ရေဦးနယ်က မီးဘေးသင့်ပြည်သူတစ်သောင်းကျော်အတွက် အကူအညီလိုအပ်နေဆဲဖြစ်

Date:

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာအပါအဝင် တခြားသော ကူညီထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဒီပဲယင်းညီနောင်များ အဖွဲ့ဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မီးဘေးသင့် ပြည်သူတစ်သောင်းကျော်အတွက် ဆန်၊ ဆီ ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ အပြင် စောင်၊ ခြုံထည်၊ ဆေးဝါးပစ္စည်းတွေနဲ့ အမိုးအကာတွေပါ လိုအပ်နေသေးတယ်လို့ အဲဒီအဖွဲ့ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

ရေဦးမြို့နယ်အခြေစိုက် People’s Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်ကတော့ “မြေပြင်စစ်ကြောင်းတွေကို ကြောက်ရလို့ ယာယီ ဖြစ် သလိုလေးတွေနေထိုင်နေကြရတယ်။ အညာဒေသက ဆောင်းတွင်းဆို တအားအေးတော့ စောင်ခြုံတွေလည်း လိုတယ်။ စားနပ်ရိက္ခာကတော့ အဓိကအရေးပါဆုံးလိုအပ်တာပေါ့။ ပြည်သူတွေလည်း နိုင်သလောက်လေးတွေ လှူပေးကြပါတယ်။ ရလာတဲ့ ငွေပမာဏပေါ်မူတည်ပြီး ခြုံစောင်လေးတွေတို့ စားသောက်စရာလေးတွေကို မြေပြင်ထိသွားပြီး လှူဒါန်းမှုလုပ်ပေးနေတယ်”လို့ The Nation Voice ကိုပြောပါတယ်။

မီးဘေးသင့် ပြည်သူတွေဟာ မီးလောင်ကျွမ်းပြီး ကျန်ရစ်ခဲ့တဲ့ သွပ်မိုးတွေကို အမိုးအကာအဖြစ် ကာရံထားပြီး မီးလောင်ပြာကျခဲ့ရတဲ့ နေအိမ်တွေရဲ့ နေရာမှာပဲ ယာယီနေထိုင်နိုင်ဖို့ ဆောက်လုပ်ထားကြ တယ်လို့ သူက ဆက်ပြောပြပါတယ်။

မီးရှို့ခံရတဲ့အထဲမှာ ဆန်စက်၊ ဆီစက်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေပါ မီးလောင် ဆုံးရှုံးခဲ့ရတာကြောင့် စီးပွားရေး ပြန်လည်လုပ်ကိုင် ဖို့ မလွယ်ကူတော့တဲ့အတွက် တံငါ၊ ပန်းရံ၊ လက်သမား စတဲ့ အလုပ်တွေကို လုပ်ကိုင်ပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် ပေါ်တူဂီနွယ်ဖွား ခရစ္စယာန် ဘာသာဝင် ဘုရင်ဂျီလူမျိုးတွေနေထိုင်တဲ့ ရေဦးမြို့နယ် ချမ်းသာရွာက သမိုင်းဝင် ခရစ္စယာန် ဘုရားကျောင်းကြီးအပါအဝင် အထက်တန်းကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေပါ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရေဦးမြို့နယ်မှာရှိတဲ့ ကျေးရွာ ၅၃ ရွာကို ၂ဝ၂၂ ခုနှစ်နဲ့ ၂ဝ၂၃ ခုနှစ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။ အာဏာသိမ်းစစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာ ၅၃ ရွာက အိမ်ခြေပေါင်း ၃၅၀၀ ကျော် မီးလောင်ဆုံးရှုံး ခဲ့ရပြီး သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ တစ်သောင်းကျော်မီးဘေးသင့်ခဲ့ရတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံစစ်သားနဲ့ ပျူစောထီးတွေဟာ ရေဦးမြို့နယ် ရွာမိဿာ၊ တင်းတိမ်ရံ၊ မုံတိုင်ပင်ရွာ၊ ချမ်းသာရွာ၊ ကုံးသာရွာ၊ ရွာသစ်ရွာ၊ ထန်းပင်ကုန်းရွာ၊ ဆည်ကြီးရွာ၊ ပေါက်သာရွာ၊ ဇိန့်ဇွန်းရွာ၊ ပိဋိကပ်ကျရွာ၊ ဇဝရွာ၊ ဝက်ဖိုးရွာ၊ ငှက်ပျောတောရွာ၊ တောင်ကုန်းရွာ၊ ချောင်း ဆုံရွာ၊ သရက်ကန်ရွာ၊ မိုးဒေါင်ရွာ၊ ကွမ်းအုံရွာ၊ ညောင်ပင်သာရွာ စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူနေအိမ်တွေ ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်သူတွေရဲ့မှတ်တမ်းတွေအရသိရပါတယ်။

ရေဦးမြို့နယ်က ကျေးရွာတွေကို ငါးကြိမ်ထက်မနည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ မော်လိုက်အခြေစိုက်တပ်ရင်း ခမရ-၃၄၆နဲ့ မှော်ဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ-၇ဝ၂ တပ်ရင်းတို့ဖြစ်ပြီး အဲဒီကာလမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ နယ်မြေရှင်းလင်းရေး လို့ ခေါင်းစဉ်တပ်ကာ လူနေအိမ်တွေပါ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် မုံတိုင်ပင်ရွာက အရပ်သား သုံးဆယ်ကျော်ကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့တယ် လို့ စောင့်ကြည့်လေ့လာထားတဲ့ မှတ်တမ်း တွေအရ သိရပါတယ်။

သွန်းမီ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...