တိုက်ခိုက်ရေးဒရုန်းတွေကို မကွေးမှာ အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေ (In-depth story)

Date:

ကိုသိန်းတင်၊ The Nation Voice
ဗုံးသီးများစွာကို သယ်ဆောင်ပျံသန်းနိုင်တဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို အာဏာသိမ်းစစ်တပ်က မကွေးမြို့မှာ ထုတ်လုပ်နေပါတယ်။
မကွေး -တောင်တွင်းကားလမ်းဘေးက ဒေသခံတွေရဲ့အခေါ် TA TA ကားစက်ရုံဝန်းမှာ တိုက်ခိုက်ရေးဒရုန်းတွေကို ထုတ်လုပ်နေတာလို့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
TA TA ကားစက်ရုံလို့ ဒေသခံတွေကသိကြတဲ့ အဆိုပါစက်ရုံဟာ အာဏာသိမ်းစစ်တပ်ရဲ့ မကွေးတပ်နယ် တပ်မတော် အကြီးစားစက်ရုံဝန်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကာလတစ်ခုမှာ အန္ဒိယနိုင်ငံ TA TA ကားကုမ္ပဏီရဲ့ ကားထုတ်လုပ်တဲ့စက်ရုံဖြစ်ခဲ့ပါတယ်။
အခုတော့ အဲဒီစက်ရုံဝန်းထဲက အချို့သောအဆောက်အဦတွေကို ပြင်လည်မွန်းမံပြီး အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးဒရုန်းတွေကို ထုတ်လုပ်နေပါတယ်။
“ဒရုန်းထုတ်ဖို့စက်ရုံကိုလာဆောက်သွားတာက တရုတ်နိုင်ငံသားတွေ။ မိုတွေနဲ့အတူ ရုရှားနိုင်ငံသား နှစ်ယောက်က လာပြီးထုတ်လုပ်နေတာပါ” လို့ အဆိုပါစက်ရုံမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက The Nation Voice ကိုအတည်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နည်းပညာမြင့် ဒရုန်းတွေထုတ်လုပ်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက စက်ရုံကို ပြင်ဆင်မှုတွေစတင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ အဲဒီကာလမှာတော့ တရုတ်နဲ့ ရုရှားနိုင်ငံသား အနည်းငယ်သာရှိခဲ့ပြီး အခုတော့ ဒီစက်ရုံမှာ တရုတ်နဲ့ ရုရှားနိုင်ငံသား အယောက် ၂၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သတင်းရင်းမြစ်တစ်ဦးရဲ့ သတင်းပေးပို့ချက်မှာတော့ ၂၀၂၃ ဒီဇင်ဘာပြင်ဆင်မှုတွေနောက်ပိုင်း လက်တွေ့ဒရုန်းထုတ်လုပ်နိုင်မှုကို ၂၀၂၄ ခုနှစ် မေလမှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်လကြာအပြီး ဇူလိုင်လရောက်မှသာ ပထမဆုံးတစ်စင်းကို အကောင်အထည်ဖော်နိုင်ခဲ့တာလို့ဆိုပါတယ်။
ပထမဆုံးထုတ်လုပ်နိုင်ခဲ့တဲ့ အဆိုပါဒရုန်းကို သရက်မြို့နယ်ထဲမှာ စတင်ပျံသန်းခဲ့ပေမယ့် ပထမအကြိမ်မှာ အောင်မြင်မှုမရခဲ့ဘူးလို့လဲ ထပ်ဆင့်သိရပါတယ်။
လက်ရှိမှာတော့ အဲဒီစက်ရုံက ဒရုန်းထုတ်လုပ်မှုကို ပျှမ်းမျှအားဖြင့် ရက်သတ္တပတ် ၁ပတ်မှာ ဒရုန်းတစ်စင်းနှုန်းနဲ့ ထုတ်လုပ်နေတာလို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
“စက်ရုံကို ရာထူးအကြီးပိုင်းကလူကြီးတွေက တစ်ပတ်ကို သုံးခါလောက်လာစစ်တယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
The Nation Voice ကရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ထုတ်လုပ်ထားတဲ့ ဒရုန်းကိုယ်ထည်ဟာ ၁၂ ပေကျော်ရှည်လျားတာကို တွေ့ရပြီး၊ ဖိုက်ဘာ မိုလောင်းခန်းနဲ့ ဒရုန်းကို ဆေးမှုတ်နေတဲ့ ရုရှားနိုင်ငံသားနှစ်ဦးလို့ ယူဆရသူတွေကိုလည်းမြင်တွေ့ရပါတယ်။
ဓာတ်ပုံမှာပါဝင်တဲ့ ဆေးမှုတ်နေသူတွေဟာ ရုရှားနိုင်ငံသားတွေဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက အတည်ပြုပေမယ့် The Nation Voice အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ရုရှားနည်းပညာနဲ့ ဖိုက်ပါ ကိုယ်ထည် ကာလာက အမည်းရောင်ပါ။ မြေပြင်ကလွှတ်တာမဟုတ်ပဲ ဒရုန်းပစ်တဲ့ယာဉ်ပေါ် တင်ပြီးတော့စမ်းတာ” လို့ ဝန်ထမ်းက ပြောပါတယ်။
ထုတ်လုပ်နေတဲ့ ဒရုန်းတွေမှာ အမျိုးအစား နှစ်မျိုးရှိပြီး နည်းပညာမြင့်အကြိမ်ကြိမ်အသုံးပြုလို့ရနိုင်တဲ့ ဒရုန်းအမျိုးအစားအပြင် ကာမီကာဇေဒရုန်းတွေကိုလည်း ထုတ်လုပ်နေပြီး အဆိုပါဒရုန်းတွေမှာဗုံးသီးအတော်များများကို သယ်ယူနိုင်တယ်လို့ သိရပါတယ်။ (ဒရုန်းတစ်ခုခြင်းစီက သယ်ဆောင်နိုင်တဲ့ ဗုံးသီးပမာဏကိုတော့ The Nation Voice အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး)
“ကာမီကာဇေက ၃ ပေခွဲဝန်းကျင်ရှည်တယ်။ ဘော်ဒီကို ဖိုင်ဘာကွန်ပေါင်းနဲ့လုပ်ထားတယ် ။ ဖိုင်ဘာဆိုပေမယ့် သူကအရမ်းပေါ့တယ်၊နောက်ပြီးထိပ်ဖူးမှာ ဗုံးတွေထည့်ထားတယ်” လို့ အဆိုပါဒရုန်းတွေကို မျက်မြင်တွေ့ခဲ့တဲ့ သတင်ရင်းမြစ်က ပြန်ပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ကထုတ်လုပ်နေတဲ့ ဒရုန်းတွေနဲ့ပတ်သတ်လို့ စစ်တပ်ရဲ့လော်ဘီတစ်ဦးဖြစ်တဲ့ ကျော်စိုးဦးကတော့
“တရုတ်နိုင်ငံကနေ CH4 B အုပ်စုနဲ့ပါတ်သတ်ပြီးတော့ နည်းပညာ လွှဲပြောင်းရယူပြီးတော့ မြန်မာနိုင်ငံမှာ တနည်းအားဖြင့် မြန်မာပြည်တွင်းမှာ တပ်မတော်က ထုတ်လုပ်နေတယ်” လို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်တစ်ခုကို ကိုးကားပြီး သူ့ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ မကွေးမြို့က အဆိုပါတိုက်ခိုက်ရေးဒရုန်းစက်ရုံကို ဗိုလ်ကြီးကျော်စိုးဝင်းဆိုသူက ဦးဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။
အဆိုပါစက်ရုံမှာ အမျိုးသား၊ အမျိုးသမီးဝန်ထမ်း သုံးရာ ဝန်းကျင်ရှိနေပြီး အများစုဟာ ယခင် TATA ကားစက်ရုံက ဝန်ထမ်းတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီဝန်ထမ်းတွေကို အာဏာသိမ်းစစ်တပ်ကဆက်လက်ခန့်ထားတာဖြစ်ပေမယ့် ဒရုန်းစီမံကိန်းရှိရာ အဆောက်အဦကတော့ သီးခြားဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
“အခုမကွေးမှာက ဒရုန်းရော နောက် UAV အဆင့်ပါလုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ ကျွန်တော်တို့လည်း ခန့်မှန်းရတယ်၊ ဒရုန်းနဲ့ UAV ကို သူတို့အကြိမ်ကြိမ်အခါခါပျံတယ်ပေါ့၊ မကွေးမှာရှိတဲ့ တကစ(တပ်မတော် အကြီးစားစက်ရုံ) ဆိုတာက အရင်တုန်းကဆိုရင်တော့ အကြီးအကျယ်လုပ်တာတော့ မရှိဘူးပေါ့၊ ပထမ စပြီး လုပ်တာက မိတ္ထီလာဘက်မှာ တကစ ၁၀ ဘက်မှာ စပြီးတော့လုပ်တာ အခုတော့ မကွေး တကစ မှာတွဲပြီးလုပ်လာတယ်လို့ သိရပါတယ်။ အရင်ကတော့ NORINCO ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးတော့လုပ်တယ်၊ အခုကတော့ ရုရှားနည်းပညာနဲ့ပါလာပြီး ပြည်တွင်းမှာထုတ်မယ့် အနေအထားမျိုးကို တွေ့လာရတယ်” လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းထုတ်လုပ်မှုတွေနဲ့ပတ်သတ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို မကွေးမြို့မှာထုတ်လုပ်နေခြင်းက မကွေးမြို့ဟာ လတ်တလောမှာ တော်လှန်ရေးတပ်တွေက အင်းအားသုံးစီးနင်းတိုက်ခိုက်ဖို့ မလွယ်ကူသေးတဲ့အတွက် ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“အကြီးစားထုတ်လုပ်ရေးစက်ရုံတွေကတော့ မြို့နဲ့ အနည်းငယ်နီးတယ်၊ ကပစ စက်ရုံတွေကတော့ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေမှာများတယ်၊ အဲဒီတော့ ကပစ စက်ရုံတွေကို စီးနင်းတိုက်ခိုက်ဖျက်စီးတာလွယ်ပေမယ့် အကြီးစားစက်ရုံတွေရဲ့ အရေးပါမှုနဲ့ သူတို့အတွက် အထောက်အကူပြုမှုကလည်းရှိလာတယ်” လို့ ဗိုလ်ကြီးဇင်ယော်ကဆိုပါတယ်။
Computer Numerical Control (CNC) စနစ်ကို အသုံးပြုနေတယ်လို့ ယူဆရတဲ့ အဆိုပါစက်ရုံက ဒရုန်းထုတ်လုပ်နေမှုတွေကို တားဆီးနိုင်ဖို့ ဒါမှမဟုတ် ထုတ်လုပ်မှုအရေအတွက် လျော့ချနိုင်ဖို့အတွက် အဓိကကျတဲ့ တိုက်ခိုက်ရေးဗျူဟာက အဆိုပါစက်ရုံတွေကိုပေးနေတဲ့ လျှပ်စစ်မီးလိုင်းတွေဖြတ်တောက်ရေးဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က တစ်ပါတည်းအကြံပြုပါတယ်။
“မြို့နဲ့နီးတဲ့ အကြီးစား စက်ရုံတွေကိုဖြတ်တောက်နိုင်ဖို့ကတော့ အဓိကကတော့ မီးပဲဗျ၊ လျှပ်စစ်ဓာတ်အားပဲပေါ့။ သူတို့စက်ရုံတွေဆီကိုသွားတဲ့ လျှပ်စစ်ဓာတ်အားကို ကြိမ်ဖန်များစွာဖြတ်တောက်မယ်ဆိုရင် သူတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်က ရည်မှန်းထားတဲ့အရေအတွက် ပြည့်မှီအောင် မထုတ်နိုင်တဲ့ အခြေအနေမျိုးရှိတယ်။ ဒါက အန္တရာယ်လဲကင်းတယ်၊ ငွေကုန်ကြေးကျလဲသက်သာတဲ့ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာတစ်ခုပေါ့” လို့ ဗိုလ်ကြီးဇင်ယော်ကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က မကွေးတိုင်း သရက်ခရိုင်တပ်ရင်း ၄ ရဲ့ လှုပ်ရှားနယ်မြေမှာ ကာမီကာဇေဒရုန်းတွေကို စတင်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က တော်လှန်ရေး အဖွဲ့ဝင်တွေအကြား အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...