ဇူလိုင် ၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းမှာ နှစ်စဉ်ကျင်းပနေကျ ရိုးရာနတ်ပွဲကို လေကြောင်းအန္တရာယ်ကြောင့် မကျင်းပနိုင်ဘူးလို့ မြိုင်မြို့နယ်ခံတွေဆီက စုံစမ်းသိရပါတယ်။
မြိုင်မြို့နယ် အနောက်ပိုင်းက ဆင်စိန်းနတ်ပွဲကို နှစ်စဉ် ဝါဆိုလပြည့်ကျော် ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ကျင်းပလေ့ရှိတယ်လို့ဆိုပါတယ်။
“ ဒီနှစ်က မလုပ်ဖြစ်ဘူး။ လေကြောင်းအန္တရာယ်ကြောင့်ပါ။ ကိုဗစ်ကာလကနေ အာဏာသိမ်းကာလတလျှောက်လုံး မနှစ်ကပဲ ပွဲလုပ်ခဲ့ပါတယ်။ ဈေးသည်တွေကတော့ နှစ်စဉ်အားထားပြီး ရောင်းချရာ နေရာပျောက်တာပေါ့ ။ဒါကသူတို့ရဲ့ ရောင်းရေး ဝယ်တာဆိုတော့လေ” လို့ မြိုင်နယ်ခံအမျိုးသားတစ်ဦးက The Nation Voice ကိုပြောပါတယ်။
ရိုးရာနတ်ပွဲမှာ အနောက်ကတော်လို့ ခေါ်တဲ့ အမေရေယဉ်၊ ကိုကြီးကျော်၊ အိမ်တွင်းနတ် ခုနစ်ဖော် စတဲ့နတ်တွေနဲ့ဆိုင်တဲ့ ပြည်သူတွေကတော့ ဆန်ကို ဆုံထည့်ပြီး ပူဇော်ရတဲ့ အစိမ်းဆုံ၊ ငါးကြော် ထမင်းဖြူ စတာတွေနဲ့ ပူဇော်ရတဲ့ အကျက်ဆုံတို့နဲ့ ပူဇော်တာအပြင် မြိုင်၊ ပေါက်၊ ရေစကြို၊ မုံရွာ၊ ပခုက္ကူနယ်ဘက်က ဒေသခံအများစုကတော့ နတ်ကိုပူဇော်ပသတာထက် ဈေးရောင်း၊ ဈေးဝယ်သွားကြတာများတယ်လို့ ဆိုပါတယ်။

အဲဒီပွဲဟာ နတ်ပွဲဆိုပေမယ့် ဒေသထွက်ကုန်တွေဖြစ်တဲ့ တောင်သူ၊ ယာသမားတွေသုံးကြတဲ့ ဓား၊ တံစဉ်၊ ပေါက်ပြား၊ ငန်းပြား၊ တောင်း၊ ဆန်ကော၊ ဆန်ကာ၊ ထွန်သွား၊ ထွန်ထည်၊ မြေအိုး၊ မြေခွက်၊ အဝတ်အထည်၊ ပဲလှော်မျိုးစုံနဲ့ ဆေးရွက်ကြီး စတာတွေကို တစ်နေရာတည်းမှာ စုစည်း ရောင်းဝယ်ကြတဲ့ ပွဲတော်တစ်ခုလို့ မြိုင်မြို့နယ်ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ငြိမ်း ရေးသားသည်။


