ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကိုင်းတိုင်းထဲက PDF လက်နက်ကိုင် တဦးလို့ ယူဆရတဲ့ Hnin Yape Nwai ဖေ့စ်ဘုတ်အကောင့်က ပို့စ်တခုကို ရေးတင်ခဲ့တာ သတိပြုမိပါတယ်။
သူ့ရဲ့ ပို့စ်မှာ ရေးထားတာက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းရော၊ ဒုတိယလှိုင်းမှာပါ စစ်ကိုင်းတိုင်းက လူငယ်တွေ ထောင်နဲ့ချီ ရှမ်းမြောက်မှာ ကျဆုံးခဲ့ကြရတယ်။
ကျဆုံးတဲ့အရေအတွက်ဟာ ထောင်ဂဏန်းနဲ့ရှိတယ်လို့ ပို့စ်မှာ ဆိုထားပြီး ရွာတိုင်းလိုလို အုတ်ဂူအနီတွေ တန်းစီနေတယ်လို့လည်း သူကရေးသားထားပါတယ်။
သူ့ပို့စ်ရဲ့ အဓိကဆိုလိုရင်းက NUG အနေနဲ့ စစ်ကိုင်းတိုင်းက PDF အဖွဲ့တွေကို လက်နက်မထောက်ပံ့နိုင်တာကြောင့် စစ်ကိုင်းက လူငယ်တွေ လက်နက်ရဖို့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ သွားရောက်တိုက်ခိုက်ပေးပြီး အပြန်မှာ လက်နက်နဲ့ ပြန်လာဖို့ စိတ်ကူးခဲ့ကြတဲ့အကြောင်းနဲ့ NUG ကို အားမလိုအားမရဖြစ်တာ အပြစ်တင်တဲ့သဘော ရေးထားတာပါ။
ဒါ့အပြင် ပို့စ်ပိုင်ရှင်က ရှမ်းမြောက်ဒေသတွေမှာ စစ်ကိုင်းသားတွေ သွားရောက်တိုက်ခိုက်ပေးခဲ့ကြပေမယ့် စစ်ကိုင်းတိုင်းမြောက်ပိုင်းက မြို့တွေသိမ်းတဲ့အခါ စစ်ကိုင်းသားတွေကို မေ့ထားခဲ့ကြတယ် လို့လည်း ရေးသားထားပါသေးတယ်။
ဒီပို့စ်က ဘယ်အချက်ကို လှစ်ဟခဲ့သလဲ ဆိုရရင် စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့တွေ လက်နက်ရဖို့ ခက်ခဲတဲ့ အခြေအနေ၊ ရှမ်းမြောက်စစ်ဆင်ရေးတွေမှာ “လူပေး လက်နက်ယူ”လို့ သတင်းမီဒီယာအချို့က အတိုချုံ့ သုံးနှုန်း ရေးသားတဲ့ လက်နက်အင်အားတောင့်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက လူအင်အား ပိုမိုလိုချင်တာကြောင့် အချိန်ကာလတခု အတွင်း ပါဝင်တိုက်ခိုက်ပေးမယ့် လူအင်အားနဲ့ လက်နက်လဲယူကြတဲ့ အခြေအနေကို လှစ်ဟပြခဲ့တာကို သတိပြုမိပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်လိုပဲ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတချို့မှာ မကွေး၊ ယော၊ ဆောနယ်က PDFတွေလည်း လူပေးလက်နက်ယူ သဘောတူညီမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်ဆိုတဲ့ ရေးသားမှုတချို့လည်း လူမှုကွန်ရက်တွေမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းဒေသတွေက PDF လက်နက်ကိုင် တွေအဖို့ လက်နက်ရရှိဖို့ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလို အဆက်အသွယ်၊ သယ်ယူရေး လမ်းကြောင်း၊ ငွေကြေး စတာတွေ မပြည့်စုံကြပါဘူး။
ဒီလိုအခြေအနေက PDF လက်နက်ကိုင် အဖွဲ့တွေ ရွာအလိုက် မြို့အလိုက်ဖွဲ့ကြပေမယ့် လက်နက်နဲ့ ခဲယမ်းက မလုံလောက်ကြတဲ့ အခြေအနေမျိုး ရင်ဆိုင်ကြရတာပါ။
ဒီအခြေအနေက လက်နက်ရရှိဖို့၊ စစ်ပညာသင်ယူဖို့ အကြောင်းအချက်တွေအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အားကိုးကြရတဲ့ အနေအထားဖြစ်နေတဲ့ သဘောလို့လည်း ကောက်ချက်ချနိုင်ပါတယ်။
ဒီအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လို အဖြေရှာနိုင်မလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
တဖက်မှာလည်း စစ်ကိုင်းတိုင်းမှာ NUG လက်အောက်က ပကဖ၊ ပအဖ၊ ပလဖ မြို့နယ်တွေ အများကြီး ရှိပြီလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
ပ သုံးလုံးမြို့နယ်တွေ အများအပြားရှိနေသည့်တိုင် လက်နက်ခဲယမ်း မလုံလောက်တဲ့ ပြဿနာက ရှိနေဆဲလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
စစ်ကိုင်းတိုင်းလိုဒေသမျိုးမှာ အခြား ပဲခူး၊ မန္တလေး၊ ဧရာဝတီတို့ထက် ပသုံးလုံး အုပ်ချုပ်ရေး ကာကွယ်ရေးနဲ့ လုံခြုံရေး ဖွဲ့စည်းထားတာတွေ ရှိပေမယ့်လည်း လက်နက်ခဲယမ်းနဲ့ ရံပုံငွေလုံလောက်အောင် ထောက်ပံ့နိုင်တဲ့ အနေအထားမဟုတ်၊ NUG ရဲ့ အမိန့်၊ စည်းမျဥ်းစည်းကမ်း၊ ညွှန်ကြားမှုအောက်မှာ အများကြီး ရှိမနေကြတဲ့ သဘောလို့ နားလည်ရပါတယ်။
ခုရက်ပိုင်း စစ်ကိုင်းနဲ့ မကွေးဒေသတွေနဲ့ ပတ်သက်လို့ MDY-PDF ကလည်း စစ်ကိုင်း တပ်မဟာဖွဲ့စည်းမယ် ဆိုတဲ့ ပြောဆိုချက်ပေါ်ထွက်လာသလို NUG ကလည်း စစ်ကိုင်းတိုင်းထဲမှာ NUG ရဲ့ ဝန်ကြီးဌာနတွေ ရုံးထိုင်မယ်ဆိုတဲ့ အကြောင်း သတင်းမီဒီယာကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
MDY-PDF ဟာ TNLA ရဲ့ အကူအညီနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့ တဖွဲ့လို့ ယေဘုယျ အားဖြင့် သိရှိထားကြပါတယ်။
အခုလို စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ် ဆိုတဲ့အချက်က စစ်ကိုင်းတိုင်းထဲမှာ ရှိကြတဲ့ PDF, LPDF နဲ့ NUG လက်အောက်က ပကဖ အဖွဲ့တွေ အနေနဲ့ ဘယ်လိုသဘောတူညီမှုနဲ့ ပူးပေါင်းကြမလဲ သို့မဟုတ် သီးခြားစီ လှုပ်ရှားကြမလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပေမယ့် လောလောဆယ်မှာ ဘယ်သူမှ အဖြေမပေးနိုင်သေးတဲ့ အနေအထားလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ NUG လက်အောက်က အဖွဲ့တွေ အပြင် BPLA လို့ခေါ်တဲ့ မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာလူမျိုး လက်နက်ကိုင်တပ်လည်း မကြာသေးတဲ့ ကာလတွေက ရှမ်းမြောက်ဘက်ကနေ ဆင်းလာပြီး စစ်ကိုင်း မကွေး အညာဒေသမှာ လှုပ်ရှားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
ဗမာလူမျိုးအများစု နေထိုင်ကြတဲ့ အညာ၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတို့ရဲ့ အနေအထားဟာ သီးခြားစီရပ်တည်နေကြပြီး မဟာမိတ်ဖွဲ့မှု မတူကြတဲ့ လက်နက်ကိုင် တပ်တွေ စုဝေးနေတဲ့ ဒေသကြီးလို ဖြစ်နေပြီး ဒီအနေအထားကို NUG က ဘယ်လိုစုစည်းမလဲ ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
၂၀၂၅ခုနှစ်မှာ ပြည်နယ် ဒေသတွေထက် တိုင်းဒေသတွေမှာ စစ်ပွဲတွေ ပိုမိုအရှိန်မြင့်လာမယ့် အလားအလာတွေ ပေါ်ထွက်လာနေတာနဲ့ အတူ ဘယ်လိုစုစည်းကြမလဲဆိုတဲ့ အချက်ကလည်း အရေးကြီး တဲ့ မေးခွန်း တခု ဖြစ်လာနေတာတွေ့ရပါတယ်။
တင်အောင်မိုးရေးသားသည်။


