ဇူလိုင် ၂၆
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်သွားမည်ဖြစ်ရာ တိုင်းနဲ့ ပြည်နယ် ၁၁ ခုက စာစစ်ဌာန နေရာ တစ်ရာကျော် မှာ အောင်စာရင်းမကပ်နိုင်ဘဲ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ နေ့စဉ်ထုတ် သတင်းစာမှာ ကြေညာထားပါတယ်။
မနက်ဖြန်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တရက်တည်း တပြိုင်တည်း ထုတ်ပြန်ရမှာ ဖြစ်လို့ အောင်စာရင်း မကပ်နိုင်တဲ့နေရာတွေကို မနက် ၆ နာရီကနေ စပြီး မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်ကနေ ထုတ်လွှင့်သွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီလိုရေဒီယိုကနေ ကြေညာတာ လို့ အကြောင်းပြထားပေမယ့် အောင်စာရင်းမကပ်နိုင်တဲ့ မြို့တွေအများစုက တော်လှန်ရေးတပ်တွေ ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။
ရေဒီယိုကနေ အောင်စာရင်း ထုတ်ပြန်ပေးမယ့် စာစစ်ဌာနတွေထဲမှာ ကချင်ပြည်နယ်မှာဆိုရင် ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဗန်းမော်၊ ရွှေကူ၊ ကယားပြည်နယ်မှာဆို လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှာဆို မြဝတီ စာစစ်ဌာန ၊ ချင်းပြည်နယ် ဆို ဟားခါးနဲ့ တီးတိန်၊ ရှမ်းပြည်နယ်ဆို မူဆယ်၊တန့်ယန်း ၊ မကွေးတိုင်းထဲမှာ ဆိုရင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါနဲ့ကျော စတဲ့ မြို့တွေ ပါဝင်နေပါတယ်။
မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ခဲ့ရာ မန္တလေး၊စစ်ကိုင်း၊ရှမ်း၊ ကချင်က စာဖြေလွှာတွေ မီးထဲပါသွားလို့ နေပြည်တော်အပါအဝင် အဲဒီ စာစစ်ဌာနက ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ရပါတယ်။
ကံ့ကော် ရေးသားသည်။


