ဇူလိုင်လ ၃၀
တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၉ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ ရဲစခန်းနဲ့ ရွှေပန်းတောရွာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပန်လှရဲစခန်းမှာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယရှိသူတွေဖြစ်တဲ့ အမျိုးသား ၂၁ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွှေပန်းတောရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ထုတ်ပြန်ထားပါတယ်။
ငြိမ်း ရေးသားသည်။


