လေကြောင်းကတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ၁၅ ရက်အတွင်း အရပ်သား ၃၅ ဦးကျော်သေဆုံး

Date:

 

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း အရပ်သားသေဆုံးသူ ၃၅ ဦးကျော်ရှိခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ The Nation Voice က စောင့်ကြည့်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နယ်၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တွေက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ကနေ အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းအထိ အာဏာသိမ်းစစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၅ ဦးနဲ့ အမျိုးသမီး ၁၀ဦးခန့်ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီလိုအရပ်သားတွေသေဆုံးမှုတွေအပြင် ဘုတလင်မြို့နယ် စိမ့်တောရွာ တောရဘုန်းကြီးကျောင်းက ဝါတော် ၃၀ ကျော်ရှိ သက်တော် ၅၀ ကျော်တဲ့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းမှာပဲ ကလေးမြို့နယ် တင်သားရွာနဲ့ ကုက္ကိုလ်ရွာ စာသင်ကျောင်းတွေက ယောဒေသ စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က Y 12 လေယာဥ်တစ်စီးနဲ့ ဗုံးကြဲချခဲ့တဲ့အတွက် အသက် ၅ နှစ်အရွယ် မောင်ဖြိုးမောင်၊ အသက် ၈ နှစ်အရွယ် မဖြူဖြူပွင့်၊ အသက် ၁၂နှစ်အရွယ် မမဲတူစိန်၊ အသက် ၁၇နှစ်အရွယ် မအိဇင်မိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းစု၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ၊ အသက် ၄၀ အရွယ် ဒေါ်အေးတင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနဲ့ အခြား ၃ ဦး စုစုပေါင်း အရပ်သား ၁၁ ဦး သေဆုံးသွားခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်ဟာ ပေါင် ၅၀၀ အားရှိတဲ့ ဗုံးသီးတစ်လုံးကြဲချသွားခဲ့တာကြောင့် ယာတောထဲမှာ အိမ်ဆောက်နေတဲ့ အဖိုးအိုနဲ့ မြေးဖြစ်သူ အမျိုးသား ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ တစ်ရက်တည်းမှာပဲ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နယ် တင်သားရွာကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ရတနာမာန်အောင် ဘုန်းကြီးကျောင်းနဲ့ ဦးဘိုဘို နေအိမ်ပေါ်ကို ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာမှာ သာသနိကအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကာ အခြား ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာတော့ ကန့်ဘလူမြို့နယ် ဖလံချိုင်ရွာ၊ ပေကြီးရွာ၊ ငါးရာနဲရွာ၊ လက်ထုတ်ကုန်းရွာတို့ကို လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီလအတွင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချမှုတွေအပြင် စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စက်တပ်လေထီးတွေ အသုံးပြုလာပြီး ဗုံးကြဲချ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက The Nation Voice ကိုသတင်းပေးပို့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကနီမြို့နယ် ဆူးလေကုန်းရွာ၊ နတ်လာပို့ မြောက်ရွာ၊ နတ်ကြီးရွာနဲ့ မုဌောရွာတို့ကို အာဏာသိမ်းစစ်တပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းမင်းဇော်၊ အသက် ၄၉ နှစ်အရွယ် ဦးအေးလင်း၊ အခြား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရပြီး အသက် ၅၇ နှစ်အရွယ် ဒေါ်မုန်းဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညပိုင်းနဲ့ ၁၃ ရက်နေ့တွေမှာ မုံရွာမြို့နယ်ထဲက ညောင်ဖြူပင်၊ ဘုဘ၊ ဆူးလေကုန်း၊ ဂျိုစု၊ ဆားလင်းကြီးမြို့နယ်ထဲက ဝဲကြီးရွာ၊ ဘုတလင်မြို့နယ် စလွန်းရွာ၊ ကွမ်းခြံရွာ စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က Y 12 လေယာဥ်နဲ့ ဗုံးသီးအလုံးရေ စုစုပေါင်း ၆၀ ကျော် ကြဲချခဲ့ရာမှာ အသက် ၅နှစ်အရွယ် ၊ ၈နှစ်အရွယ်ကလေးငယ် ၃ ဦးအပါအဝင်၊ အမျိုးသမီး ၅ ဦးခန့်နဲ့ အမျိုးသား ၉ ဦးကျော် စုစုပေါင်း အရပ်သား ၁၇ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ သုံးရက်တာအတွင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က Y 12 လေယာဥ်နဲ့ ဗုံးသီးအလုံးရေ ၁၃၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

သွန်းမီ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...