မြို့သိမ်းတိုက်ပွဲအပြီး နှစ်ပတ်ကျော်ရှိလာပေမယ့် ပုလဲမြို့ကစစ်ရှောင်ပြည်သူ တစ်သောင်းကျော်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ Beyind The Chindwin Organization-BCO အထွေထွေအတွင်းရေးမှူး ကိုစိုပြေမင်းထင် ဆီက သိရပါတယ်။
မြို့သိမ်းတိုက်ပွဲ စဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ပုလဲမြို့ပေါ်က ပြည်သူတွေနဲ့ မြို့ အနီးနား ကျေးရွာ ၁၂ ရွာက ပြည်သူတွေသာ စစ်ရှောင်ခဲ့ကြရပေမယ့် တိုက်ပွဲရဲ့နောက်ပိုင်း ရက်တွေမှာ အာဏာသိမ်းစစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ပုလဲမြို့ပေါ်နဲ့ ကျေးရွာ ၂၆ ရွာက ပြည်သူ ၂ သောင်းဝန်းကျင်အထိ စစ်ရှောင်ခဲ့ရတယ်လို့ ကိုစိုပြေမင်းထင်က ဆိုပါတယ်။
“စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက် လို့ရယ် စိန်ခေါ်ချက်တွေကတော့ မြို့သိမ်း တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ အဓိကရင်ဆိုင်ကြုံတွေ့နေရတာ ဒီကနေ့ထိတိုင်အောင်ပါပဲ။ အရေးကြီးဆုံးကိစ္စကတော့ တစ်နေ့တာစားဝတ်နေရေးပေါ့။ စစ်ရှောင် ပြည်သူတွေက အများကြီးပဲ တစ်နေရာနဲ့ တစ်နေရာ အသားဟင်းမပါဘဲ ကျွေးရင် တော့ ၇ သိန်း ၈ သိန်းဝန်းကျင်လောက် အထိကုန်တယ်။ အဓိကတော့ စားဝတ်နေရေး က ပထမဦးစားပေးလိုအပ်ချက်လို့ ပြောလို့ ရပါတယ်ဗျ” လို့ ကိုစိုပြေမင်းထင်က The Nation Voice ကို ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဝါးမလုံလောက်တာကြောင့် လူဦးရေ ၁၅ဝ ဝန်းကျင်လောက်ကိုသာ ဆေးကုသပေးနိုင်ပြီး ပုံမှန် ရာသီဖျားနာတာ၊ နှာစေးချောင်းဆိုးတာနဲ့ သွေးတိုး ဆီးချို ရောဂါရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ကိုစိုပြေမင်းထင်က ဆက်ပြောပါတယ်။
ယခုကာလဟာ ဆောင်းရာသီရောက်လာပြီဖြစ်တာကြောင့် စစ်ရှောင်တွေအနေ နဲ့ အနွေးထည်နဲ့ ခြုံစောင်လိုအပ်ချက်တွေလည်းရှိနေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဖူးပွင့်ဝေကဆိုပါတယ်။
“စစ်ရှောင်တွေအနေနဲ့က ပုလဲမြို့ပေါ် ကနေ ရှောင်လာတဲ့သူတွေ များတယ်ဗျ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခါတိုင်းလိုပဲ နေရပ်ပြန်ကပ်နိုင်မယ်ထင်လို့ ဘာမှမယူခဲ့ကြဘူးဗျ။ အခုဆိုသူတို့က ပြန်ဖို့ခဲယဉ်းတာပေါ့နော်။ မြို့သိမ်းတိုက်ပွဲအပြီးမှာ စကစက မြို့ပေါ်ကိုလည်း မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာဆိုတော့ နေရပ်မပြန်နိုင်ကြဘူး။ သူတို့အနေနဲ့ အခုဆောင်းတွင်းလည်းဖြစ်တယ်ဆိုတော့ အနွေးစောင် တို့အနေနဲ့ အခုဆောင်းတွင်းလည်း ဝင်လာ ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာ တွေနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ကျွန်တော်ကြားသိရတယ်ဗျ” လို့ မဖူးပွင့်ဝေ က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့က ဘုတလင် မြို့နယ် စီပါရွာက ဒေသခံရှစ်ဦးကို ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ထစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရွာလယ်မှာချိတ်ဆွဲ သွားတဲ့ စစ်ကြောင်းဟာ ပုလဲမြို့နယ်ကို ရောက်ရှိနေတယ်လို့ ဒေသတွင်းစစ်ရေး အခြေအနေကိုစောင့်ကြည့်သူတွေက ဆိုပါတယ်။ ဒါကြောင့် ပုလဲမြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ကသာ နေရပ်ပြန်နေနိုင်ကြပြီး ကျန်တဲ့ စစ်ရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
Beyond The Chindwin Organi zation-BCO အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေမှာတော့ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ပုလဲမြို့ပေါ်နဲ့ ကျေးရွာပေါင်း ၂၆ ရွာစစ် ဘေးရှောင်နေရပြီးဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ The Nation Voice အနေနဲ့ ရရှိထားတဲ့ ကျေးရွာအမည်တွေနဲ့ အိမ်ထောင်စု၊ လူဦးရေ အချက်အလက်တွေကို ပူးတွဲဇယား မှာ ဖော်ပြထားပါတယ်။
ပုလဲမြို့သိမ်းတိုက်ပွဲဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အာရုံဦးမှာစတင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်ညနေမှာ အဆုံးသတ်ခဲ့ကာ တိုက်ပွဲကာလ လေးရက် ကြာမြင့်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) အဖွဲ့အပြင် Generation Z Army (GZA)နဲ့ Southern Yesagyo (SYSO)က ပူးပေါင်းပြီး ဖော်ဆောင်ခဲ့တယ်လို့ BNRA ကထုတ်ပြန်ပါတယ်။
ငြိမ်း ရေးသားသည်။


