ဇူလိုင် ၂၄
မိုးများလို့ နယုန်လစိုက် မြေပဲတွေအတွက် ဥထွက်နှုန်းလျော့လာတယ်လို့ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က မြေပဲစိုက်တောင်သူတွေဆီက စုံစမ်းသိရပါတယ်။
“ ဒီနှစ်က မိုးများတယ်။ မိုးများလွန်းတော့ မြေပဲပင်တွေက အပင်တွေကောင်းပြီး ဥကသိပ်မဥဘူး။ တချို့ဆို တစ်ပင်ကို နှစ်ဥသုံးဥပဲပါတယ်။ တချို့ဆို လုံးဝဥမပါဘူး ကတုံးကြီးပဲ အမြစ်ပဲပါတယ်။ နွားစာအတွက်တော့ မြေပဲအပင်ကောင်းကောင်းရတာပေါ့” လို့ စလင်းမြို့နယ် တညောင်တိုက်နယ်ထဲက မြေပဲစိုက်တောင်သူ အမျိုးသားတစ်ဦးက The Nation Voice ကို ပြောပါတယ်။
နယုန်လမှာ စိုက်ပျိုးပြီး သုံးလခွဲလောက်ကြာရင် မြေပဲဆွတ်ကြရမှာဖြစ်ပြီး မြေပဲတစ်ဧကကို စိုက်ပျိုးစရိတ် လေးသိန်းခွဲ၊ ငါးသိန်းနီးပါး ကုန်ကျတယ်လို့ ဆိုပါတယ်။
အခုမိုးဟာ နယုန်လမှာ စိုက်ပျိုးတဲ့ မြေပဲစိုက်တောင်သူတွေအတွက် ဥ ထွက်နှုန်းလျော့ပြီး ဝါဆိုလမှာစိုက်တဲ့ တောင်သူတွေအတွက်တော့ စိုးရိမ်စရာမရှိသေးပေမယ့် မိုးပိုများလာရင်တော့ ဝါဆိုလစိုက်တဲ့ တောင်သူတွေပါ ဥထွက်နှုန်းလျော့နိုင်တယ်လို့သိရပါတယ်။
တညောင်တိုက်နယ်ထဲက တောင်သူအများစုဟာ ငရုတ်ကို အဓိကစိုက်ပျိုးကြတာဖြစ်ပြီး မြေပဲကို ဧကအနည်းငယ်သာစိုက်ပျိုးကြတာလို့သိရပါတယ်။
အခုရွာနေတဲ့ မိုးကြောင့် မြေပဲဥထွက်နှုန်းလျော့တာအပြင် ငရုတ်စိုက်ပျိုးမယ့် ယာတွေမှာပါ ပေါင်းတွေစီး(များ)ပြီး ငရုတ်စိုက်ဖို့ အခက်တွေ့တာမျိုးလည်း ကြုံရနိုင်တယ်လို့ တညောင်တိုက်နယ်က ငရုတ်စိုက်တောင်သူတစ်ဦးကလည်း The Nation Voice ကိုပြောပါတယ်။
ငြိမ်း၊ ဟေဇယ် ရေးသားသည်။


