လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မန်းရွှေစက်တော်ဘုရားပွဲတော် စတင်တော့မယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ရုပ်သံလိုင်းမှာ ကြေညာထားပါတယ်။ တချိန်တည်းမှာပဲ ရွှေစက်တော်ဘုရားပွဲတော် တည်ရှိရာ မင်းဘူးမြို့နယ်ရဲ့ ကျောခြင်းကပ် အနောက်ရိုးမမှာတော့ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။
မြန်မာနိုင်ငံရဲ့ နာမည်ကြီးဘုရားပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး ပွဲတော်ရက် အကြာဆုံးဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း လာရောက် လည်ပတ်ကြသူတွေ သိန်းနဲ့ချီပြီးရှိခဲ့ပါတယ်။ မန်းချောင်းရေ ကြည်ကြည်အေးအေးမှာ အနားယူအပန်းဖြေရင်း တစ်နှစ်တာ အမောတွေကို ဖြေဖျောက်နိုင်တဲ့ နွေဦးရဲ့ပွဲတော်တစ်ခုလို့ဆိုကြလေ့ရှိပါတယ်။
ဒီနှစ်မှာတော့ အာဏာသိမ်းစစ်တပ်က ရွှေစက်တော်ဒေသမှာ စစ်ရေးအတွက် ခံစစ်ပြင်ဆင်နေပါတယ်။ မန်းချောင်းရဲ့ ချောင်းဖျားတည်ရာဒေသတွေကနေ ထိုးဖောက်ဝင်ရောက်လာတော့မယ့် တော်လှန်ရေးတပ်တွေကို ခံစစ်ပြုဖို့ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေကြတာပါ။
မန်းရွှေစက်တော်ဘုရားဒေသဟာ မင်းဘူးမြို့နယ်ရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး ငဖဲမြို့နယ်နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။
ရွှေစက်တော်ဘုရားနဲ့မိုင် ၃၀ ကျော် အကွာက ဂုတ်ကြီးကျေးရွာမှာတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းကစလို့တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။ ဂုတ်ကြီးကျေးရွာဟာ မင်းဘူး- အမ်းကားလမ်းမပေါ်မှာရှိတဲ့ ရိုးမတောင်တန်းပေါ်က ကျေးရွာတစ်ခုပါ။
အခုတော့ ဂုတ်ကြီးရွာအနီးမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်တပ်စခန်းကို AA နဲ့မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြပါတယ်။ အဲဒီတိုက်ပွဲအတွက် အာဏာသိမ်းစစ်တပ်ဘက်က တပ်ကူအများအပြားစေလွှတ်နေရသလို လေကြောင်းပစ်ကူပါပေးနေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိထားရပါတယ်။
မြေမျက်နှာသွင်ပြင်နဲ့ စစ်ရေးဗျူဟာအရ အမ်း-ပဒါန်း ရိုးမတောင်ကြောလမ်းကို ကျော်လွန်ခဲ့ရင် ရွှေစက်တော်ဒေသက တောင်တန်းတွေဟာ အမြင့်ဆုံးလို့ပြောရတော့မယ့် တောင်တန်းတွေဖြစ်နေပါတယ်။ ဒီအတွက် အာဏာသိမ်း စစ်တပ်ဟာ ဒီဒေသကို အခိုင်အမာခြေကုတ်ယူပြီး ခံစစ်ကစားဖို့ ပြင်ဆင်နေတဲ့ စစ်ရေးနယ်မြေတစ်ခုဖြစ်လာမယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုရဲ့ ပြောခွင့်ရသူတစ်ဦးက သုံးသပ်ပါတယ်။
“သူတို့အနေနဲ့က ငဖဲကနေစပြီး ဒီဘက်ကို(မကွေးတိုင်းဘက်ကို) ဝင်မယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ်။ အဲဒါကို AA နဲ့မဟာမိတ်တွေကလည်း လမ်းပွင့်အောင်လုပ်မှာပဲ။ လုပ်လည်းလုပ်နေတယ်။ ဒီလိုဆိုရင် သူတို့အခုခံစစ်ပြင်ထားတဲ့ စက်တော်ရာ ဘုရားဝန်းကျင်ဟာလည်း သေချာပေါက် စစ်ဇုန်ဖြစ်လာမှာ”လို့ အဆိုပါ ပြောခွင့်ရသူက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကတော့ ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ၇၅ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
ပွဲတော်ကာလအတွက် ဆိုင်ခန်းနဲ့တည်းခိုဆောင်တွေရဲ့ တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ တစ်ဘက်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ ဘုရားပွဲကို အမှီပြုပြီး ဒီလုပ်ငန်းတွေကတဆင့် သူ့ရဲ့ အိတ်ကပ်ထဲကို ဘဏ္ဍာငွေတွေ စီးဝင်စေမှာလည်းဖြစ်ပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ ဒေသတွင်းဘုရားပွဲတော်တွေထဲမှာ ဝင်ငွေအများဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ခံစစ်အတွက် ပြင်ဆင်ခြင်းသာမကပဲ ဘဏ္ဍာငွေရရေးအတွက်ပါ ပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ် ပြည်သူတွေကိုဆွဲဆောင်တာလို့ မင်းဘူးဒေသခံအချို့က မှတ်ချက်ပြုကြပါတယ်။
“သူတို့က ဘုရားဖူးပြည်သူတွေကို အမှီပြုပြီး စစ်ရေးတိုးချဲ့ချင်တာ”လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုရဲ့ ပြောခွင့်ရသူ တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေးဖော်ဆောင်မှုက ရွှေစက်တော်ဘုရားပွဲတော်ရဲ့အဝင်မုဒ်ဝဖြစ်တဲ့ (၃) မိုင်ဂိတ်လို့ခေါ်ဆိုတဲ့ နေရာအထိ ရောက်ရှိနေပါပြီ။ တဆက်တည်းမှာပဲ မန်းရွှေစက်တော်ရာပွဲတော်တည်ရှိရာ မင်းဘူးခရိုင်ထဲကို အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေက အမ်း- ပဒါန်းလမ်းကတဆင့် အရှိန်ပြင်းပြင်းနဲ့စိမ့်ဝင်လာနေပါတယ်။
တပြိုင်နက်တည်းဆိုသလို မကွေးတိုင်းရဲ့ ဧရာဝတီအနောက်ခြမ်း မြို့တွေဖြစ်တဲ့ ဆိတ်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း စတဲ့မြို့နယ်တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေပါတယ်။
ရွှေစက်တော်ဒေသကို အဲဒီဘက်မြို့တွေကနေလာဖို့ ဒေသခံတွေအများဆုံးအသုံးပြုလေ့ရှိတဲ့လမ်းပိုင်းမှာရှိတဲ့ အိုးပြင်မဲရွာကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က မီးရှို့လိုက်ပါတယ်။ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ အဲဒီ ကျေးရွာက အိမ်ခြေ ၃၆ လုံး မီးလောင်ပြာကျခဲ့ရပါတယ်။
အိုးပြင်မဲရွာဟာ မန်းရွှေစက်တော်ရာဘုရားကိုရောက်ဖို့ ဆိုင်ကယ်မောင်းချိန် ၁၀ မိနစ်သာကြာမြင့်တဲ့ ဘုရားပွဲကျင်းပရာနယ်မြေနဲ့ နီးကပ်လှတဲ့ကျေးရွာတစ်ခုပါ။ ကျေးရွာတွေကို မီးရှို့လိုက်တာကို အာဏာသိမ်းစစ်တပ်က နယ်မြေရှင်းလင်းတယ်လို့ သုံးနှုန်းလေ့ရှိပြီး အိုးပြင်မဲရွာကိုမီးရှို့တာက အနောက်ရိုးမက ဝင်လာမယ့် တော်လှန်ရေးတပ်တွေကို ခံစစ်ပြုနေချိန်မှာ ဆိတ်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း စတဲ့ဒေသတွေက တော်လှန်ရေးတပ်တွေရဲ့ နှစ်ဘက် ညှပ်ပြီး တိုက်နိုင်တဲ့ တိုက်စစ်ကို ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူအချို့ကလည်း ယူဆကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ရွှေစက်တော်ဘုရားဝန်းကျင်က ဘုရားရွာအပါအဝင် ဘုရားအဝင်မုခ်ဝ၊ ကိုင်းမကြီး၊ ပဒေါင်း စတဲ့ရွာတွေမှာ စစ်အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ The Nation Voice ရဲ့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“ဘုရားကိုလာတဲ့ လမ်းတွေမှာ အစစ်အဆေးတွေအထပ်ထပ်ချပြီး စစ်နေတာ။ နောက်တစ်ခုက ဒီဘက်က တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ တွေလာမှာစိုးလို့ မိုင်းကွင်းတွေ အများအပြားဆင်ထားတာမျိုးရှိတယ်လို့လဲ ကျွန်တော်တို့သိထားရတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ဒီလိုစစ်ရေးတင်းမာနေတဲ့ကာလမှာ အာဏာသိမ်းစစ်တပ်ကကျင့်ပမယ့် ဘုရားပွဲတော်ကို ပြည်သူတွေအနေနဲ့ သွားလာလည်ပတ်တာမျိုး မလုပ်သင့်ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း သတိပေးထားပါတယ်။
ရှည်လျားလှတဲ့ ပွဲတော်ကာလမှာ စစ်ဘောင်ကျယ်လာခဲ့ပြီး ရွှေစက်တော်ဒေသဟာ စစ်ဇုန်ဖြစ်လာခဲ့ရင်တော့ အာဏာသိမ်းစစ်တပ်ဟာ သူတို့သက်သာရာရဖို့ ပြည်သူကို ဓားစာခံလုပ်လာနိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက သူတို့ရဲ့ အတွေ့အကြုံအရ သုံးသပ်ကြပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ကျားကွက်ရွှေ့ဖို့ ရည်ရွယ်ထားတဲ့ ဘုရားပွဲနဲ့ပတ်သတ်လို့ “အပျော်တစ်ခုအတွက် အသက်ကိုလောင်းကြေးထပ်ရမှာမျိုးကို ပြည်သူတွေကို မလုပ်စေချင်ဘူး”လို့ ဆိုပါတယ်။
အခုတော့ မန်းချောင်းရေကြည်တို့ အခြေတည်ရာ အနောက်ရိုးမတောင်တန်းတွေဆီမှာ လက်နက်ကြီးသံတွေနဲ့အတူ တော်လှန်ရေးတပ်တွေက စစ်ချီလို့လာနေခဲ့ပါပြီ။
မောင်ရေချမ်းရေးသည်


