မေ ၂၃ ၊The Nation Voice
သတင်း – ကျော်ကျော်
မုတ်သုံမြောင်တန်း (Monsoon Trough) ဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းကို ဖြတ်သန်းနေတာကြောင့် အဲဒီဖြတ်သန်းရာ ဒေသတွေမှာ မိုးများပြီး လေတိုက်နှုန်း ပြင်းတတ်ကြောင်း မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ အသိပေးထားပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဆီ ဆက်လက်ဝင်ရောက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံအရှေ့ဘက် ဩရိဿကမ်းခြေမှာမေးတင်နေတဲ့ လေပွေလှိုင်းဟာ ပင်လယ်ဘက်ကို ရွေ့လျားလာပြီး မေလ ၂၆ ရက်နေ့ ညပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်ကြောင်း NOAA-GFS model forecast (ကြိုတင်ခန့်မှန်းချက်) မှာ တွေ့ရတယ်လို့ သိရပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ ဒီကနေ့ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လာမယ့် နှစ်ရက်အတွင်း ဖြစ်လာမယ့် ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်း ဆက်လက်ရွေ့လျားမယ့် လမ်းကြောင်း ညာဘက်ခြမ်းရှိ မြန်မာ့ကမ်းရိုးတန်းတလျှောက် (အထူးသဖြင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်) မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် မြေပြင်/ရေပြင် လေဟာ တစ်နာရီ မိုင် ၂၀ ကနေ မိုင် ၄၀ ခန့်အထိ ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
မုတ်သုံမြောင်တန်း (Monsoon Trough) ဖြတ်သန်းရာ ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်တာ၊ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်စေတာ၊ အပူချိန် ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာနဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
ဓာတ်ပုံ – ဦးဝင်းနိုင်



