တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေပါဝင်တဲ့ ဘုရားဖူးခရီးစဉ်လက်မှတ်ရောင်းချနေတဲ့ ခရီးသွားကုမ္ပဏီတွေကြောင့် ခရီးသွားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဒီလိုခရီးစဉ်တွေမှာ ကုမ္ပဏီက လိုက်ပါလာတာမရှိပဲ ခရီးသည်တွေနဲ့ကားမောင်းသူကိုသာ လွှတ်လိုက်တာမျိုးလို့ ခရီးသွားတွေကထပ်ပြီး အတည်ပြုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ဖြတ်သန်းသွားလာဖို့ တားမြစ်ထားတဲ့ ကားလမ်းတွေဆီကို ရောက်လာတဲ့ ခရီးသွားကားတွေကို မှားယွင်းပစ်ခတ်ခဲ့ရတာမျိုးအထိ ရှိနေတယ်လို့လဲ ဒေသကာကွယ်ရေးတပ်တွေက ရှင်းပြပါတယ်။
“ဒီလမ်းပိုင်းကို ဖြတ်သန်းမသွားဖို့ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေက တားမြစ်ထားတာကြာပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက မှောင်စပျိုးချိန်မှာ ကားတစ်စီးဖြတ်လာတယ်။ အဲဒီမှာ ကားတစ်စီးဖြတ်လာတော့ ကိုယ့်ဘက်က ပစ်ကြခတ်ကြတာပေါ့။ ကားပေါ်မှာ နိုင်ငံခြားသားတွေပါလာတယ်။ ခရီးသွားအေဂျင်စီနဲ့ စစ်တပ်က သွားလို့ရတယ်ပြောလို့ လာတာလို့ပြောတယ်” လို့ မြန်မာနိုင်ငံအလယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက တဆင့်ပြန်ပြောပါတယ်။
ပစ်ခတ်ခံရလို့ ကားရပ်သွားပြီး စစ်ဆေးကြည့်တဲ့အခါ နိုင်ငံခြားသားခရီးသွားမိသားစု ဖြစ်နေပြီး မကွေးမြို့ မြသလွန်စေတီ၊ ရွှေစက်တော်ဘုရားက တဆင့် ပုဂံညောင်ဦးအထိ အလည်အပတ်သွားမယ့် သူတွေဖြစ်တာကြောင့် ကောင်းမွန်စွာ ဧည့်ခံပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ညနေလဲစောင်းနေတော့ ထမင်းပါကျွေးပြီးမှ သေသေချာချာဂရုတစိုက်နဲ့ပြန် ကူညီပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာ စကစတွေက အိမ်စီးကားတွေနဲ့ သွားလာကြတာရှိတော့ကျွန်တော်တို့ဘက်က လုံခြုံရေးအရ တားမြစ်ရတဲ့ အခြေအနေတွေ ရှိပါတယ်”လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်ကဆိုပါတယ်။
အဆိုပါ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကို ခရီးသွားအေဂျင်စီတစ်ခုက ကားစီစဉ်ပေးလိုက်တာဖြစ်ပြီး ခရီးလမ်းအတွက်မြေပုံ စီစဉ်ပေးတာမျိုးတောင် မရှိတဲ့အတွက် Google Map အကူအညီနဲ့ ထွက်ခွာလာတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာ နယ်မြေမငြိမ်သက်တဲ့ ရွှေစက်တော်ဘုရားပွဲတော်ကို မလာကြဖို့ ဒေသကာကွယ်ရေးတပ်တွေဘက်က သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ထားပေမယ့် ရန်ကုန်မြို့က ဘုရားဖူးခရီးသွား အေဂျင်စီတွေကတော့ ဘုရားပွဲတော် (ခြေတော်ရာဖွင့်ပွဲ)အမီ ခရီးသည်တွေ စတင်စုဆောင်းနေပြီ လို့ ခရီးသွားအေဂျင်စီတွေနဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အရင်ကတည်းက နှစ်တိုင်းသွားနေကျပါ၊ ဒီဘက်နောက်ပိုင်းနှစ်တွေကျမှ မသွားဖြစ်တော့တာ၊ အမျိုးတွေထဲကတော့ ဒီလကုန် သွားဖို့လုပ်နေတာ ရှိတယ်၊ ကိုယ်က မသွားဖို့ပြောလည်း မရဘူး၊ အသက်ကြီးတဲ့လူဆို ကိစ္စမရှိဘူး၊ လူငယ်တွေ ပိုအန္တရာယ်များတယ်၊ သတင်းတွေထဲလည်း တွေ့နေတာပဲ” လို့ အဆိုပါမြို့ခံအမျိုးသားက ဆိုပါတယ်။
လက်ရှိမှာ ရွှေစက်တော်ဘုရားပွဲတော်အတွက် ဘုရားဖူးခရီးသွားအေဂျင်စီ အများအပြားက အွန်လိုင်းကနေ ဘိုကင်စနစ်နဲ့ လက်မှတ်ရောင်းချတာတွေ ပြုလုပ်နေပြီး လက်မှတ်ခအနေနဲ့ ငွေကျပ် တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်နေ နှစ်သိန်း ဝန်းကျင်အထိ ဈေးနှုန်းအစားစားရှိတယ်လို့ The Nation Voice က စုံစမ်းသိရပါတယ်။
တချို့ခရီးသွားအေဂျင်စီတွေကတော့ ရန်ကုန်ကနေ ရွှေစက်တော်-ပုဂံ၊ ရွှေစက်တော်-ပုဂံ-ပုပ္ပါး၊ ရွှေစက်တော်-ပုဂံ-ညောင်ဦး စတဲ့ ခရီးရှည်တွေအနေနဲ့ ပို့ဆောင်ပေးတာဖြစ်ပြီး လက်မှတ်ခကတော့ နှုန်းထားပိုများသွားတယ်လို့ သိရပါတယ်။
ရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ကျင်းပသွားဖို့ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေပြီး ခရီးသွားရာသီ ရောက်ပြီဖြစ်တာကြောင့် ဘုရားဖူးခရီးသွား အေဂျင်စီတွေအနေနဲ့ ရွှေစက်တော်ခရီးစဉ်တွေကို စီစဉ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။
ကိုသိန်းတင်၊ မျှော်စင် ရေးသားသည်။


