ဖြစ်သည်။
ဦးနေဝင်းက အစပြု၍ ဗိုလ်မင်းအောင်လှိုင်အထိ စစ်ခေါင်းဆောင်အဆက်ဆက် အခြေခံကိုင်ခဲ့သည့်မူမှာ မဟာမြန်မာလူမျိုးကြီးဝါဒကိုအခြေခံသည့် ဗဟိုပြုဝါဒဖြစ်သည်။
တနည်းအားဖြင့် လူများစုမြန်မာများကို ဗဟိုပြု စဉ်းစားထားဟန်ပြပြီး စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော်ကာ စစ်အာဏာသိမ်းနိုင်ငံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်တည်ဆောက်ခဲ့သည် ဗဟိုချုပ်ကိုင်ပြည်ထောင်စုမူ အလုပ်မဖြစ်ကြောင်း ၁၉၆၂ ခုနှစ်က စတွက်လျှင် နှစ်ပေါင်း ၆ဝ ကျော်သက်သေပြပြီးဖြစ်သည်။
ပစ္စက္ခ ရဟန်းရှင်လူ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အန္တိမဆန္ဒ ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး ရှုဒေါင့်မှကြည့်လျှင်လည်း ပြည်နယ် ဗဟိုပြုပြည်ထောင်စုစနစ်သည် ဒီမိုကရေစီကျင့်စဉ်၏ စံနှုန်းတရပ်ဖြစ်သည့် Button up သဘောတရားနှင့်ကိုက်ညီလျှက်ရှိပြီး ပြည်နယ်များကို ဦးစားပေးစဉ်စားသည့်အတွက် အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးလမ်းစလည်းဖြစ်သည်။ စစ်အစိုးရ အဆက်အဆက်လုပ်ဆောင်ခဲ့သည့် NCA အပါအဝင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များသည် စစ်တပ်ဗဟိုပြုထားပြီး စစ်တပ်သဒ္ဒါသလောက်သာ စေတနာရှိသလောက် ခွဲပေးသည့်အာဏာကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ရရှိခံစားရေးဆိုသည့်အတွက် အလုပ်မဖြစ်သည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ဗဟိုချုပ်ကိုင်မှု ဦးစားပေးသည့် ၁၉၇၄ မဆလဖွဲ့စည်းပုံ၊ ၂ဝဝ၈ နာဂစ်ဖွဲ့စည်းပုံတို့ သမိုင်းအမှိုက်ခြင်းထဲရောက်သွားသည်ကိုကြည့်လျှင် ပြည်နယ်များဗဟိုပြုသည့်စဉ်းစားချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသာမက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်အဖြစ် The Nation Voice က ရှုမြင်မိပါသည်။
ဝေဟင်ခြိမ်းခြောက်မှုအောက်မှာနေထိုင်ခြင်း
တော်လှန်စစ်ဟာ ပြောက်ကျားစစ်ကနေ သမရိုးကျစစ် (conventional war)အသွင်ကို တဖြည်းဖြည်း ပြောင်းလဲလာတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ ရင်ဆိုင်ခုခံဖို့အင်အားလည်း နည်းပါးလာပုံရတယ်။
အရင်လို မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နိုင်မှုမရှိသလောက်ဖြစ်လာတဲ့ တော်လှန်စိုးမိုးနယ်မြေတွေကို ဝေဟင်အသာစီးရယူပြီး တိုက်ခိုက်မှုတွေ လုပ်လာတာကိုတွေ့ရတယ်။
ဒီနှစ်ဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်းထဲက တမူးခရိုင် ခမ်းပတ်၊ ဘုတ်ကန်ရွာတဝိုက်၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မုံရွာမြို့နယ်တောင်ပိုင်းဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်များစွာ ဆက်တိုက်လုပ်ဆောင်သွားခဲ့လို့ ပြည်သူတွေ ထိခိုက်ခဲ့ရတယ်။
ဝေဟင်အသာစီးယူတိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာ၊ Mi ရဟတ်ယာဉ်၊ လက်နက်ကြီးတွေအပြင် ဆူဆိုက်ဒရုန်း၊ အသီးချဒရုန်းနဲ့ စက်တပ်လေထီး(paramotor)တွေကိုပါသုံးပြီး တိုက်ခိုက်လာပါတယ်။
စစ်ကိုင်းတိုင်းထဲက တော်လှန်စိုးမိုးနယ်မြေများစွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်နိုင်မှုမရှိသလောက်ဖြစ်လာခဲ့တဲ့အတွက် အထိုက်အလျောက်စည်ကားနေကြတာလည်း ရှိတယ်။ သို့သော် ဝေဟင်အန္တရာယ်ကိုတော့ မပေါ့ဆသင့်ဘူးလို့ ယူဆမိပါတယ်။
ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်တွေ…
==============================
အာဏာသိမ်းစစ်တပ်ရဲ့အားသာချက်က လေကြောင်းပစ်ကူနဲ့လေကြောင်းက ဗုံးချတာ၊ လေကြောင်းကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပါ။ အခုနောက်ပိုင်းမှာတော့ တော်လှန်ရေးအဖွဲ့တွေနည်းတူ ဒရုန်းတွေကိုပါ တွင်တွင်ကျယ်ကျယ်သုံးလာပြီး ဝေဟင်ကနေ ကင်းထောက်တာ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ဒရုန်းတွေကို ပစ်ချတာတွေပိုမိုပြုလုပ်လာပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ ဒရုန်းပစ်လက်နက်တွေကို စစ်ကြောင်းတိုင်းမှာ ပေးထားနိုင်တဲ့အချက်ပါ။
လေကြောင်းကနေ တိုက်ခိုက်လာရင် ကာကွယ်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့ဆိုပြီး အာဏာသိမ်းစစ်တပ်နည်းတူ တော်လှန်ရေးအဖွဲ့တွေကလည်း ဖွဲ့စည်းထားသင့်ပါပြီ။
ဒီတာဝန်ကို ကျေးရွာကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ၊ သက်ကြီးပိုင်းတွေက ယူသင့်မယ်ထင်ပါတယ်။ လေကြောင်းကင်းထောက်ဖို့က တော်လှန်ရေးအဖွဲ့တွေမှာ အာဏာသိမ်းစစ်တပ်လို ခေတ်မီရေဒါတွေမရှိပေမယ့် အာဏာသိမ်းစစ်တပ်လေယာဥ်လာမယ့်ဘက်ကိုမျှော်ပြီး နယ်မြေအလိုက် အဆင့်ဆင့်သတင်းပို့စနစ်ထားရှိတာ၊ ဒီသတင်းပို့စနစ်သုံးဖို့ ဖုန်းလိုင်း(လိုင်းမိခဲ့ရင်) ဖုန်းနံပတ်ကို အခြားကိစ္စလုံးဝ မပြောဘဲသီးခြား(Red line)ထားပြီးအမြဲ စောင့်ကြည့်တာ၊ ဖုန်းလိုင်းမရရင် လမ်းလျှောက်စကားပြောစက် အထိုင်စက်ကို အကွာအဝေး ၈မိုင်လောက်မှာတစ်လုံးထား၊ လိုင်းနှုန်းချိတ်ဆက်ပြီးသတင်းထောက်တာတွေအပြင် လူကလည်း အမြင့်ဆုံးတောင်ထိပ်၊ သစ်ပင် သို့မဟုတ် မျှော်စင်ကနေ လေယာဥ်သံနားထောင််ကင်းထောက်တာစသဖြင့် နည်းလမ်းတွေရှာကြံပြီးကျင့်သုံးကြရပါမယ်။
ကိုယ်နေတဲ့နေရာတွေမှာ လေကြောင်းအန္တရာယ်အတွက် ဗုံးခိုကျင်းတွေတူးတာကိုလည်း ကြိုတင်ပြင်ဆင်ဖို့လိုပါမယ်။ လေယာဥ်ကပစ်တဲ့ ဒုံးကျည်ဟာအနည်းဆုံး ၃၀ မမ ရှိပြီး ပေါက်ကွဲထိရောက်မှု အကျယ်က ပတ်လည် ပေ ၁၀၀ အထိ ရှိပါတယ်။
ဒါကြောင့် မြေထဲကို အနည်းဆုံးအနက် ၃ပေခန့်အထိသက်ရောက်နိုင်တဲ့အတွက် ဗုံးခိုကျင်းတွေတူးကြ၊ ဆောက်ကြတဲ့အခါ ဒါကိုခံနိုင်ဖို့ မျှော်တွေးတွက်ချက်ပြီး ပြင်ဆင်ထားကြဖို့လိုပါတယ်။ ထိခိုက်မှု rangeဟာ ဗုံးအမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
ဥပမာအနေနဲ့ ကျင်းရဲ့အကျယ်ကိုတော့ လူဝင်ခိုမယ့် အရေအတွက် ၃ဦး ဒါမှမဟုတ် ၄ ဦး စာဆိုရင် ပူးကပ်ထိုင်နိုင်ဖို့အတွက် ၃ပေပတ်လည်ဆိုအဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အပေါ်က ဖုံးအုပ်ရမယ့် ထု ဟာ အနည်းဆုံး ၃ပေခန့်ရှိရပါမယ်။ ဒီထု ကိုတော့ မြေကြီးတစ်ထပ်၊ သစ်တုံးတွေတစ်ထပ်၊ သဲတစ်ထပ်နဲ့ဆို ပိုပြီးခံနိုင်ရည်ရှိနိုင်ပါတယ်။
အပေါ်က ဖုံးအုပ်နိုင်ဖို့အတွက် သဲရနိုင်ရင်အကောင်းဆုံးပါ။ သဲဟာ ခဲစ၊ ခဲန နဲ့ သံထည်စ တွေ တိုးဝင်မှုကို ထိန်းချုပ်ထားနိုင်ပါတယ်။ ထိုးဖောက်မှုကိုကာကွယ်နိုင်ပါတယ်။
နောက်တစ်နည်းကဥမင်လှိုင်ခေါင်း Tunnel တူးထားတဲ့စနစ်ပါ။ လှိုင်ခေါင်းတူးမယ်ဆိုရင်တော့တောင်စောင်းတွေ၊ ချောင်းကမ်းပါးတွေလိုနေရာမျိုးကသာ ပိုလို့အဆင်ပြေမှာပါ။
လေယာဥ်ပစ်ချိန်ကာကွယ်ရေး…
======================
လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ စိတ်ကိုငြိမ်ငြိမ်ထားပြီး အနီးဆုံးအကာအကွယ်ရှာကာ အနိမ့်ဆုံးနေရာမှာ နေထိုင်ဖို့၊ အကာအကွယ်မရှိပါက မြေအနိမ့်ဆုံးနေရာကို ရှာပြီးဝပ်နေဖို့၊ ခေါင်းကိုလက်ဖဝါးနဲ့အုပ်၊ နားကိုလက်ဖျံနဲ့ပိတ်၊ တံတောင်ကိုမြေမှာ ထောက်ပြီး မှောက်နေဖို့နဲ့ ပါးစပ်ကို အနည်းငယ်ဟပြီး မျက်စိကို ပိတ်ထားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဦးတည်ရာမဲ့ထွက်မပြေးဖို့၊ ထွက်မကြည့်ဖို့၊ ဗီဒီယို၊ ဓာတ်ပုံတွေ မရိုက်ဖို့၊ မာကျောတဲ့ နံရံတွေမှာ ခေါင်းကိုကပ်ထားတာမလုပ်ဖို့ မှန်၊ ပြတင်းပေါက်အနီးမှာ မနေဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ လူအများစုပြီး မနေကြဖို့လိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု လုံးဝငြိမ်သွားချိန်မှသာ ပုန်းအောင်းရာနေရာကနေ ထွက်ဖို့ တိုက်တွန်းလိုပါတယ်။
ထပ်မံဖြည့်စွက်ချင်တာက လေယာဥ်ကပစ်တဲ့အချိန်မြေပြင်မှာဝပ်ပြီးခေါင်းကို တံထောင်နှစ်ဖက်နဲ့ကာတာက ဗုံးတွေရဲ့ထုံးစံက ပေါက်ကွဲရင် ဒယ်အိုးသဏ္ဍာန် ဘေးဘီကို ၁၅ဒီဂရီလောက်အပေါ်ကိုစောင်းပြီးအစအနတွေလွှင့်စင်ပါတယ်၊ထိရောက်မှုအကျယ်ကတော့ ဗုံးအကြီးအသေးအပေါ်မူတည်ပါတယ်။ ဒီအတွက် ကိုယ့်အပေါ်တည့်တည့်ဗုံးမကျဘူးဆိုရင် ရောက်ရာနေရာမှာ မြေပြင်မှာ ပြားနေအောင်ဝပ်ထားရင် ပိုလုံခြုံပါတယ်၊ လွှင့်စင်ထွက်လာတဲ့အစအန တွေဟာ ဘေးကို လွှင့်စင်ထိရောက်တာမို့ ပြတင်းပေါက်အနား၊ထုထည်ပါးတဲ့သစ်ပင်၊ အိမ်အကာနား၊ ဝါးထရံအနားမနေဖို့သတိပေးတာဖြစ်ပါတယ်၊ ဗုံးအစအနနဲ့စက်သေနတ် ကျည်မှန်တိုင်းလည်း မသေတတ်ပါဘူး။
အဓိက က လူ့ခန္ဓာကိုယ်မှာ ခေါင်း၊ နှလုံးနေရာနဲ့ဆီးစပ်တို့ကို တိတိပပ မထိရင် မသေပါဘူး။ ဒါကြောင့်ကျည်ကာအင်္ကျီဝတ်ကြတာအခါ အပေါ်ပိုင်းသာအဓိကဝတ်ပြီး ခေါင်းကိုတော့ သံကမောက်၊ ကျည်မတိုးတဲ့ ဖိုက်ဘာခမောက်ဆောင်းကြရတာ ဖြစ်ပါတယ်။ ဒါကိုနားလည်ထားကြဖို့လည်းအကြံပြုလိုပါတယ်၊ ဒါမှသာ လိုရင်းကိုရောက်မယ်ထင်ပါတယ်။
ဒါ့အပြင် ဓာတုလက်နက်တွေကျရောက်တဲ့နေရာအနီးကို အကာအကွယ်ဝတ်စုံတွေမပါဘဲသွားတာ၊ လက်ဗလာနဲ့ ပစ္စည်းတွေကိုကိုင်တွယ်တာ၊ လူနာတွေကိုကြည့်ရှုတာမလုပ်ဖို့ ၊ အဆိပ်ဓာတ်ငွေ့တွေဟာ ထိတွေ့၊ ရှူရှိုက်၊ မြိုချမိရင် အရေပြား၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်း၊ ပါးစပ်တို့ကနေ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ လည်းသတိပေးလိုပါတယ်။
စိုးဝင်းဆွေ(HPD) ရေးသားသည်။
“ Coordinated Sanction မလုပ်ရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသားအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ကျုးလွန်နိုင်” (အင်တာဗျူး)
Justic For Myanmar ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Tamar Institute of Development ၏ Research & Education Director မေတမာကို The Nation Voice က မေးမြန်းထားသည်။
မေး – JFM ရဲ့အချက်အလက်တွေက မြေပြင်မှာလက်ရှိဖြစ်နေတဲ့ မကွေးတိုင်းထဲက အခြေအနေတွေနဲ့ ကိုက်ညီမှုရှိလား။ ကိုက်ညီတယ်ဆိုရင် ဘာတွေက ကိုက်ညီလဲ၊ တကယ်လို့ မကိုက်ညီဘူးဆိုရင်ရော ဘာတွေက မကိုက်ညီတာလဲပေါ့။
ဖြေ – JFM က ဇန်နဝါရီ ၂၉ ကထုတ်ထားတဲ့ အစီရင်ခံစာမှာပါတဲ့ သူတို့ရဲ့ သုံးသပ်ဆန်းစစ်ချက်တွေက Interra resources ရဲ့ Annual reports တွေ၊ leaked ဖြစ်လာတဲ့ Gold Petrol ရဲ့ Financial Statement တွေအရတော့ corporate document တွေနဲ့ ထွက်လာတဲ့ Resource တွေကနေပြီးတော့ရလာတာတွေဖြစ်တယ်။ Gold Petrol က သုံးနှစ်အတွင်းမှာ ရေနံစိမ်းစည်ပေါင်း ၂.၃ မီလီယံ တန်ကြေးအားဖြင့်ဆို ဒေါ်လာ သန်း ၁၅၀ ကျော်လောက် အကျိုးရှိစေခဲ့တာတွေ့ရပါတယ်။ စစ်အုပ်စုရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကြည့်ခြင်းအားဖြင့် အဲ့ဒီရေနံစိမ်းတွေက အဆိုပါ ရာဇဝတ်မှုတွေကို လောင်စာဆီထောက်ပံ့ပေးနေတာကို သက်သေပြနေပါတယ်။ ဒီအစီရင်ခံစာထဲမှာ မကွေးတိုင်းထဲမှာရှိတဲ့ ရေနံမြေတွေထဲကမှ စကစနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို စပြီး ဖော်ထုတ် highlight လုပ်တယ်လို့ မြင်ပါတယ် ကနဦးအနေနဲ့ပေ့ါ။ အဲ့လိုတော့မြင်ပါတယ်။
မေး – JFM မှာ မပါရှိပေမယ့် မြေပြင်က သိထားတဲ့ အခြားအချက်အလက်တွေ ဘာတွေရှိနိုင်မလဲ။
ဖြေ- အဓိကကတော့ မန်းသံပုရာကန်ရဲ့ အရေးပါမှုပေါ့နော်၊ ချောက် ရေနံချောင်းက ထုတ်ယူရရှိတဲ့ ရေနံစိမ်းတွေကို သန့်စင်ဖို့ (အရပ်ပြောဆိုရင် ရေနံချက်ဖို့ပေ့ါနော်) မန်းသံပုရာကန်ကိုပို့တယ်၊ အဲဒီကနေ ဓာတ်ဆီ ဒီဇယ်ဆီ လေယာဥ်ဆီတွေပါထုတ်တယ်လို့ပြောတယ်။ စစ်အုပ်စုကလည်း ထုတ်နိုင်တယ်လို့ပြောထားတာရှိတယ်။ မြေပြင်က ကျွန်မတို့စုံစမ်းသိရသလောက်တော့ မန်းသံပုရာကန်မှာ လေယာဥ်ဆီထုတ်တာကိုပြောဖို့ခက်တယ်၊ ထုတ်နိုင်လောက်အောင် လူအင်အား၊ စက်အင်အားမရှိဘူးလို့ သိရတယ်။ အကယ်၍ ထုတ်ခဲ့သည်ရှိသော်လည်း ပမာဏ နည်းတာတော့ ဖြစ်နိုင်တယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ မရဏ ကုန်စည်ဆိုတဲ့ အစီရင်ခံစာမှာ စစ်တပ်ရဲ့ဖိုက်တာဂျက်များအတွက် Jet A1 လောင်စာဆီကို မန်းသံပုရာကန်မှာရှိတဲ့ သိုလှောင်ကန်တွေမှာ သိုလှောင်ပြီး မိတ္ထီလာ၊ မုံရွာ၊ မှော်ဘီ၊ နေပြည်တော် နဲ့ တောင်ငူလေတပ်စခန်းတွေကို ပို့ပေးတယ်လို့သိရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် မကွေးတိုင်းထဲမှာရှိတဲ့ မန်းသံပုရာကန် ရေနံချက်စက်ရုံဟာ Facility အားဖြင့်ရော လောင်စာဆီထုတ်လုပ်နိုင်မှုအပိုင်းမှာပါ စစ်အုပ်စုအတွက် အရေးပါနေတာကို တွေ့ရပါတယ်။
မေး- စင်္ကာပူက Interra resources ကို ပိတ်ပင်လိုက်ရင် အာဏာသိမ်းစစ်တပ်အနေနဲ့ တခြား နည်းလမ်းနဲ့ ဝယ်ယူနိုင်မယ်လို့ ထင်သလား။
ဖြေ – စစ်အုပ်စုကတော့ သူ့အတွက် လောင်စာတွေဖြည့်တင်းပေးနိုင်မယ့် ရေနံစိမ်းအထွက်နှုန်းကို ဘယ်နည်းနဲ့မှတော့ အကျခံမှာမဟုတ်ဘူး။ တခြားတစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ကြိုးစားမှာပဲပေ့ါနော်။ ဘာစာချုပ်တွေ ဘယ်လိုပဲရှိလာလာ ကျွန်မတို့ကတော့ ဒါတွေဆက်လုပ်သွားမယ် ရေနံစိမ်းမထုတ်လုပ်နိုင်ရင် စစ်အုပ်စုအတွက် အကန့်အသတ်တွေတော့ဖြစ်သွားပြီ ရေနံစိမ်းရရှိမှု ခက်ခဲမယ်၊ ကုန်ကြမ်းဖြစ်တဲ့ ရေခံစိမ်းမရှိခဲ့ရင် လူသတ်လက်နက် လောင်စာတွေလည်း ထွက်လာဖို့ခက်ပါလိမ့်မယ်။
မေး – စစ်တပ်က အရပ်ဘက် လေယာဥ်ဆီနဲ့ စစ်လေယာဥ်ဆီ သုံးစွဲတာ ခွဲထားသလား၊ ရောပြီးတင်သွင်းကြတာမျိုးလား။ အရပ်ဘက်ကိုပါ ပိတ်ဖို့မဖြစ်နိုင်ခဲ့ရင် ဒီဆောင်ရွက်ချက်က ထိရောက်နိုင်ပါ့မလား။
ဖြေ – လေယာဥ်ဆီတင်သွင်းတာကို စစ်အုပ်စုက ထိန်းချုပ်ထားတယ်၊ အဲဒီနေရာမှာ ခွဲထားမခွဲထားလားဆိုတာထက် စစ်အုပ်စုက ထိန်းချုပ်ထားတဲ့အတွက် အချိန်မရွေးယူသုံးလို့ရတဲ့အခြေအနေမှာရှိနေတယ်။

မေး- Interra resources က ရေနံစိမ်းထောက်ပံ့မှုရပ်ရင် စစ်တပ်အပေါ်ဘယ်လောက်ထိ impact ဖြစ်နိုင်လဲ။
ဖြေ – ရေနံစိမ်းထောက်ပံ့မှုဆိုတဲ့နေရာမှာ ချောက်၊ ရေနံချောင်းရေနံမြေတွေမှာ Interra Resources ရှယ်ယာပါဝင်ထားတဲ့ Gold Petrol ရဲ့ ပါဝင်မှုကြောင့်သာ ရေနံစိမ်းအထွက်နှုန်းတွေထိန်းထားနိုင် နေတာပါ။ အကယ်၍ အဲဒီလိုကုမ္ပဏီတွေ ထွက်သွားမယ်ဆိုရင် ဖြစ်နိုင်ချေကတော့ MOGE က သူရဲ့ ရှိတဲ့ အနည်းအကျဥ်းသောလူအရင်းအမြစ်နဲ့ စက်အိုစက်ဟောင်းတွေနဲ့ ဆက်လည်ပတ်ရမယ်ဆိုရင် အခုလက်ရှိထွက်နေတဲ့ အထွက်နှုန်းတွေကို ထိန်းထားနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါလိမ့်မယ်။ အဲဒီလိုနည်းသွားမယ်ဆိုရင် ရေနံစိမ်းကနေသန့်စင်ပြီးရလာမယ့် ဓာတ်ဆီ ဒီဇယ်အစရှိတာတွေလည်းရလာမှာမဟုတ်တော့ပါဘူး။ စစ်တပ်က crimes against humanity, war crimes တွေကျူးလွန်ဖို့အတွက် သုံးတဲ့ လေယာဥ်တွေ၊ ထရပ်ကား၊ တင့်ကား စတဲ့ ယာဥ်တွေအတွက် လောင်စာဆီတွေကို လုံလောက်အောင်ဖြည့်တင်းနိုင်ဖို့ အားနည်းသွားမယ်လို့ထင်ပါတယ်။
မေး- မေးခွန်းမှာမပါပဲ တခြားဖြည့်ပြောချင်တာဘာရှိမလဲ။
ဖြေ – ဒီအရေးယူဆောင်ရွက်မှုတွေက စကစပေါ်မှာ သက်ရောက်မှုရှိနိုင်တယ် ဒါပေမယ့်လို့ သူတို့အတွက်က ကယ်ပေါက်တွေရှိနေတယ် ခရိုနီတွေ၊ ဆက်စပ်လုပ်ငန်းရှင်တွေ၊ အကြီးစားကော်ပိုရေးရှင်းလိုဟာတွေကို coordinated sanction မလုပ်သရွေ့ကတော့ စကစမှာ ထွက်ပေါက်တွေရှိနေဦးမှာပဲ၊ ရှိထားတဲ့ ဆန်ရှင် (ပိတ်ဆို့မှုတွေ)ကို ရှောင်ရှားနိုင်မယ့်ကယ်ပေါက်တွေရှိနေဦးမှာပဲ။ အခုဆိုလည်း အီးယူနဲ့ ယူအက်စ်ကပဲ ဆန်ရှင် လုပ်ထားတယ် စစ်အုပ်စုမှာ လေယာဥ်ဆီ၊ လက်နက်၊ လောင်စာ ကယ်ပေါက်တွေအများကြီးရှိတယ် အဲဒီအတွက် coordinated sanction လုပ်ကြဖို့ကအရေးကြီးပါတယ်။ အစိုးရတစ်ခုချင်းကို ကျွန်မတို့ တောင်းဆိုကြရသလို သူတို့တွေ ပူးပေါင်းပြီး စုပေါင်းအရေးယူပိတ်ဆို့ပေးကြဖို့လည်း အရေးကြီးပါတယ်။
( Tamar Institute of Development သည် မကွေးအခြေစိုက် လွတ်လပ်သော မူဝါဒရေးရာ သုတေသနအဖွဲ့အစည်းဖြစ်ပြီး၊ တော်လှန်ရေးကာလအတွင်း လူထုဖွံ့ဖြိုးရေး၊ ဒေသတွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ပံ့ပိုးပေးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခုခံတွန်းလှန်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ )
လေကြောင်းကတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ၁၅ ရက်အတွင်း အရပ်သား ၃၅ ဦးကျော်သေဆုံး
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း အရပ်သားသေဆုံးသူ ၃၅ ဦးကျော်ရှိခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ The Nation Voice က စောင့်ကြည့်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နယ်၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တွေက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ကနေ အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းအထိ အာဏာသိမ်းစစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၅ ဦးနဲ့ အမျိုးသမီး ၁၀ဦးခန့်ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီလိုအရပ်သားတွေသေဆုံးမှုတွေအပြင် ဘုတလင်မြို့နယ် စိမ့်တောရွာ တောရဘုန်းကြီးကျောင်းက ဝါတော် ၃၀ ကျော်ရှိ သက်တော် ၅၀ ကျော်တဲ့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းမှာပဲ ကလေးမြို့နယ် တင်သားရွာနဲ့ ကုက္ကိုလ်ရွာ စာသင်ကျောင်းတွေက ယောဒေသ စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က Y 12 လေယာဥ်တစ်စီးနဲ့ ဗုံးကြဲချခဲ့တဲ့အတွက် အသက် ၅ နှစ်အရွယ် မောင်ဖြိုးမောင်၊ အသက် ၈ နှစ်အရွယ် မဖြူဖြူပွင့်၊ အသက် ၁၂နှစ်အရွယ် မမဲတူစိန်၊ အသက် ၁၇နှစ်အရွယ် မအိဇင်မိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းစု၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ၊ အသက် ၄၀ အရွယ် ဒေါ်အေးတင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနဲ့ အခြား ၃ ဦး စုစုပေါင်း အရပ်သား ၁၁ ဦး သေဆုံးသွားခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့က ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်ဟာ ပေါင် ၅၀၀ အားရှိတဲ့ ဗုံးသီးတစ်လုံးကြဲချသွားခဲ့တာကြောင့် ယာတောထဲမှာ အိမ်ဆောက်နေတဲ့ အဖိုးအိုနဲ့ မြေးဖြစ်သူ အမျိုးသား ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ တစ်ရက်တည်းမှာပဲ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နယ် တင်သားရွာကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ရတနာမာန်အောင် ဘုန်းကြီးကျောင်းနဲ့ ဦးဘိုဘို နေအိမ်ပေါ်ကို ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာမှာ သာသနိကအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကာ အခြား ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာတော့ ကန့်ဘလူမြို့နယ် ဖလံချိုင်ရွာ၊ ပေကြီးရွာ၊ ငါးရာနဲရွာ၊ လက်ထုတ်ကုန်းရွာတို့ကို လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီလအတွင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချမှုတွေအပြင် စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စက်တပ်လေထီးတွေ အသုံးပြုလာပြီး ဗုံးကြဲချ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက The Nation Voice ကိုသတင်းပေးပို့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကနီမြို့နယ် ဆူးလေကုန်းရွာ၊ နတ်လာပို့ မြောက်ရွာ၊ နတ်ကြီးရွာနဲ့ မုဌောရွာတို့ကို အာဏာသိမ်းစစ်တပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းမင်းဇော်၊ အသက် ၄၉ နှစ်အရွယ် ဦးအေးလင်း၊ အခြား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရပြီး အသက် ၅၇ နှစ်အရွယ် ဒေါ်မုန်းဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညပိုင်းနဲ့ ၁၃ ရက်နေ့တွေမှာ မုံရွာမြို့နယ်ထဲက ညောင်ဖြူပင်၊ ဘုဘ၊ ဆူးလေကုန်း၊ ဂျိုစု၊ ဆားလင်းကြီးမြို့နယ်ထဲက ဝဲကြီးရွာ၊ ဘုတလင်မြို့နယ် စလွန်းရွာ၊ ကွမ်းခြံရွာ စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က Y 12 လေယာဥ်နဲ့ ဗုံးသီးအလုံးရေ စုစုပေါင်း ၆၀ ကျော် ကြဲချခဲ့ရာမှာ အသက် ၅နှစ်အရွယ် ၊ ၈နှစ်အရွယ်ကလေးငယ် ၃ ဦးအပါအဝင်၊ အမျိုးသမီး ၅ ဦးခန့်နဲ့ အမျိုးသား ၉ ဦးကျော် စုစုပေါင်း အရပ်သား ၁၇ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ သုံးရက်တာအတွင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က Y 12 လေယာဥ်နဲ့ ဗုံးသီးအလုံးရေ ၁၃၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
သွန်းမီ ရေးသားသည်။
ရေနံစိမ်းသယ်/ပို့တဲ့လမ်းကြောင်း PDF ကိုကြောက်လို့ ပြောင်းလိုက်ရပြီ
မြန်မာနိုင်ငံရဲ့ ရေနံစိမ်းအများဆုံးထွက်ရှိရာ ချောက်ရေနံမြေက ရေနံစိမ်းတွေကို လောင်စာဆီအဖြစ် ချက်လုပ်ဖို့ မင်းလှမြို့နယ်က မန်းသံပုရာကန်ရေနံ ဓာတုဗေဒစက်ရုံကို ပို့ဆောင်ရာမှာ ပုံမှန်လမ်းကြောင်းကို အသုံးမပြုနိုင်တော့ဘဲ လမ်းကြောင်းပြောင်းပြီး ပို့ဆောင်နေရတယ်လို့ ချောက်ရေနံမြေက ရေနံမြေလုပ်သားတွေက The Nation Voice ကို ပြောပါတယ်။
ချောက်ရေနံမြေက ရေနံစိမ်းတွေကို ရေနံတင်တွဲသင်္ဘောတွေနဲ့တင်ဆောင်ပြီး အထက်မင်းလှမြို့က ရေနံချက်စက်ရုံဆီကို ပို့ဆောင်လေ့ရှိခဲ့ပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ရေနံတင်တွဲသင်္ဘောတွေထဲကတစ်စင်းကို သတိပေး ပစ်ခတ်ခဲ့တဲ့အတွက် ရေနံစိမ်းသယ်ယူတဲ့လမ်းကြောင်းကို ပြောင်းလည်းခဲ့တာလို့ ရေနံမြေလုပ်သားတွေကဆိုပါတယ်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းက ခြောက်လှန့်ပြီး ပစ်ခဲ့တာပါ။ အဓိကကတော့ တားတဲ့သဘောပေါ့၊ အဲဒီနောက်ပိုင်း သင်္ဘောသားတွေက လုံခြုံရေးတောင်းတယ်၊ အဲဒါကို လုံခြုံရေးအတွက် သင်္ဘောတစ်စီးကို ရဲနှစ်ယောက်ပဲပေးတော့ ဘယ်သူမှမသွားရဲကြပဲ ရပ်ထားခဲ့ကြတာ” လို့ ချောက်ရေနံမြေက ရေနံမြေလုပ်သားတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာတော့ ချောက်ရေနံမြေက ရေနံစိမ်းသိုလှောင်ကန်တွေ ပြည့်သွားတဲ့အတွက် အချို့သော ရေနံတွင်းတွေက ရေနံထုတ်လုပ်မှုကို ခတ္တရပ်နားခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ ချောက်ရေနံမြေက ရေနံစိမ်းတွေကို ချောက်မြို့ကနေ ရေနံချောင်းမြို့အထိ ဆီဘောက်ဆာကားတွေနဲ့ သယ်ယူလာပြီး ရေနံချောင်းမြို့ကတဆင့် တွဲသင်္ဘောတွေနဲ့ မင်းလှမြို့က ရေနံချက်စက်ရုံဆီကို ပို့ဆောင်နေတယ်လို့ ရေနံချောင်းရေနံမြေက ရေနံမြေလုပ်သားတွေကဆိုပါတယ်။
“နေ့တိုင်းပို့တာ။ ဘောက်ဆာအဖြူချည်း ၁၃စီး။ MOGE ဘောက်ဆာ၊ အရပ်ဘောက်ဆာ အားလုံး ၁၃စီး” လို့ ရေနံမြေလုပ်သားတစ်ဦးက The Nation Voice ကို ပြောပါတယ်။
ရေနံချောင်းရေနံမြေကို ရေနံစိမ်းပို့ဆောင်ဖို့အတွက် ဘောက်ဆာကားတွေထဲကို ရေနံစိမ်းဖြည့်တင်းတဲ့လုပ်ငန်းက ညပိုင်းမှာလုပ်ဆောင်လေ့ရှိပြီး ချောက်ရေနံမြေသယ်ပို့/စက်ပြင်ဌာနဝန်းထဲမှာ ရေနံစိမ်းဖြည့်တင်းထားတဲ့ ဆီဘောက်ဆာကားတွေကို ညအိပ်ရပ်နားထားလေ့ရှိတယ်လို့ အခြားဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။ ဒီနောက်မှာတော့ အဆိုပါကားတန်းဟာ ချောက်မြို့ကနေ မနက် ၆ နာရီမှာ ရေနံချောင်းမြို့ကို စတင်ထွက်ခွါတယ်လို့ ဝန်ထမ်းက ဆက်ပြောပါတယ်။
ဒီယာဉ်တန်းဟာ ရေနံချောင်းမြို့ရှောင်လမ်းကတဆင့် ရေနံချောင်းကောလိပ်အရှေ့ဘက်က ရေနံသိုလှောင်တဲ့သံကန်ကြီး နှစ်ကန်ဆီကို ရေနံစိမ်းပို့ဆောင်ပေးနေပြီး အဆိုပါသံကန်တွေမှာ ရေနံစိမ်းတွေကို ခေတ္တသိုလှောင်ထားတယ်လို့ ရေနံမြေလုပ်သားတွေကဆိုပါတယ်။
“ရေနံစိမ်းနဲ့ အသွားကို မြို့ရှောင်လမ်းကသွားတယ်၊ အရပ်သားဘောက်ဆာတွေနဲ့ဆိုတော့ သိပ်မသိသာဘူး၊ ချောက်ကို အပြန်ကျရင်တော့ မြို့ထဲလမ်းကပြန်တယ်” လို့ ရေနံချောင်းရေနံမြေက ဝန်ထမ်းတစ်ဦးက ရှင်းပြပါတယ်။
ရေနံချောင်းရေနံမြေဟာ အရင်က တစ်နေ့ကို အမေရိကန်ရေနံစည်ပေါင်း သုံးထောင်ကျော်ထွက်ရှိပြီး အခုတော့ အမေရိကန်ရေနံစည်ပေါင်း ထောင့်တစ်ရာကျော်ပဲထွက်ရှိတော့တယ်လို့ ရေနံမြေCDM ဝန်ထမ်းတစ်ဦးကThe Nation Voiceကိုပြောပါတယ်။
“နဂိုက ရေနံချောင်းကအများဆုံးထွက်တာ။ ချောက်ထက်တောင် ရေနံချောင်းကအများဆုံးထွက်တာ။ ရေနံချောင်းပြီးမှ ချောက်က ဒုတိယလိုက်တာ။ အခုကချောက်က ပထမဖြစ်သွားပြီ။ ချောက်ကထွက်တာ တစ်နေ့ကို ၁၂၀၀နဲ့ ၁၃၀၀ ကြားရှိတယ်ပြောတယ်” လို့ အဆိုပါ ရေနံမြေCDM က ဆက်ပြောပါတယ်။
ရေနံစိမ်းသယ်ယူမှုကို ချောက်ရေနံမြေကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး မင်းလှမြို့နယ်က မန်းသံပုရာကန်ရေနံဓာတုဗေဒစက်ရုံစုဆီကို သင်္ဘောတွေနဲ့ ပို့ဆောင်လေ့ရှိပေမယ့် ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်ကြားက ဧရာဝတီမြစ်ကြောင်းနေရာအချို့ကို ဒေသကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ရက် မနက် ၁၁နာရီကျော်မှာ ရေနံချောင်းကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတစ်စီးကို စလင်းမြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် ချောက်ရေနံမြေကနေ မန်းသံပုရာကန်ရေနံဓာတုဗေဒစက်ရုံစုကိုရေနံသယ်ပို့တဲ့ မကွေး -ရေနံချောင်း -နတ်မောက်လမ်းပိုင်းကိုလည်း ဖေဖော်ဝါရီ ၆ရက် နေ့လယ် ၁နာရီကနေ ညနေ ၄နာရီခွဲအထိ တမာမြေအထူးစစ်ကြောင်းနဲ့မဟာမိတ်အဖွဲ့တွေက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂၁ရက်နေ့လယ်ပိုင်းမှာလည်း တိုင်းမြို့တော်အနီးက မကွေး-ရေနံချောင်းကားလမ်းကို မြေလတ်လင်းပိုင်စစ်ကြောင်းက တစ်နာရီကြာလမ်းပိုင်းစစ်ဆေးမှုပြုလုပ်ခဲ့ပါသေးတယ်။
ငြိမ်း ရေးသားသည်။
