အညာရဲ့ မနက်စောစော တစ်ပွေ့စာကြိမ်ခြင်းတောင်းကြီးကို ခေါင်းပေါ်ရွက်လို့ မုံရွာမြို့ဆီကိုထွက်မယ့် တစ်စီးတည်းသော လိုင်းကားဆီ အမှီပြေးကြရသူတွေကတော့ ကျောက္ကာရွာက သနပ်ခါးသည် အမျိုးသမီးကြီးတွေပေါ့။
ကျောက္ကာ- မုံရွာ ဒိုင်နာကားကြီးက မနက် ၇ နာရီဝန်းကျင်မှာ ကျောက္ကာကထွက်ပါတယ်။ မနက် ၈ နာရီဆို မုံရွာကိုရောက်ပြီ။
အာဏာမသိမ်းခင်၊ ကိုဗစ်တွေမဖြစ်ခင်တုန်းကတော့ သနပ်ခါးသည်အမျိုးသမီးကြီးတွေက မုံရွာအထိ အပြေးသွားလို့ သနပ်ခါးရောင်းစရာမလိုခဲ့ပါဘူး။ ကျောက္ကာရွှေဂူနီ ဘုရားကြီးရဲ့ မုဒ်ဦးဝမှာပဲ အခန့်သင့်ထိုင်ရောင်းရုံနဲ့ တနေ့ကို သုံးသောင်းကနေ ငါးသိန်းကျော်လောက်ထိကို ရောင်းအားရှိခဲ့ကြတာ။
သိတဲ့အတိုင်းပဲ ကျောက္ကာရွှေဂူနီ ဘုရားကြီးဆိုတာ လပြည်နေ့နဲ့ စနေနေ့ထပ်တူကျရင် ဆုတောင်းပြည့်တယ်လို့ ဒီဒေသမှာယုံကြည်ကြတာကိုး။ ဒီလိုရက်မျိုးဆို သနပ်ခါးကို တောင်းလိုက်ရောင်းရသမှ ဘုရားဖူးလာတဲ့ ကားကြီး၊ ကားငယ်တွေပေါ် တစ်တောင်းပြီး တစ်တောင်း လွှတ်တင်ရတော့တာမျိုး။
အခုတော့ စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ မငြိမ်းချမ်းမှုတွေကြောင့် ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘုရားကြီးဆီကိုတောင် ဘုရားဖူးတွေ မရောက်လာနိုင်ကြတော့ဘူး။
ဒီတော့လည်း သနပ်ခါးရောင်းမှ ထမင်းစားရမယ့် သနပ်ခါးသည်တွေအဖို့ မုံရွာမြို့ပေါ်က လမ်းကြိုလမ်းကြားပါမကျန် ခြေတိုအောင်လျှောက်လို့ သနပ်ခါး ရောင်းကြရတော့တာပေါ့။
သနပ်ခါးရောင်းတယ်ဆိုပေမယ့် တစ်ရက် တစ်သောင်းခွဲ နှစ်သောင်းဖိုးရောင်းရတယ်ဆိုအုံးတော့ ဆီလေးဆန်လေးဝယ်ရတာနဲ့ ဘာကျန်မလဲ။
တချို့ရက်တွေဆိုဈေးဦးကမပေါက်။ မုံရွာမြို့လမ်းကြားတစ်နေရာမှာ သနပ်ခါးလာရောင်းတဲ့ ကျောက္ကာတောင်ရွာက သနပ်ခါးသည် အမျိုးသမီးကြီးကတော့ “ အခုနောက်ပိုင်းကျ ပိုက်ဆံပေးပြီး မဝယ်နိုင်ကြတော့လို့ ဆန်နဲ့သာ ဝယ်ပါတော်လို့ ပြောရတော့တာပေါ့။
ဆန်လေးရတော့လည်း ဆီဆားလေးရှိရင်ကိုဗိုက်ပြည့်သွားတာဘဲ”လို့ သနပ်ခါးကို ဆန်နဲ့ လည်းရတော့တဲ့အကြောင်း သူ့ရဲ့သနပ်ခါးတောင်းကြီးကို ခေါင်းပေါ်ပင့်တင်လိုက်ရင်းညီးတယ်။
ဟိုးအရင်က ပါးပေါ်မှာသနပ်ခါးမရှိရင် မတင့်တယ်ဘူးလို့ အစွဲရှိတဲ့ အညာကမိန်းမပျိုတွေ၊ အမျိုးသမီးကြီးတွေလည်း အခုတော့ သနပ်ခါးတုန်းဝယ်ဖို့ မီးဖိုချောင်စားရိတ်ကို အပွန်းမခံရဲသလောက် ဖြစ်နေပြီလို့ နောက်ထပ် သနပ်ခါးသည် အမျိုးသမီးတစ်ယောက်က ဆိုတယ်။
တစစနဲ့ စီးပွားရေးက ပိုပိုပြီးကြပ်တည်းလာတော့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မတ်လပိုင်းကစလို့ ကျောက္ကာရွှေဂူနီ ဘုရားကြီးက သနပ်ခါးသည်တွေက မုံရွာမြို့ဆီကို သနပ်ခါးရောင်းဖို့ နေ့စဉ်နဲ့အမျှ အသွားအပြန်လုပ်နေကြရတော့တာ။
အခု ၂၀၂၄ သြဂုတ်လနောက်ပိုင်းကိုရောက်လာတော့ သနပ်ခါးကိုဝယ်လိမ်းကြတဲ့သူတွေရှားလားပြီး ဆန်နဲ့လဲရတော့တဲ့ အခြေအနေကို ရောက်လာတော့တာပဲ။
တစ်နှစ်ထက် တစ်နှစ်ဆိုသလို အရာတော်သနပ်ခါးလို့ လူသိများတဲ့ ဒီသနပ်ခါးတုံးတွေရဲ့ စျေးနှုန်းကလည်း စံချိန်တင် ကျလာခဲ့တယ်။
အခုနိုဝင်ဘာလထဲတော့ သနပ်ခါးတုံး အရင့်အကောင်း ငါးတုံးလောက်ပါတဲ့ သနပ်ခါးခြင်းတစ်ခြင်းကို ငွေကျပ် ၆၀၀၀ လောက်ပဲ တန်ဖိုးရှိတော့လို့ သနပ်ခါးတစ်ခြင်းကို ဆန်တပြည်ပဲရတော့တဲ့ကိန်းဆိုက်နေပါတော့တယ်။
တစ်ရက်တာအတွင်း ဈေးဦးပေါက်သည်ရှိ၊ မပေါက်သည်ရှိပေါ့ အချိန်တန် ညနေဆောင်းတော့လည်း ရွာကိုပြန်ရောက်ဖို့ ဒိုင်နာကားရှိရာကို ၄ နာရီအမှီအပြေးပြန်ကြရပါတော့တယ်။
“မုံရွာက အမှန်တိုင်းပြောရင် စျေးကြီးတယ် ကျုပ်တို့ ဝယ်မစားနိုင်ဘူး။ ညက ဟင်းကျန်လေးတွေနဲ့ ထမင်းထုပ်လေးတွေ ထည့်လာခဲ့ရတာပေါ့။ ကျုပ်တို့ အတွက်က ၂၀၀၀ဆိုလည်း ပိုက်ဆံဘဲ။ တရက်တရက် ခြေတိုအောင် လှည့်ရောင်းမှ ဆန်နှစ်ပြည် သုံးပြည်တောင် မရဘူး”လို့ သနပ်ခါးသည်အမျိုးသမီးကြီးတစ်ယောက်က ဒိုင်နာကားပေါ်အမှီတက်ရင်း ရေရွတ်သွားပါတော့တယ်။
သွန်းမီ ရေးသားသည်။


