ဇူလိုင် ၂၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဘုန်းကြီးကျောင်းရှေ့မှာ ဂိတ်ချထားတဲ့ အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့ (MDA-3) ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၃ရက်နေ့မှာ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ဆင်တဲဝတံတားအနီး ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲဂိတ်ချထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ဒရုန်းဆယ်စီးကိုသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိတဲ့ ရှစ်ဦးထဲက နှစ်ဦးက ဗုံးကျတဲ့နေရာမှာပဲ ခြေထောက်ပြတ်ထွက်သွားပြီး အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းသုံးစီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့ (MDA-3) နဲ့ မလှိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဟေဇယ် ရေးသားသည်။


