နတ်ချော့သည်မပျော်နိုင်တော့တဲ့ တောင်ဦးဘုရင် နတ်ပွဲ

Date:

ကံ့ကော်၊ ဖိုးစနေ

ဒီနေ့ တောင်ဦးဘုရင် နတ်ပွဲတော် ကျင်းပနေချိန်မို့လားမသိ။ နေသိပ်မပူ။ ဒါကြောင့် လာရတာ ပင်ပန်းတယ်လို့ မထင်ပါ။ ဟိုးရှေ့နားက တမာပင်တန်းအောက်က စျေးဆိုင်လေးတွေ ပျပျမြင်ရပြီ၊ နတ်ဒိုးသံလည်း သဲ့သဲ့ ကြားရပြီ။

တောင်ဦးဘုရင် နတ်ကွန်းဆီ အရင် ဦးခိုက်ဖို့ စျေးဆိုင်တန်းတွေရှေ့က လမ်းအတိုင်း ဝင်သွားလိုက်တယ်။ စံနန်းမရောက်ခင် နတ်ကတော်တစ်ဦးကတော့ နတ်ဒိုးအတိုင်း နတ်ချော့လို့။ ပြီးတော့ တောင်ဦးဘုရင် စံနန်းတော် အဆောင်ထဲ ဝင်လိုက်တဲ့အခါ ပုဝါအဖြူ ခြုံထားတဲ့ရုပ်တုကို ကြည့်ပြီး တောင်ဦးဘုရင်ရဲ့ ရာဇဝင်အကြောင်း တချက် စဉ်းစားမိသွားတယ်။

ပုဂံခေတ် မဏိစည်သူမင်း အုပ်ချုပ်တဲ့အချိန်မှာ တောင်ဦးနယ်ကိုစားရတဲ့ ဘုရင်က ဒေသထွက် ကောက်ပဲသီးနှံတွေကို အခွန်အဖြစ် ဆက်သရပါတယ်။ တောင်ဦးဘုရင်ရဲ့ မိသားစုဖြစ်တဲ့ မောင်နှမငါးယောက်က ပုဂံကို သွားပြီး အခွန်ဆက်သချိန်မှာ နန်းတော်ဝင်ဖို့ စစ်ဆေးတဲ့သူက ဘာတွေလဲ မေးလိုက်တယ်။ ဝမ်းတွင်းစုန်းအတတ်ကို ရတဲ့ နှမတယောက်က စိတ်တိုတိုနဲ့ မြွေတွေ လို့ပြောလိုက်တော့ ဆက်သတဲ့ အရာတွေက တကယ့်မြွေ ဖြစ်သွားပြီး စစ်ဆေးတဲ့သူ မြွေကိုက်ခံရပြီး သေသွားတယ်။ အဲဒီအမှုကြောင့် မဏိစည်သူမင်းက တောင်ဦးဘုရင်ကို သူ့နှမကို ကိုယ်တိုင်သတ်ခိုင်းတယ်။ တောင်ဦးဘုရင်က မသတ်တော့ သူ့နှမကို ကျားနဲ့ တိုက်သတ်တယ်၊ ဆင်နဲ့ နင်းသတ်တယ်။ ဒါပေမယ့် မသေခဲ့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီအခါမှာ တောင်ဦးဘုရင်ကို ကိုယ့်နှမကို တွေ့အောင် ရှာခဲ့ မတွေ့ရင် တောင်ဦးဘုရင်နဲ့တကွ ကျန်တဲ့နှမသုံးယောက်ကိုပါ သတ်မယ် အမိန့်ပေးပါတယ်။ ထွက်ပြေးသွားတဲ့ နှမကို လိုက်ရှာရင်း ချောက်ကြီးထဲပြုတ်ကျ၊ သေပြီး နတ်စိမ်း ဖြစ်သွားတယ်။

သက်ဦးဆံပိုင်ဘုရင် စနစ်ရဲ့ အမိန့်အောက်မှာ တဖက်က ဓား၊ တဖက်က ညီမ ဘယ်လောက်တောင် ပူနေရပါ့မလဲ။ အာဏာရှင်က ပေးတဲ့ အကြောင်းတရားကြောင့် မောင်နှမတတွေ သေကွဲ ကွဲ ခဲ့ရတာလေ။ အခုစစ်တပ်က အာဏာသိမ်းထားလို့ မိသားစုတွေ သေကွဲကွဲရတဲ့ အပူနဲ့ တူနေမလား။ ကဲပါလေ အခုလက်ရှိဘဝအမောတွေ ခန မေ့ထား။ တောင်ဦးဘုရင်နတ်ကွန်းဆီမှာ အလှူငွေထည့်ပြီး ဆုတောင်းလိုက်ပါဦးမယ်။

တောင်ဦးဘုရင်၊ တပ်ဦးဘုရင်၊ ဇီးတောကျော်၊ ဘကြီးပွဲ စတဲ့ အမည်နာမတွေနဲ့ ခေါ်ကြတဲ့ ရိုးရာနတ်ပွဲတော်က ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှာ ထင်ရှားပါတယ်။ မြန်မာရာဇဝင်မှာ ရှင်ဘုရင် နှိပ်ကွပ်လို့ သေသွားရတဲ့ သူရဲကောင်းတွေကို နတ်အဖြစ် ကိုးကွယ်ရာကနေ နတ်တွေပေါ်လာတယ်လို့လည်း ပညာရှင်တွေက ယူဆကြတယ်။ တောင်ဦးဘုရင်နတ်ကတော့ မြန်မာရာဇဝင်လာ ၃၇ မင်းအပြင် နတ်စာရင်း တွေထဲမှာ မပါပေမယ့် ယင်းမာပင်၊ ပုလဲ နယ်တကြော၊ ဂန့်ဂေါ၊ ယော တကြော က မိဆိုင်ဖဆိုင်တွေ လာကြတယ်။

တောင်ဦးဘုရင်ပွဲတော်ကို နှစ်စဉ် တန်ခူးလပြည့်ကျော် ၅ ရက်ကနေ ၈ ရက်အထိ ၄ ရက်ကြာ ကျင်းပတယ်။ တောင်ဦးဘုရင်သေပြီးကတည်းက နတ်ကွန်း၊ နတ်နန်းနဲ့ ထားပြီး နတ်ပွဲအဖြစ် စည်စည်ကားကား ကျင်းပလာတာ ၂၀၂၁ အာဏာမသိမ်းခင်အထိပေါ့။ ပွဲတော်အဖြစ် စည်စည်ကားကား မကျင်းပတာဆိုလို့ ကိုဗစ်ဖြစ်တုန်းက တနှစ်ရယ်၊ အာဏာသိမ်းပြီး ကာလ တစ်နှစ်ရယ် စုစုပေါင်း နှစ်နှစ်ပေါ့။

ပွဲတော်အဖြစ် မကျင်းပပေမယ့် မိဆိုင်ဖဆိုင် နတ်ပွဲမို့ ဆိုင်ရာ နန်းထိန်းတွေက နတ်တက်ပေးရတယ်၊ ပုံမှန် ၄ ရက်လုံး တရက်မပျက် လုပ်ဆောင်ရတယ်။ ဒီနှစ်မှာတော့ တောင်ဦးဘုရင် နတ်ပွဲကို အနယ်နယ်အရပ်ရပ်က ကိုးကွယ်တဲ့ သူတွေနဲ့ နတ်ဝင်သည် နတ်ကတော် တွေ အကုန်လာကြလို့ အတော်စည်တယ် ပြောရပါမယ်။

စည်တယ်ပြောရပေမယ့် ပျော်နေကြတဲ့ မျက်နှာတွေနဲ့တော့ မဟုတ်ကြပါဘူး။ အစဉ်အလာအရ ပွဲတော်ရက်မှာ နတ်ကတော်ကတော့ နတ်ဒိုးနဲ့ နတ်ချော့နေရပေမယ့် ပန်းတွေ‌ ဝေနေအောင် မပန်ထားနိုင်ဘူး၊ ပိုလှသွားအောင်လည်း မိတ်ကပ်လည်းမလိမ်းနိုင်ဘူး။ အကာမပါတဲ့ သွပ်မိုး အဆောက်အဦ အသေးလေးထဲမှာ ဆိုင်းဝိုင်း တစုံချလို့ နတ်ကတော်တယောက်က နတ်ချော့နေတယ်။ စီးကရက်တလိပ် လက်ကြားညှပ်ပြီး နတ်ချော့နေတဲ့ နတ်ကတော်က သီချင်းဆုံးသွားတဲ့အခါ သူ့တာဝန် ပြီးသွားလို့ ဝိုင်းထဲကထွက်သွားခဲ့ပြီ။

နောက်ထပ်နတ်ကတော်တစ်ယောက်က ဓားနှစ်လက်ကိုင်ပြီး နတ်ဒိုးနဲ့အတူ နတ်ချော့တယ်။ သူသည်လည်းပဲ နတ်ကတော်တယောက်ရဲ့ အဆောင်အယောင်အဖြစ် အဝတ်အစားသာ ဝတ်ဆင်ထားတယ်။ သူ့ဆီ ငွေလာဆက်တဲ့သူတယောက်ကိုတောင်မှ အပြုံးတွေ မဝေပါဘူး။ သံစဉ်အတိုင်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေရသလို။

မြန်မာ့ဂီတမှာ မြူးကြွတဲ့ ရိုးရာတေးတွေအဖြစ် သတ်မှတ်ခံရတဲ့ နတ်ချင်းတွေဟာ စိတ်တွေကျိုးကြေနေရသူတွေကိုတော့ တက်ကြွမှုကို မပေးစွမ်းနိုင်တော့။

ကောင်းကင်မှာ ဗုံးကြဲလေယာဥ်တွေ အမြဲဝဲနေတဲ့၊ စစ်ကြောင်းထိုးလို့ ဘယ်နေရာကို စစ်ရှောင်ရမလဲ ပူနေရတဲ့ ယင်းမာပင်တကြောမှာ ဘယ်သူက စိတ်ပျော်နေကြရမှာတုန်း။ မျှော်လင့်ချက်တွေအတွက် အသက်ပေးနေရတဲ့အခါ နတ်ဒိုးသံမှာ မပျော်ဝင်နိုင်လောက်အောင် စိတ်တွေက ဘယ်လောက်ထိ ဖိစီးနေပါ့မလဲ။

ပြီးခဲ့တဲ့တပေါင်းလကလည်း အမေရေယာဥ် (အနောက်အမေကြီး )နတ်ပွဲကို ကျင်းပခဲ့ပါသေးတယ်။ သတ်ခံရမှာစိုးလို့ ထွက်ပြေးတဲ့ တောင်ဦးဘုရင်ရဲ့ ညီမ သေတဲ့အခါ အမေရေယာဉ် ဆိုပြီး နတ်ကွန်းနဲ့ ကိုးကွယ်ကြတာပါ။ ယင်းမာပင် တကြောမှာ ဒီလိုနတ်ပွဲပြုလုပ်တဲ့ ပွဲတော်ရက်တွေမှာ အလှူ၊ မင်္ဂလာ၊ ပျော်ပွဲရွှင်ပွဲ ဘာပွဲမှ မလုပ်ဘဲ နေကြပါတယ်။ ဒေသခံတွေက နတ်ပွဲ မတိုင်ခင်ကတည်းက တကူးတက ပြင်ဆင်လေ့ ရှိတယ်။ ဝတ်စုံသစ်တွေချုပ်မယ်၊ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေ ဝယ်ကြမယ်။ လှလှပပ ကျော့ကျော့လေး သွားမယ်။ ဒီနတ်ပွဲဟာ ယုံကြည်သူတွေရဲ့ စီးမျှောပွဲဆိုပေမယ့် ပွဲလာသူအားလုံးကို အပျော်တွေ ကူးစက်စမြဲပဲလေ။

အခုတော့ တချို့နေရာတွေ ရွာလုံးကျွတ် မီးရှို့ခံရလို့ ပွဲတော်အတွက် အဝတ်အစားအသစ် မပြောနဲ့ နေစရာ အိမ်တောင် မရှိတော့တဲ့ဘဝတွေ။ စစ်တပ်ရဲ့ ဖမ်းဆီးခံရတာတွေ ရှိနေတော့ စိုးရိမ်သောကတွေနဲ့ ဘာပျော်စရာမှရှိမနေတာကိုး။ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အချိန် တောင်ဦးဘုရင်နတ်ပွဲဆီ လာရတာပါ။

တကယ်တော့ နတ်ပွဲ ဆိုတာဟာ ကိုးကွယ်ယုံကြည်သူတွေအတွက် ပူဇော်ပသရာအပြင် စီးပွားဖလှယ်ရာ၊ အပန်းဖြေရာ ပွဲတော်တွေ ဖြစ်ကြပါတယ်။ အာဏာသာမသိမ်းခဲ့ရင် ဆိုတဲ့အတွေးနဲ့ တောင်ဦးဘုရင်နတ်ပွဲမှာ မိသားစု စုံစုံညီညီနဲ့ ပျော်နေမှာကို မြင်ယောင်နေတယ်။

ယင်းမာပင်နယ်တကြောဆိုတာ စိုက်ပျိုးရေးက အဓိကလုပ်ငန်း။ စပါး၊ ပဲ၊ ပြောင်း ၊သီးနှံအစုံ အဓိကထား စိုက်ကြတယ်။ ဒါကြောင့်လည်း ပွဲတော်မှာ လယ်ယာသုံးပစ္စည်းတွေ ရောင်းချကြသလို လူသုံးကုန် လက်မှုပစ္စည်းတွေ၊ အလှကုန် နဲ့ အဝတ်အထည်ဆိုင် တွေအများကြီးတွေ့ရလေ့ရှိတယ်။ ပွဲ‌တော်ကိုဝင်တာနဲ့ အဆာပြေစားလို့ရတဲ့ မုန့်ဆိုင်တွေ၊ ပွဲစျေးမှာရောင်းချတဲ့ အညာစာတွေ တတန်းကြီးတွေ့ရတတ်တယ်။ ဒေသထွက် လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်တွေ အစီအရီခင်းထားတာက စျေးပွဲတော်လိုမျိုးကို စည်ကားပါတယ်။ အခုတော့ ခေတ်မကောင်းတဲ့အချိန် နတ်ပွဲလာတဲ့သူတွေ သုတ်သုတ်သွား သုတ်သုတ် ပြန်ရမှာဆိုတော့ နတ်ကွန်းကို ပူဇော်၊ လိုအပ်တာ ဝယ်စရာရှိတာဝယ်၊ ပြီးတာနဲ့ ပြန်ကြတာပါပဲ။

ဒီနေ့ တောင်ဦးဘုရင်နတ်ပွဲ နောက်ဆုံးရက်မှာ ရိုးရာအရ လာရောက်ပူဇော်ကြတဲ့သူတွေနဲ့ စည်းကားနေတယ်။ အသိတွေများ တွေ့မလားလို့ ရှာကြည့်ပေမယ့် ဘယ်သူ့ကိုမှမတွေ့။ အသိနဲ့ လူချင်းတွေ့မှ သာကြောင်းမာကြောင်း၊ ရပ်ဆွေရပ်မျိုးတွေ အကြောင်း သိရတာမို့လား။ ဒီလိုနဲ့ နေစောင်းပြီ၊ အိမ်ကိုပြန်ဖို့ဆို နေမဝင်ခင် ရောက်မှလေ……… မြောက်ယမားချောင်းကိုဖြတ် ပြန်ခဲ့တော့ နတ်ဒိုးသံက ဝေး၍ဝေး၍…… ။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...