ဇူလိုင် ၂၄
ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆူရင်ပြည်နယ်မှာရှိတဲ့ ထိုင်းစစ်စခန်းတစ်ခုကို ဒီနေ့မနက်မှာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆာကတ်ပြည်နယ်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ထိုင်းတော်ဝင်စစ်တပ်က ပြောကြားကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီနေ့မနက် ၇နာရီခွဲဝန်းကျင်မှာလည်း ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်၊ ဖနွမ်ဒုံရက်ခရိုင်မှာရှိတဲ့ တာမွန်သွမ်ဘုရားအနီးမှာ ကမ္ဘောဒီးယားက မောင်းသူမဲ့လေယာဉ်တစ်စင်း ပျံဝဲနေသံကို ကြားရပြီး ကမ္ဘောဒီးယားစစ်သား ခြောက်ဦးက ထိုင်းစစ်စခန်းရှေ့က သံဆူးကြီးတွေနားကို ဒုံးကျည်ပစ်နိုင်တဲ့ လက်နက်တွေနဲ့ ချဉ်းကပ်လာခဲ့တာလို့သိရပါတယ်။
ထိုင်းစစ်သားတွေဟာ ပဋိပက္ခမဖြစ်စေဖို့အတွက် ကမ္ဘောဒီးယားစစ်သားတွေကို အော်ဟစ်သတိပေးခဲ့ပေမယ့် မနက် ၈နာရီမိနစ် ၂၀မှာ ကမ္ဘောဒီးယားစစ်သားတွေက တာမွန်သွမ်ဘုရားနဲ့ မီတာနှစ်ရာဝေးတဲ့ မူးပါစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်ဒုတိယဒေသတပ်က ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။
ကမ္ဘောဒီးယားဟာ အနီးနား ရွာတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတဲ့ ပုံစံလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းစစ်တပ်ကပြောတယ်လို့ သိရပါတယ်။
မနက်၈နာရီခွဲနဲ့ ကမ္ဘောဒီးယားက အမြောက်တွေနဲ့ တာမွန်သွမ်ဘုရားကို ပစ်ခတ်ခဲ့ပြီး ၉နာရီ ၁၅မိနစ်မှာ မူးပါစစ်စခန်းရှိ နေရာတွေကို ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၉နာရီ မိနစ် ၄၀မှာ ဆီဆာကတ်ပြည်နယ်က ဒွန်တွမ်ဘုရားကို BM-21ဒုံးကျည်ပစ်လွှတ်တဲ့စက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
၉နာရီ ၅၅ မိနစ်မှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ဆူရင်ပြည်နယ်၊ ကပ်ချိုင်းခရိုင်ရှိ နယ်နမိတ်ဒေသဖွံ့ဖြိုးရေးစင်တာအနီးရှိ လူနေထိုင်ရာနေရာကို ပစ်ခတ်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက အဲဒီဒေသက ရွာခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ စီစဉ်ခဲ့တယ်လို့ ဘန်ကောက်ပိုစ့်က ရေးသားထားပါတယ်။


