ဩဂုတ် ၆
မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ပင်မ ဓာတ်အားခွဲရုံက အာဏာသိမ်းစစ်တပ်အဖွဲ့ဟာ ခြုံရှင်းနေစဉ်မှာ ကိုယ်ထောင်တဲ့မိုင်းကိုယ် ပြန်နင်းမိလို့ ၁၀ ဦးဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇုန် ၃တာဝန်ခံက The Nation Voice ကိုပြောပါတယ်။
ဩဂုတ်လ ၆ရက် ဒီနေ့မနက် ၉နာရီဝန်းကျင်လောက်မှာ တညောင်ပင်မ ဓာတ်အားခွဲရုံရဲ့ တောင်ဘက်က သရက်တောထဲမှာ ခြုံရှင်းရင်း မိုင်းနင်းမိခဲ့တာလို့သိရပါတယ်။
“လူအလဲအပြောင်းက ခဏခဏလုပ်နေတာဆိုတော့ မိုင်းထောင်ထားတဲ့သူတွေကမရှိတော့လို့ မိုင်းထောင်ထားတာမသိတာမျိုးဖြစ်နိုင်တယ်” လို့ ဇုန် ၃တာဝန်ခံကပြောပါတယ်။
မိုင်းနင်းမိတာကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ၁၀ဦးဝန်းကျင်ဒဏ်ရာရသွားပြီး ဆိပ်ဖြူဘက်ကို လူနာတွေသွားပို့တယ်လို့ သူကဆက်ပြောပါတယ်။
တညောင်ပင်မ ဓာတ်အားခွဲရုံဟာ အနီးဝန်းကျင်က ရွာတွေအပြင် ကပစ ၂၁၊ ၂၂၊ ၂၅တို့ကိုဓာတ်အားဖြန့်ဖြူးနေပြီး အဲဒီ ဓာတ်အားခွဲရုံမှာ အာဏာသိမ်းစစ်တပ်ဟာ စခန်းသဖွယ် လုံခြုံရေးယူအထိုင်ချတပ်စွဲနေတဲ့နေရာလည်းဖြစ်ပါတယ်။
ငြိမ်း ရေးသားသည်။