ဇူလိုင် ၃ ၊ The Nation Voice
သတင်း – ကံ့ကော်
ပျံသန်းနေဆဲ တိုက်လေယာဉ် တစ်စီးက ဇူလိုင်လ ၁ ရက်နေ့ ညကတည်းက ရေဒါမှပျောက်ကာ အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေတယ်လို့ အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအချိန်မှာ ရာသီဥတု ဆိုးရွားနေပြီး တစ်ရက်ကျော်ကြာသည်အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။


တိုက်လေယာဥ် အမျိုးအစားကို ဖော်ပြထားတာ မရှိဘဲ အဲဒီတိုက်လေယာဉ်က နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ မှာ အဆက်အသွယ်ပြတ်သွားတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဆက်အသွယ်ပြတ်တောက်သွားတာမှာ အဲဒီတိုက်လေယာဉ်က စက်ချို့ယွင်းတာလည်း ဖြစ်နိုင်တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ တိုက်လေယာဉ်က ပျက်ကျတာဆိုရင် အာဏာသိမ်း စစ်တပ်အနေနဲ့ ယခုနှစ် ခုနှစ်လအတွင်းမှာ လေယာဉ် လေးစီးမြောက် ပျက်စီးဆုံးရှုံးမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တော်လှန်ရေးတပ်တွေရဲ့ ကန့်ဒေါင့် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ F-7 အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။


