ဒီတစ်ပတ်မှာတော့ ကလေး၊လူကြီးတွေမှာပါ ဖြစ်တတ်ကြတဲ့ သန်ကောင် တုတ်ကောင် အကြောင်းလေးကို မျှဝေချင်ပါတယ်။
သန်ကောင်၊ သန်လုံးကောင်၊ တုတ်ပြားကောင် အစရှိတဲ့ သန်ကောင်၊ တုတ်ကောင်တွေဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ကပ်မှီနေထိုင်ကြပါတယ်။ အူလမ်းကြောင်းထဲ နေထိုင်ရင်း အစာအာဟာရတွေကို စုပ်ယူစားသုံးကာ ဥထောင်ပေါင်းများစွာ ကို ဥချကြပါတယ်။ ဒီဥတွေဟာ အလေးသွားရင်း မစင်မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ရောက်ရှိကာ မစင်ထဲ၊ မြေကြီးထဲမှာ ရှိနေ ကြပါတယ်။ မမြင်ရနိုင်တဲ့ သန်ဥတွေရှိနေတဲ့ မြေကြီးပေါ်ဖိနပ်မစီးဘဲ နင်းတာ၊ သန်ဥတွေရှိနေတဲ့ အသီးအရွက်၊ သန်ဥ၊ သန်ကောင်တွေရှိနေတဲ့ အသားတွေကို စားသုံးမိတာကနေ လူနဲ့တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ထဲကို သန်ဥတွေရောက်ရှိကာ အဲဒီလမ်းကြောင်းထဲမှာ ထပ်မံပေါက်ဖွားကြပြန်ပါတယ်။ ဒီနည်းနဲ့ သန်ကောင်၊ တုတ်ကောင် သံသရာစက်ဝန်း မဆုံးနိုင်အောင်လည်ပါတယ်။
သန်ကောင်၊ တုတ်ကောင်တွေ အူထဲမှာ အရေအတွက်နည်းသေးရင် ဘာလက္ခဏာမှ မပြဘဲ ရှိတတ်ပါတယ်။ အပ်ချည်ကြိုးလိုမျိုး တုတ်ကောင်အသေးလေးတွေရှိရင် ညဘက်တွေမှာ စအို၀ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံတာကို ခံစားရတတ်ပါတယ်။ အကောင်ရေ ပမာဏများလာပြီဆိုရင်တော့ အော့အန်၊ ဗိုက်အောင့်၊ ဝမ်းလျှောခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကလေးငယ်များမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းခြင်း (သေးညှက်နေခြင်း) တွေဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေရဲ့နောက်ဆက်တွဲအနေနဲ့ အစားအသောက်ပျက်ခြင်း၊ ကိုယ်ခံအားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အူထဲမှာ ချိတ်သန်ကောင်ရှိနေရင် အူနံရံကသွေးဆုံးရှုံးတာတွေ ဖြစ်နိုင်ပြီး သွေးအားနည်းတဲ့ လက္ခဏာတွေပါ ခံစားလာရနိုင်ပါတယ်။
ဒီလက္ခဏာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အစားအသောက်ပျက်ခြင်း၊ ကိုယ်ခံအားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အူထဲမှာ ချိတ်သန်ကောင်ရှိနေရင် အူနံရံက သွေးဆုံးရှုံးတာတွေဖြစ်နိုင်ပြီး သွေးအားနည်းတဲ့ လက္ခဏာတွေပါ ခံစားလာရနိုင်ပါတယ်
သန်ကောင်အရေအတွက်ပမာဏ အလွန်များနေပြီး အူထဲမှာ အလုံးအထွေးနဲ့ ရှိနေရင် အူပိတ်ခြင်းလိုမျိုး အရေးပေါ် ခွဲစိတ်ကုသမှုခံဖို့ လိုအပ်တဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။ တချို့ကလေးငယ်တွေမှာဆိုရင် အူလမ်းကြောင်းထဲမှာ သန်ကောင်တွေက အစာ ရေမျိုပြွန်တစ်လျှောက် အပေါ်ကိုတက်လာပြီး နှာခေါင်းထဲ၊ ပါးစပ်ထဲကနေ သန်ကောင်တွေ ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ လည်ချောင်းထဲကတစ်ဆင့် လေပြွန်ထဲဝင်သွားပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။
အရေးမကြီးဘူးလို့ ထင်ရတဲ့ သန်ကောင်၊ တုတ်ကောင်တွေကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိပြီးကြချိန်မှာတော့ ကာကွယ်ဖို့နည်းလမ်းလေးတွေကို ဆက်လက် မျှဝေချင်ပါတယ်။ အစာမစားမီ၊ အိမ်သာကနေအဆင်း၊ စားစရာတွေ ချက်ပြုတ်ဖို့ မကိုင်တွယ်မီတွေမှာ လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောခြင်း၊ သန့်စင်ထားသောရေ၊ သောက်ရေသန့် သို့မဟုတ် ကျိုချက်ထားသောရေကိုသာ သောက်သုံးခြင်း၊ အသီးအနှံနဲ့ အသီးအရွက်တွေကို စင်ကြယ် အောင်ရေဆေးပြီးမှ စားသုံးခြင်း၊ အသားတွေကို ချက်ပြုတ်စားသောက်ရင် အစိမ်း၊ မကျက်တကျက်တွေကို မစားဘဲ ကျက်အောင်ချက်ပြုတ်ခြင်း၊ ယင်မနားအောင် ဖုံးအုပ်ထားခြင်းတွေ ပြုလုပ်ဖို့လိုပါတယ်။
လူကြီးရော ကလေးပါ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့လိုပါတယ်။ အထူးသဖြင့် လက်သည်းတိုတိုညှပ်ခြင်း၊ ကလေးတွေကို လက်သည်းကိုက်တဲ့ အလေ့အကျင့်မရှိစေခြင်းတွေကို ဂရုပြုရပါမယ်။ လယ်ထဲယာထဲဆင်းရင် ဖိနပ်စီးခြင်း၊ အညစ်အကြေးတွေကို ကိုင်တွယ်ရရင် လက်အိတ်အသုံးပြုခြင်း၊ အိမ်မွေးတိရိစ္ဆာန်မစင်တွေကို စနစ်တကျရှင်းလင်းခြင်းတွေ လိုအပ်ပါတယ်။
ဒါ့အပြင် သန်ကောင်၊ တုတ်ကောင်တွေ ခန္ဓာကိုယ်ထဲ ကပ်တွယ်နေတာကို ကာကွယ်ဖို့ လူကြီးရော ကလေးပါ ၆လ တစ်ကြိမ် သန်ချဆေးသောက်သုံးဖို့ လိုပါမယ်။ ပိုမိုတိကျစွာ ပြောရလျှင် လူကြီးတွေနဲ့ အသက် ၂ နှစ်အထက် ကလေးတွေမှာ သန်ချဆေး ပုံမှန်အတိုင်းတစ်လုံး၊ အသက် တစ်နှစ်နဲ့ နှစ် နှစ်ကြားကလေးတွေမှာ လိုအပ်ရင် တစ်ဝက်နှုန်း သောက်သုံးနိုင်ပါတယ်။ အသက် တစ်နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် ပထမသုံးလ အတွင်း အမျိုးသမီးများမှာတော့ သန်ချဆေးသောက်သုံးဖို့ မသင့်ပါဘူး။
မိမိ သို့မဟုတ် မိမိကလေးမှာ မစင်ထဲ သန်ကောင်ပါလျှင်၊ သန်ကောင်အပိုင်းအစ များပါလျှင်၊ စအိုဝ ယားယံမှုခံစားရလျှင် နှာခေါင်းထဲ ပါးစပ်ထဲမှ သန်ကောင်ထွက်လျှင် နီးစပ်ရာ ကျန်းမာရေးဌာနတွင် သွားရောက်ဆွေးနွေးပြီး သင့်တော်လိုအပ်သော သန်ချဆေးအမျိုးအစားနဲ့ ကုသမှုတွေကို ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
ဒေါက်တာစန္ဒီ CDM အထွေထွေဆရာဝန် ရေးသားသည်။


