ကလေးတွေ ကာကွယ်ဆေးထိုးရမယ်လို့ကြားတာနဲ့ မသူဇာတစ်ယောက် အမြဲလိုလို ချီတုံချတုံဖြစ်နေတတ်ပါတယ်။ သွားထိုးရမလား၊ မထိုးဘဲနေရမလား ဝေခွဲရခက်နေတာကြောင့်ပါ။
မသူဇာရဲ့စိတ်ကို ဒွိဟဖြစ်စေတဲ့ အကြောင်း အရင်းတွေက ရှိနေပါတယ်။ သွားလာရေးခက်ခဲတာ၊ လမ်းခရီးအန္တရာယ်များတာနဲ့ ငွေကုန်ကြေးကျများတဲ့ကိစ္စတွေပါ။
ပခုက္ကူဒေသက အသက် ၃၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မသူဇာဟာမှာ ခြောက်နှစ်အရွယ် သမီးကြီးနဲ့ တစ်နှစ်နဲ့လေးလအရွယ် သားငယ်တစ်ဦးရှိပါတယ်။ မသူဇာတစ်ယောက် သားငယ်လေးအတွက် ကာကွယ်ဆေးတွေ အချိန်မှန်ထိုးခွင့်ရနိုင်ဖို့ ရင်လေးနေရတာပါ။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ရင်သွေးတွေကို အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးခွင့်ရဖို့ မသူဇာနည်းတူ ရင်လေးနေရတဲ့ မိခင်ပေါင်းများစွာရှိနေပါတယ်။
ကာကွယ်ဆေးထိုးခြင်းအစီအစဥ်က မွေး ကင်းစကနေ တစ်နှစ်ခွဲအရွယ်ထိ ကလေးတွေရဲ့ အသက်အရွယ်ကိုလိုက်ပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေကို ထိုးနှံတိုက်ကျွေးရပါတယ်။ ဒီအစီအစဉ်မှာ မွေးကင်းစအရွယ်ကနေ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလနဲ့ တစ်နှစ်ခွဲဆိုပြီး ထိုးနှံရမယ့်ကာလတွေကို သတ်မှတ်ထားပါတယ်။
ဒီကာကွယ်ဆေးတွေက အမျိုးအစား ၁၃ မျိုးရှိပြီး အသည်းရောင်အသားဝါ၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုအကြောသေ၊ ပြင်းထန်တီဘီ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေး ခိုင်၊ ဦးနှောက်အမှေးရောင်၊ ဂျပန်ဦးနှောက်ရောင် စတဲ့ရောဂါ အမျိုးပေါင်း ၂၀ ကျော်ကို ကာကွယ်ပေးတယ်လို့ ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်းထဲက စစ်ဘေးသင့်ဒေသနေ ကလေးငယ်တွေဟာ ရောဂါအမျိုးအစား ၂၀ ကျော်ကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင် ထိုးနှံနိုင်ခြင်း မရှိသေးပါဘူး။ မသူဇာတို့ ပခုက္ကူခရိုင်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဂန့်ဂေါခရိုင်ထဲမှာလည်း ကာ ကွယ်ဆေးပုံမှန်မထိုးရတဲ့ ကလေးတွေ အများအပြားရှိနေပါတယ်။
“ဒီမှာကNUG ရဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ လုပ်ငန်းတွေက အသက်ဝင်နေပြီလို့ဆိုရမှာပါ။ အသေးစားခွဲစိတ်တာမျိုးတွေအထိ လုပ်ပေးနိုင်နေပြီဆိုပေမယ့် ခုနကလို ကာကွယ်ဆေးထိုးတာမျိုးကတော့ ပခုက္ကူကို သွားထိုးကြရတယ်”လို့ ပခုက္ကူခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက အဲဒီဒေသက ကလေးတွေရဲ့ ကာကွယ်ဆေးထိုးနေရတဲ့ အခြေအနေကို ပြောပြပါတယ်။
မသူဇာကတော့ သူ့ရဲ့ သားငယ်လေးကို ကာကွယ်ဆေးထိုးဖို့ ပခုက္ကူမြို့ပေါ်ကို သွားနိုင်ဖို့ကြိုးပမ်းရင်း လမ်းခုလပ်ကနေလှည့်ပြန်ခဲ့ရတာ နှစ်ကြိမ်အထိ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူတို့မြို့ပေါ်တက်တဲ့အချိန် လမ်းခရီးမှာ တိုက်ပွဲတွေ ရှိနေခဲ့လို့ပါ။
တိုက်ပွဲတွေမရှိတဲ့ ပုံမှန်အခြေနေမှာတောင် မသူဇာတို့ရွာကနေ ပခုက္ကူမြို့ပေါ်ကိုရောက်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေရှိနေတဲ့စစ်ဆေးရေးဂိတ် ၅ခုလောက်ကို ဖြတ်သွားရတာပါ။ အဲဒီလမ်းပိုင်းနဲ့ ဆက်စပ်တဲ့ တစ်နေရာရာမှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပြီဆိုရင်တော့ အာဏာသိမ်းစစ်တပ်ကအဲဒီလမ်းတွေကို ပိတ်ချလိုက်လေ့ရှိပါတယ်။။ အဲဒီအခြေအနေမှာတော့ ဘယ်ခရီးသွားပြည်သူကိုမှ ဖြတ်သန်းသွားလာခွင့် မပေးတော့ပါဘူး။ မသူဇာတစ်ယောက် အဲဒီလိုအခြေအနေကိုလည်း ကြုံခဲ့ရဖူးတယ်လို့ဆိုပါတယ်။
“ဆေးထိုးရက်ရောက်ပြီဆိုရင် (နယ်မြေအေး ချမ်းမှုရှိမရှိ) စုံစမ်းရသာ အရင်။ ထိုးပြီးပြန် လာမှ ဟင်းချနိုင်သာရယ်”လို့ မသူဇာက ရင်ဖွင့်ပါတယ်။
နယ်မြေမအေးချမ်းမှုရဲ့ နောက်ဆက်တွဲ စီးပွါးရေးကျဆင်းမှုတွေကြောင့်လည်း ကျေးလက်နေပြည်သူတွေအနေနဲ့ ဆေးထိုးသွားနိုင်ဖို့ ကုန်ကျစားရိတ်တွေကို တွက်ချက်ရလေ့ရှိပါတယ်။ မသူဇာတို့ရွာကနေ ပခုက္ကူမြို့ပေါ်ကိုသွားပြီး ဆေးတစ်ကြိမ်ထိုးခွင့်ရဖို့အတွက် ကားငှားခက ကျပ်ငါးသောင်းကနေ တစ်သိန်းအကြား ကုန်ကျလေ့ရှိပါတယ်။
ဒါ့အပြင် အခမဲ့ထိုးနှံပေးလေ့ရှိတဲ့ ကာကွယ်ဆေးကို ရွာကနေမြို့တက်လာပြီးထိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကျန်းမာရေးဌာနက နယ်ကျော်ခ ကျပ်ငါးထောင်ကနေ ကျပ်တစ်သောင်းအထိ ကောက်ခံတယ်လို့ ပခုက္ကူခရိုင်ထဲက ကျေးလက်ဒေသခံတွေကဆိုပါတယ်။
“သွားလာရေးကခက် ငွေလည်းကုန်နဲ့ ဒီတစ်ပတ်တော့ လွှတ်လိုက်ဦးမယ်လို့ ကိုယ်ကပြောရင် လူကြီးတွေက ကာကွယ်ဆေးကထိုးမှ ဖြစ်မှာ။ မထိုးရင် ကလေးငယ်ငယ်မှာ ဘယ်လိုဖြစ်သာ၊ ဘာတွေပေါက်သာ၊ သွားနဲ့ အဲဲဒီလိုတွေ ပြောကြသာပေါ့။ အဲလိုနဲ့ သွားဖြစ်သာပေါ့”လို့ ကာကွယ်ဆေးထိုးဖို့ တွန်းအားတွေနဲ့ပါတ်သတ်ပြီး မသူဇာက ဆက်ပြောပါတယ်။
ဒါကြောင့် တစ်နှစ်ခွဲအောက်သာရှိသေးတဲ့ သားငယ်ကို ကာကွယ်ဆေးအကြိမ်ရေပြည့်အောင်ထိုးပေးနိုင်ရေးဟာ မသူဇာအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေတာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် တစ်သန်းကျော်ဟာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးခြင်းကို လက်လွတ်ဆုံးရှုံးနေတယ်လို့ ကုလ သမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာဖော်ပြတဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီကလေးငယ်တွေဟာ စစ်ဘေးသင့်ဒေသတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးအစီအစဥ်ကို ၁၉၇၈ ဝန်းကျင်လောက်က စတင်ခဲ့တာပါ။ အဲဒီကာလမှာ ကွယ်ဆေး(၃)မျိုးကိုသာ ထိုးနှံနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
စစ်အုပ်စုအာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်မှာတော့ ကာကွယ်ဆေး ၁၃ မျိုးအထိ ထိုးနှံနိုင်ခဲ့ပါတယ်။ အဲဒီကာလက အစိုးရကထိုးပေးတဲ့ ကာကွယ်ဆေးတွေရဲ့တန်ဖိုးဟာ ကလေးတစ်ယောက်ကို ကျပ်ခြောက်သောင်းကုန်ကျတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ဂန့်ဂေါခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ ကလေးငယ် ၄၄၉ ဦးကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခရိုင်တစ်ခုလုံးအတွက် ခြုံကြည့်ရင်တော့ အဲဒီအရေအတွက်ဟာ ကာကွယ်ဆေးထိုးဖို့လိုအပ်တဲ့ ကလေးတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိနိုင်တယ်လို့ အဲဒီဌာနနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ပိုက်ဆံလည်း တတ်နိုင်တယ်၊ သွားလာရေးလည်း အဆင်ပြေတယ်ဆိုတဲ့သူတွေကတော့ လာကြတယ်”လို့ ဂန့်ဂေါမြို့ခံတစ်ယောက်က ဆိုပါတယ်။
သို့ပေမဲ့ ဒါဟာ ဂန့်ဂေါမြို့ရဲ့ အနီးတဝိုက်က ကလေးတွေသာဖြစ်ပြီး ဆော၊ ထီးလင်း၊ ကျောက်ထုနဲ့ ကျောမြို့တွေက ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးဖို့ လက်လှမ်းမမီကြဘူးလို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ကျန်းမာရေးဌာနနဲ့နီးစပ်သူတွေက ပြောပါတယ်။
အလားတူ မကွေးတိုင်းနဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းက ကလေးနဲ့ တမူးခရိုင်တွေမှာလည်း ကာကွယ်ဆေးမထိုးရတဲ့ ကလေးငယ်တွေရှိနေတယ်လို့ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုတွေကိုလုပ် ဆောင်ပေးနေသူတွေက ဆိုပါတယ်။
“တော်လှန်ရေးအဖွဲ့တွေ စိုးမိုးတဲ့နေရာတွေမှာ ရာခိုင်နှုန်းက ဇီးရိုး(သုည)။ မြို့ပေါ်မှာတော့ ထိုးလို့ရတယ်”လို့ ကလေးခရိုင်မှာရှိတဲ့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်က အဖွဲ့တစ်ခုရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
၂၀၂၄ ဇူလိုင်မှာဖော်ပြခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးတစ်ခုမှာတော့ NUG အနေနဲ့ စစ်ဘေးသင့်ဒေသတွေက ကလေးငယ်တွေ ကာကွယ်ဆေးထိုးနိုင်ဖို့ နိုင်ငံ တကာအဖွဲ့အစည်းတွေထံ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်သူတွေလှူဒါန်းငွေနဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေကို ကရင်နီ၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေက ကလေးဦးရေ သုံးထောင် ကျော်ကို ထိုးနှံပေးထားပြီလို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် မကွေးနဲ့ စစ်ကိုင်းဒေသတွေမှာရှိတဲ့ ကလေးဦးရေ နှစ်ထောင်ကျော် ကို ကာကွယ်ဆေးထပ်မံထိုးပေးနိုင်ဖို့လည်း စီစဥ်နေတယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထည့်သွင်းပြောခဲ့ပါတယ်။
အဲဒီအစီအစဥ်နဲ့ပတ်သက်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့အောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်က ကျန်းမာရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ “ကြိုးစားနေဆဲပါ”လို့ The Nation Voice ရဲ့မေးခွန်းကို ခပ်တိုတိုသာ ပြန်ပြီးဖြေကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ နိုင်ငံတဝှမ်းမှာရှိနေတဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့်ရအောင် ကြိုးပမ်းနေတယ်လို့ ပလက်ဖောင်းမျိုးစုံကနေ ဝါဒဖြန့်နေပါတယ်။ တကယ့်မြေပြင်မှာတော့ ကာကွယ်ဆေး အကြိမ်ရေပြည့်အောင်မထိုးရတဲ့ ကလေးတွေ ထုနဲ့ဒေးရှိနေတာပါ။
“ကျန်းမာရေးအသိရှိတဲ့ မိခင်တွေကတော့ စိုးရိမ်ကြောင့်ကြရှိကြတာပေါ့၊ တချို့ကျန်းမာရေးအသိမရှိတဲ့ မိဘတွေကတော့ ဖာသိဖာသာပဲနေလိုက်ကြတယ်၊ များသောအားဖြင့် တခြားသောအပူတွေနဲ့ မိဘတွေအနေနဲ့လည်း ကလေးကာကွယ်ဆေးတွေအတွက် အမှတ်တမဲ့ပဲ ထားလိုက်ကြတော့တယ်”လို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတစ်ခုရဲ့ ဦးဆောင်သူက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် မိခင်လောင်းတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်ကစပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးခွင့်ရဖို့ အရေးကြီးလှပါတယ်။
မိခင်နဲ့ကလေးတိုင်းဟာ ကာကွယ်ဆေးထိုးဖို့အခွင့်အရေးနဲ့ လွဲချော်ခဲ့ရင် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
မောင်ရေချမ်း ရေးသားသည်။


