၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်းက တိုက်ပွဲများ

Date:

 

အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ စစ်မဖြစ်တဲ့ မြို့နယ် ၂ခုသာကျန်ပါတော့တယ်။
တိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့နဲ့ စကုမြို့တွေမှာသာ စစ်ပွဲတွေကို မတွေ့ရပေမယ့် အခြားဒေသတွေမှာတော့ တော်လှန်ရေးကအရှိန်မြင့်တက်လာနေပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်းထဲမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတိုးမြင့်လာမှုက သိသာထင်ရှားလှပါတယ်။

The Nation Voice အနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုနယ်မြေတွေနဲ့ပါတ်သတ်လို့ ခရိုင်တွေအလိုက် ဖော်ပြသွားပါမယ်။

မင်းဘူးခရိုင်၂၀၂၄ ခုနှစ်အတွင်းမှာ မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့ဟာ စစ်ရေးအရ အရေးပါလာပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေလည်းကျယ်ပြန့်လာပါတယ်။
စေတုတ္တရာနဲ့ ပွင့်ဖြူနယ်စပ်ကို အခြေခံတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ၂၀၂၄ ခုနှစ် ဧပြီလမှာစတင်ခဲ့ပြီး ၅လအကြာ သြဂုတ်လမှာတော့ ပုသိမ်-မုံရွာလမ်းပိုင်းကိုစိုးမိုးနိုင်သည်အထိ ထူးခြားတဲ့ စစ်ရေးပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

အဆိုပါဒေသမှာ မင်းဘူးခရိုင်တပ်ရင်း (၄)နဲ့ တပ်ရင်း(၇) အပြင် တိုင်းပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ရွေ့လျားစစ်ကြောင်း (ရေနံ့သာ) ၊ ပွင့်ဖြူ(ပကဖ) တို့က အဓိကလှုပ်ရှားနေတာတွေ့ရပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်နဲ့ ရိက္ခာထောက်ပို့ရာ အဓိကအသုံးပြုတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ဒီဒေသကို ကာကွယ်ရေးတပ်ဖွဲ့တွေ မစိုးမိုးခင်ကာလမှာ အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့ ချိတ်ဆက်ပြီး လက်နက်သယ်ယူရေးလမ်းကြောင်းအဖြစ်အသုံးပြုခဲ့တာပါ။

စေတုတ္တရာ (ကပစ) ၂၀ နဲ့ ငဖဲ (ကပစ) တို့က စေတုတ္တရာ-ငဖဲလမ်းပိုင်းအတိုင်းချိတ်ဆက်မှုတွေရှိနေပေမဲ့ လက်နက်သယ်ဆောင်တဲ့အခါမှာ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း စကုမြို့ကိုဖြတ်ပြီး မကွေးလေတပ်စခန်းကို သယ်ဆောင်လေ့ရှိပါတယ်။
ပုသိမ်-မုံရွာ လမ်းပိုင်းကို ပိတ်ဆို့နိုင်လိုက်ခြင်းက စစ်ရေးမှာထူးခြားတဲ့အပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေဟာ အချိန်အရကြာမြင့်တာ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ရှည်လျှားဝေးကွာတာတွေဖြစ်ပေါ်လာစေပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ဩဂုတ်လ၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ လပိုင်းတွေမှာ ပုသိမ်-မုံရွာလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၄၀ နီးပါးသေဆုံးခဲ့တဲ့အပြင် လက်နက်ဆုံးရှုံးမှုတွေလည်းရှိခဲ့တာတွေ့ရပါတယ်။
စလင်းမြို့နယ်က ငလှိုင်တွင်း ရေနံမြေ၊ သရက်တော ရဲစခန်းနဲ့ ဆေးရုံတို့ကိုလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မကွေး-မင်းဘူး- မန္တလေး လမ်းပိုင်းက ဆင်ဖြူကျွန်း-နွယ်တမယ်တံတားကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏဆိုသလို သိမ်းပိုက်ဖြတ်တောက်နိုင်ဖို့ ကြိုးစားလာတာကိုတွေ့ရပြီး နွယ်တမယ်တံတားအနီးက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းကိုလည်း နိုဝင်ဘာလအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ငဖဲမြို့နယ်မှာတော့ PRA Magway၊ CDF-ASHO စတဲ့အဖွဲ့တွေက အမ်း-ပဒါန်းလမ်းပိုင်းမှာ လှုပ်ရှားနေပါတယ်။ ဒီဒေသမှာ စက်တင်ဘာလကစပြီး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ ထိတွေ့မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရာထူးကြီးသူပိုင်းက သေဆုံးမှုတွေရှိခဲ့ပြီး ရခိုင်ပြည်နယ် အမ်းဘက်ကပြေးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံတွေကို ထိုလမ်းပိုင်းကနေဖမ်းဆီးတာမျိုးတွေကိုလည်းတွေ့မြင်နေရပါတယ်။
မင်းဘူးခရိုင်ထဲက စလင်း၊ ပွင့်ဖြူစတဲ့နေရာတွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့အတွက် အဓမ္မစုဆောင်းတာ၊ ပေါ်တာဆွဲတာတွေလည်းလုပ်ဆောင်နေပေမဲ့ လုံလောက်တဲ့ အင်အားဖြည့်တင်းတာမျိုးထက် ခုခံဖို့ သက်သက်သာဖြစ်လိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။

သရက်ခရိုင်

မင်းတုန်း၊ မင်းလှ၊ သရက်၊ ကံမ မြို့နယ်တွေဟာ အနောက်ရိုးမကို အခြေတည်ထားတဲ့ ဒေသဖြစ်ပါတယ်။ တောတောင်ထူထပ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အဲဒီဒေသက တရားမဝင်လုပ်ငန်းတွေဖြစ်တဲ့ သစ်မှောင်ခို၊ နွားမှောင်ခိုနဲ့ လူမှောင်ခို လုပ်ငန်းတွေ အဓိကကျက်စားရာဒေသဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ အဲဒီဒေသနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကျယ်ပြန့်လာတဲ့နဲ့အမျှ အဲဒီဒေသဟာ ရခိုင်ပြည်နယ်အတွက် စက်သုံးဆီနဲ့ ရိက္ခာတင်သွင်းတဲ့ ကြီးမားတဲ့ ကုန်သွယ်ရေး စီးဆင်းရာ နယ်မြေဖြစ်လာခဲ့ပါတယ်။
ဒီဒေသမှာ မင်းတုန်းမြို့နယ်(ပကဖ) အပါအဝင် အခြားသော ခရိုင်တပ်ရင်းတွေရဲ့စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်က မကြာခဏဆိုသလို လေကြောင်းကနေပစ်ခတ်တိုက်ခိုင်မှုတွေရှိခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ မင်းတုန်းမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေကို အာဏာသိမ်းစစ်တပ်ရဲ့ ကပစ -၁၈၊ ကပစ – ၁၂ နဲ့ တပ်မ-၈၈ ပူးပေါင်းစစ်ကြောင်းက ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က ၃၀ ကျော်ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်စဉ်ဟာ မကွေးတိုင်းမြောက်ခြမ်းက ယောနဲ့ ပခုက္ကူဒေသတွေမှာတော့ ထူးခြားချက်မဖြစ်နိုင်ပေမယ့် သရက်ခရိုင်အတွင်းမှာတော့ ပထမဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီတိုက်ပွဲကို သရက်ခရိုင် တပ်ရင်း ၄ ရဲ့ တပ်ခွဲတွေက တိုက်ခိုက်ခဲ့ပါတယ်။

မကွေးခရိုင်

တိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့နဲ့ ၃၁ မိုင်သာကွာဝေးတဲ့ ရေနံချောင်းမြို့နယ်မှာ ဩဂုတ်လအတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ အများစုပါဝင်တဲ့ အရပ်သားသုံးထောင်ကျော်ဟာစစ်ဘေးရှောင်နေရပါတယ်။
နတ်မောက်၊ တောင်တွင်းနဲ့ မြို့သစ်မြို့နယ်တွေမှာတော့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ မကြာခဏဆိုသလို ဝင်ရောက်နေပြီး ကာကွယ်ရေးအဖွဲ့တွေက ခုခံထားနိုင်ခဲ့ပါတယ်။ နေပြည်တော်နဲ့ နီးကပ်တဲ့ တောတောင်တွေကိုအခြေပြုပြီးတော့ နတ်မောက်နဲ့ တောင်တွင်းက တော်လှန်ရေးအဖွဲ့တွေက လှုပ်ရှားနေကြပါတယ်။

ပခုက္ကူခရိုင်

၂၀၂၄ ခုနှစ်မှာတော့ ပခုက္ကူခရိုင်က ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိုမိုစည်းလုံးလာမှုတွေကိုမြင်တွေ့လာခဲ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ လက်အောက်ခံမဟုတ်တဲ့ ကျောင်းသားတပ်တွေရဲ့ အစုအဖွဲ့တွေကိုမြင်တွေ့လာရပါတယ်။ ဒီအစုဖွဲ့တွေကလည်း MOD လက်အောက်ခံတပ်တွေနဲ့ အတူတကွပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်။ ဒီပူးပေါင်းမှုတွေက ပြည်သူ့စစ်စခန်းသုံးခုနဲ့ ရဲစခန်းတွေကို သိမ်းပိုက်နိုင်တဲ့အထိ အားကောင်းလာတာကိုတွေ့ရပါတယ်။
ပခုက္ကူမြို့နယ်ရေလာလေးပြည်သူ့စစ်စခန်း၊ အောင်သာပြည်သူ့စစ်(ခေါ်)ပျူစောထီးစခန်း၊ ရှင်မကန်ပျူစောထီးစခန်းနဲ့ မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွေမှာ ပြည်သူ့ဒီမိုကရစ်တစ်တပ်ဦး ၊ ABSDF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ဆိုတဲ့ ကျောင်းသားအစုဖွဲ့တပ်တွေကို မြင်တွေ့ခဲ့ရပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ (LPDFs)နဲ့ မြို့နယ်(ပကဖ)တွေရဲ့ ပူးပေါင်းမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ရေလာလေး ပြည်သူ့စစ် စခန်းသိမ်းတိုက်ပွဲမှာတော့ ကျောင်းသားတပ်ဖွဲ့သုံးခုပူးပေါင်းထားတဲ့ အမှတ် (၈) စစ်ကြောင်းကို အထူးကြေညာခဲ့တာတွေ့ရတဲ့အတွက် မြေလတ်ဒေသမှာ ကျောင်းသားအစုအဖွဲ့တွေ စည်းလုံးမှုအားကောင်းလာနေပြီဆိုတာ သက်သေပြလို့ ရနိုင်ခဲ့ပါတယ်။

ဂန့်ဂေါခရိုင်(ယောဒေသ)

ယောဒေမှာတော့ စစ်ရေးအရ ထူးခြားတဲ့ဖြစ်စဉ်တွေ မရှိခဲ့ပဲ ကာကွယ်ရေးအဖွဲ့တွေက ၂၀၂၃ ခုနှစ်က စိုးမိုးထားနိုင်တဲ့အတိုင်းပဲ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ဆက်လက်ထိန်းသိမ်းစိုးမိုးထားနိုင်ဆဲဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဂန့်ဂေါမြို့နယ်က မင်းရွာ၊ ကံရွာ ရဲစခန်းတွေကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက် စခန်းအနည်းငယ်သာ ကျန်တော့တဲ့ အခြေအနေပါ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာတော့ YAW ARMY(YA) က ယောဒေသမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။

မကွေးတိုင်းကို အနှစ်ချုပ်အနေနဲ့ ရှုမြင်ရမယ်ဆိုခဲ့ရင်တော့ ၂၀၂၄ ခုနှစ် အတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးကောက်ခံတာနဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေအတွက်သာ အချိန်ကုန်ခဲ့တာကိုလည်းတွေ့ရမှာပါ။

စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်မှာတော့ မြေပြင်စစ်ကြောင်း၊ လေကြောင်းတို့ကနေ ထိုးစစ်ဆင်ခဲ့ပေမဲ့ ထူးထူးခြားခြားအောင်မြင်ခဲ့တာမျိုးကိုတော့မတွေ့ခဲ့ရပါဘူး။
ဒါ့အပြင်မကွေးတိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ ရှိရင်းစွဲအင်အားတွေဟာလည်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ သေဆုံးထွက်ပြေးကြတာများတဲ့အတွက် ပျူစောထီးနဲ့ စစ်မှုထမ်းလူငယ်တွေကိုသာ အားထားရတဲ့အခြေနေကိုတွေ့ရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပုသိမ် -မုံရွာလမ်းပိုင်းရဲ့ ထိစပ်နေရာတော်တော်များများကို ထိန်းချုပ်ထားနိုင်တာတွေ့ရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီလမ်းပိုင်းကို အလုံးစုံထိန်းချုပ်ရယူနိုင်ဖို့လက်တစ်ကမ်းသာလိုပါတော့။

မကြာသေးခင်ရက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကိုဆုံးရှုံးထားတဲ့အာဏာသိမ်းစစ်တပ်ဟာ အဲဒီဒေသနဲ့ ထိစပ်နေတဲ့ မင်းဘူးခရိုင်မှာ ခံစစ်ပြင်ဆင်နေတာတွေ့ရပါတယ်။

လာမယ့် ၂၀၂၅ မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ မကွေးတိုင်းထဲက ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဆုံးရှုံးလက်လွှတ်ရတာတွေ မြင်တွေ့လာရမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ကိုသိန်းတင် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...