ဇူလိုင် ၂၉
မကွေးတိုင်း၊စေတုတ္တရာမြို့နယ်ထဲက ကူတော်ပျူစောထီးရွာ ကို တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီရွာကို စစ်ကူလာတဲ့ စစ်ကြောင်းကို ပါ တိုက်ခိုက်ခဲ့တယ်လို့ စေတုတ္တရာ ပကဖ ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၂ရက်နေ့ မနက်၇နာရီမှာ ပျူစောထီးတွေနေတဲ့ ကူတော်ကျေးရွာကို ဒရုန်းဗုံးသီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာ ကပစ ၂၀ ကနေ စစ်ကား ၂စီး၊ ကားလေး ၂စီးနဲ့ အင်အား ၈၀ခန့်ပါတဲ့ စစ်ကြောင်းက စစ်ကူထွက်လာတာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲ့ဒီစစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ပြင်းအားမြင့် မိုင်း၉လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စေတုတ္တရာ ငဖဲလမ်းတစ်လျှောက်မှာပါ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဝေဟင်တပ်ဖွဲ့တွေက ဇူလိုင်လ ၂၃ရက်နေ့ ညနေအထိ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ဦးနဲ့ ပျူစောထီး ၉ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးကျော်စွာမျိုးထွဋ် အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို စေတုတ္တရာမြို့နယ်ပကဖ နဲ့ မြိုင်၊ပေါက်၊ပခုက္ကူ၊ကမ္မ ပကဖ တပ်ပေါင်းစု၊ မင်းဘူးခရိုင် အမှတ်(၄)တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ စေတုတ္တရာ ပကဖ ကထုတ်ပြန်ထားပါတယ်။
ဟေဇယ် ရေးသားသည်။


