စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ပြည့်လို့ ၅ နှစ်ထဲ ဝင်လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လေးနှစ်အတွင်းမှာ အရွေ့တွေသိသိသာသာ ရှိလာပါတယ်။ ပထဝီအနေအထားအရဆိုရင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ မြို့အရေအတွက်ဟာ ၉ဝ အထိရှိလာပြီလို့ ဘီဘီစီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၂၃ မြို့မှာ မြို့နယ်အများစု အပါအဝင် မြို့ပေါင်း ၉ဝ ကျော်ကို တော်လှန် ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းစဉ်က လက်နက်ကိုင်တော်လှန်ရေးမရှိ တိုက်ပွဲများမရှိတဲ့ ရခိုင်ပြည်နယ် မှာဆိုရင်လည်း အာရက္ခတပ်တော်က ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ မြေပုံနယ်တို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မှာသာ အာဏာသိမ်းစစ်တပ်ကျန်နေပြီး အခု စစ်တွေကို စတင်တိုက်ခိုက်နေပါတယ်။ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ကိုသာမက ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတွေကို စစ်မျက်နှာ တိုးချဲ့နေပါတယ်။ အရင်းလှဲ အဖျားထင်းဖြစ်ဆိုတဲ့ စစ်ရေးသဘောတရားအတိုင်း ဦးနေဝင်းလက်ထက်ကစလို့ သဘာဝခံစစ်စည်းလုပ် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းတည်ထားတဲ့ ကပစ လို့ခေါ်တဲ့ မကွေးတိုင်းထဲက စစ်လက်နက်ပစ္စည်းစက်ရုံတွေ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး စတင်တောက်လောင်ချိန် ရန်ကုန်အစိုးရလို့ အခေါ် ခံရချိန်ကစလို့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ် သန္ဓေတည်လာတာပါ။ နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိတဲ့ စစ်တပ်ဟာ အာဏာသိမ်းလေးနှစ်တာအတွင်း တပ်စခန်းတွေ၊ စစ်ဌာနချုပ်တွေ စံချိန်တင်ဆုံးရှုံးခဲ့ရတယ်။ ဟောင်ဝစ်ဇာအမြောက်လို၊ ၁၂၀ မမလို ဗျူဟာမြောက်လက်နက်တွေ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းပေါင်း ၁၈၀ နီးပါးဆုံးရှုံးခဲ့ရပြီး လပေါင်းများစွာ နှစ်နဲ့ချီတိုက်ယူခဲ့ရတဲ့ မာနယ်ပလောလို စခန်းကြီးတွေကိုပါ ပြန်လက်လွတ်ဆုံးရှုံး လိုက်ရပါတယ်။
စစ်တပ်ကြီးစိုးရေး အတွေးအခေါ် တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတဲ့ ပြည်သူတွေရဲ့ အထက်မှာနေချင်တဲ့ စစ်အာဏာရှင်စနစ်ဟာ နှစ်ပေါင်း ၇၀ လောက်အတွင်း မကြုံစဖူးရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။
အခုလေးနှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ဟာ နယ်မြေဒေသတွေသာမက ဘက်ပေါင်းစုံ ရှုံးနိမ့်နေတာပါ။ နိုင်ငံတကာ သံခင်းတမန်ခင်းမှာလည်း အောင်မြင်မှုဗလာနတ္ထိ ရှုံးနိမ့်မှုအတိနဲ့ပါ။ တရုတ်နိုင်ငံအနေနဲ့ကလည်း ဂက်(စ်)ပိုက်လိုင်းနဲ့ တကောင်းနီကယ်စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတို့လိုရင်းနှီးမြှုပ်နှံမှုတွေကြောင့်သာ အာဏာသိမ်းစစ်တပ်ကို ဆက်ဆံနေတာပါ။ မြွေမသေတုတ်မကျိုး ဆက်ဆံနေတာပါ။ အခုနောက်ဆုံး ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်ပြဿနာဟာ အာဏာသိမ်းစစ်တပ်အတွက်ရော အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါ BGF တွေပါ မျက်ဖြူဆိုက်နေရတဲ့ကိစ္စဖြစ်ပြီး မီးခိုးကြွက်လျှောက် တနွယ်ငင်တစင်ပါမဲ့ကိစ္စလည်းဖြစ်ပါတယ်။
လေးနှစ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်က တပ်မမှူး ဗျူဟာမှူးအဆင့် အပါအဝင် အရာရှိကြီးတွေပါ သေဆုံး၊ ဖမ်းမိ၊ လက်နက်ချတာလည်းရှိလာပြီး အရေအတွက်အားဖြင့်လည်း ထပ်တိုးလာဦးမယ့် အရိပ်အရောင်တွေလည်း တွေ့နေရတယ်။ တကယ်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဗိုလ်မင်းအောင်လှိုင်တို့ တတိယအကြိမ် ၁၉၈၈ ခုနှစ် အာဏာသိမ်းလိုက်ကတည်းက စစ်အာဏာရှင်စနစ်ရှုံးနိမ့်ဖို့ဖြစ်လာတာပါ။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းစဉ်က စတွက်ရင် နှစ်ပေါင်း ၃၀ ကျော် ထွက်ပေါက်ပိတ်နေတဲ့ န၀တ၊ နအဖ စစ်အစိုးရဟာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ ၂၀၁၀ မှာ နိုင်ငံရေးအရ ထွက်ပေါက်ရခဲ့ပါတယ်။ ဖိနှိပ်မှုတချို့ဖြေလျှော့ပေး လွှတ်တော်နိုင်ငံရေးလည်းရှိလာကာ အခွင့်အရေးကောင်းတချို့ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီအခွင့်အရေးကောင်းတွေထဲမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို သတ်ဖြတ်ခဲ့တာ၊ စစ်ကြောရေးနဲ့ထောင်တွင်း သတ်ဖြတ်မှုတွေကိုပါ ပြည်သူတွေက သင်ပုန်းချေခွင့်လွှတ်ပေးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကစပြီး အာဏာလုပ်ပိုင်ခွင့်နဲ့ အကျင့်ပျက်ခြစား အခွင့်ထူးခံရယူထားတဲ့ ဗိုလ်သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်တွေ ကြွယ်ဝချမ်းသာမှုတွေကို ပြည်သူတွေက မျက်စောင်းမထိုးခဲ့ပါဘူး။
လိုတာထက်ပို အလိုလောဘကြီးတဲ့ ဗိုလ်မင်းအောင်လှိုင်အပါအဝင် မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေ နားလည်ခွင့်လွတ်ပေးမှုကို လက်နက်အားကိုးနဲ့ ဖိနှိပ် စော်ကားခဲ့တယ်။ လေးနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု၊ ရွာတွေကို မီးရှို့မှုအပါအဝင် ကလေးတွေနဲ့ အမျိုးသမီးတွေကိုပါ သတ်ဖြတ်မှုလို စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်။ အကျင့်ပျက်ခြစားမှုအပါအဝင် ကိုယ်ကျိုးရှာလွန်းတဲ့ စစ်ခေါင်းဆောင်ကြီးငယ်တွေကို ပြည်သူတွေ အော့နှလုံးနာ ရွံ့မုန်းတော်လှန်လာကြတယ်။ သေချာတာက စစ်တပ်ဟာ ဘယ်လိုမှမနိုင်ဘဲ အနှေးနဲ့ အမြန်ချုပ်ငြိမ်းတော့မှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအချက်တွေအရ အာဏာသိမ်းစစ်တပ် ရှုံးနိမ့်နေတယ်ဆိုတာ လေးနှစ်တာ အဖြစ်အပျက်တွေက ပြသနေပါတယ်။
မေးစရာ မေးခွန်းတစ်ခုက အာဏာသိမ်းစစ်တပ်ရှုံးနိမ့်ခြင်းဟာ မင်းအောင်လှိုင်ရှုံးနိမ့်ခြင်းဟာ ပြည်သူတွေရဲ့ အောင်ပွဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
တကယ်တော့ အုပ်ချုပ်သူအပြောင်းအလဲ လူပုဂ္ဂိုလ်အပြောင်းအလဲထက် Institution တစ်ခုလုံး တော်လှန်ပြောင်းလဲ နိုင်မှသာ ပြည်သူတွေအတွက် စစ်မှန်တဲ့အောင်ပွဲ ဖြစ်ပေလိမ့်မယ်။ ဗိုလ်နေဝင်း တည်ထောင်ခဲ့တဲ့ စစ်တပ် Institution ဟာ လူမှုရေး၊ ဘာသာရေး၊ ပညာရေးအပါအဝင် စီးပွားရေး၊ ဝါဒဖြန့်ချီရေး၊ အုပ်ချုပ်ရေးယန္တရားအပါအဝင်အလုံးစုံ စစ်တပ်ကြီးစိုးရေး အတွေးအခေါ်ကို အခြေခံထားတဲ့ စစ်တပ်ဖြစ်ပါတယ်။ ဘာသာရေးအတွက် မဘသ လိုမျိုး အဖွဲ့အစည်းတွေကို မွေးထုတ် အစ္စလာမ်အပါအဝင် တခြားဘာသာတွေကို နှိပ်ကွပ်ထားပါတယ်။ စီးပွားရေးတွင် ဦးပိုင် အောက်မှာ ဆန်၊ ဆီ၊ အဖျော်ယမကာ၊ ဖုန်းဆင်းကတ်၊ ဆေးလိပ်အပါအဝင် နယ်ပယ်အားလုံးကို ချုပ်ကိုင်ထားပါတယ်။ အုပ်ချုပ်ရေးမှာ မိုးကျရွှေကိုယ်လို့ခေါ်တဲ့ စစ်တပ်ထွက် ယူနီဖောင်းချွတ်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဆင့်ကနေ ဝန်ကြီးဌာနအဆင့်အထိ ချုပ်ကိုင်ထားတာကို မြင်နိုင်ပါတယ်။
လုပ်ဟန်အရလည်း ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အတွေးအခေါ်ကိုအခြေခံကာ စာနာမှုမရှိ၊ တဖက်သတ် ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ ဥပဒေ စိုးမိုးမှုမရှိ ငွေများတရားနိုင်အုပ်ချုပ်ခဲ့တယ်။ အကြောက်တရားသွပ်သွင်းခဲ့တယ်။ အာဏာခွဲဝေမှုမရှိ ဗဟိုချုပ်ကိုင်မှုဦးစားပေး စီမံခန့်ခွဲမှုတွေဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူတွေလိုလားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟာ နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတဲ့ အုပ်ချုပ်သူ အပြောင်းအလဲ မဟုတ်ဘဲ အတွေးအခေါ်လုပ်ဟန် အလုံးစုံပြောင်းလဲ လိုက်တဲ့ Institution သစ်တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။
စစ်မှူးငယ် ရေးသားသည်။


