မကွေးတိုင်း မင်းဘူးမြို့နယ်က ရွှေစက်တော်ဘုရားပွဲလာ လူငယ်တွေကို စစ်မှုထမ်းဖို့ စည်းရုံးတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ရွှေစက်တော်မှာနှစ်စဉ်ဈေးရောင်းနေတဲ့ စျေးသည်တွေက ပြောပါတယ်။
ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ဘုရားအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က တပ်ဆွဲထားပါတယ်။
“လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့၊ ရဲထဲဝင်ဖို့ ခြိမ်းခြောက်လှုံ့ဆော်တာလည်းရှိတယ်။ ရပ်ရွာထဲက လက်လုပ်လက်စားမီးသွေးဖုတ် သစ်ခုတ် ငါးရှာစားကြတဲ့သူတွေဆီကပိုက်ဆံတောင်း၊ မီးသွေးတောင်းနဲ့ မြိုနေကြတာပါရှင်”လို့ ရွှေစက်တော်က စျေးသည်တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဖို့၊ ရဲထဲဝင်ဖို့ စည်းရုံးနေသူဟာ ဘွိုင်း(ခေါ် ) သန်းထွန်းဆိုသူဖြစ်ပြီးတော့ ၂၀၂၄ခုနှစ်နိုဝင်ဘာလက သတ်ဖြတ်ခံရတဲ့ ဘုရားရွာအုပ်ချုပ်ရေးမှူး ကြည်လွင်ရဲ့ တပည့်ဖြစ်သူလို့ သိရပါတယ်။
သန်းထွန်းကို ဘုရားပွဲဦးဆောင်တဲ့ ဆရာတော်တစ်ပါးက အမိန့်ပေးစေခိုင်းနေတာဖြစ်ပြီး ဘုရားပွဲလာတဲ့ လူငယ်တွေကိုပါ စည်းရုံးပြောဆိုဖို့ ကြံစည်ထားတယ်လို့ သိရပါတယ်။
“ဒီဘုရားပွဲက ငါးမျှားချိတ်ပေါ်မှာတပ်ထားတဲ့ငါးစာဖြစ်နေတယ်လို့ထင်တယ်။ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း သတိထားသင့်တယ်” လို့ စျေးသည်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ရွှေစက်တော်ဘုရားကို သွားတဲ့ မင်းဘူးလမ်းပိုင်းက ဆင်ခေါင်းရွာနဲ့ ကုန်းသာရွာအကြားမှာ အာဏာသိမ်းစစ်တပ်နဲ့ ယာဉ်ထိန်းရဲတွေပူးပေါင်းပြီး ပေါ်တာဆွဲတာတွေလုပ်ဆောင်နေတာပါ။
ဆိုင်ကယ်လိုင်စစ် စစ်ဆေးပြီးလိုင်စင်မပါတဲ့ လူငယ်တွေကို ယာဉ်ထိန်းရဲတွေက စစ်မှုထမ်းအသစ်အဖြစ် အာဏာသိမ်းစစ်တပ်ဆီ ပြန်လည်ရောင်းစားနေကြတာပါ။
ရွှေစက်တော်ဘုရားလုံခြုံရေးကိုအကြောင်းပြလို့ နှစ်ကျိတ်ရှစ်ဆူဘုရားအနီး၊ သုံးထပ်ဗိမ္မာန်/အထက်ဖြာပုံကျောင်း၊ အောက်စက်တော်ရာ၊ အထက်စက်တော်ရာ စောင်းတန်း(ငဖဲစောင်းတန်း) တစ်ဝိုက်မှာ အာဏာသိမ်းစစ်တပ်က စခန်းငယ်များစွာနဲ့ နေရာယူထားပြီး ပွဲတော်အတွင်းမှာတော့ ရဲနဲ့ ပျူစောထီး ၆၀ ဝန်းကျင်က ကင်းပတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက The Nation Voice ကိုပြောပါတယ်။
ဘုရားပွဲတော်ရဲ့ အပြင်ဘက်တွေမှာတော့ အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ဝန်းကျင်ရှိပြီး ဘုရားနဲ့ သုံးမိုင်ပတ်လည်ကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ကြိမ်အထိ စစ်ကြောင်းထိုးရှာဖွေတာတွေပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ရွှေစက်တော်မှာ စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ ဘုရားပရဝဏ်ရှိ အဆောက်အအုံတွေမှာ နေရာယူတပ်စွဲထားတာဟာ မင်းဘူး-အမ်းလမ်း တိုက်ပွဲတွေအတွက်ပစ်ကူပေးနိုင်ဖို့ကြိုတင်ပြင်ဆင်တာဖြစ်တယ်လို့ ဒေသတွင်းစစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင်တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လာချိန်မှာ ဘာသာရေးခုတုန်းလုပ်ပြီး ဝါဒမှိုင်းတိုက်ကာ PDF တွေအပေါ်မုန်းတီးစေရန်ဆောင်ရွက်ဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
ကိုသိန်းတင် ရေးသားသည်။


