စစ်အုပ်စုကို လောင်စာဖြည့်ပေးနေကြသူများ

Date:

 

စစ်အုပ်စုဟာ ပြည်တွင်းကရတဲ့ ရေနံစိမ်းကနေ လေယာဉ်ဆီ၊ တင့်ကားဆီနဲ့ စစ်သုံးယာဉ်တွေအတွက် စက်သုံးဆီ ထုတ်လုပ်နေတဲ့အကြောင်းက လူပြောသူပြောနည်းလှပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်အုပ်စုရဲ့ နိုင်ငံဖျက်လုပ်ငန်းတွေအတွက် လေယာဥ်ဆီတင်သွင်းမှုကို ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်လာခဲ့ပါတယ်။
အဲဒီ လေယာဥ်ဆီနဲ့ ဒီဇယ်တွေထုတ်လုပ်မယ့် ရေနံစိမ်းကုန်ကြမ်းတွေကို မကွေးတိုင်းမှာရှိတဲ့ ကုန်းတွင်းရေနံမြေနှစ်ခုဖြစ်တဲ့ ချောက်နဲ့ ရေနံချောင်းကနေ အများဆုံးထုတ်ယူနေတာပါ။

လိုအပ်တဲ့ ရေနံကုန်ကြမ်းတွေ တူးဖော်ထုတ်လုပ်မှုနဲ့ စစ်အုပ်စုထံ ရေနံတွေသွင်းနေတာကတော့ စင်္ကာပူကုမ္ပဏီ Interra Resources ဖြစ်ပြီး သူတို့က စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ လောင်စာဖြည့်ပေးနေတာလို့ Justic For Myanmar – JFM က ထောက်ပြပါတယ်။

ဒီရေနံတွေကိုတော့ မန်းသံပုရာကန် ဓာတုဗေဒစက်ရုံစုမှာ သန့်စင်ချက်လုပ်တာပါ။ အဲဒီစက်ရုံဟာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သမ္ဘရာကန်ကျေးရွာမှာတည်ရှိပါတယ်။ ဒေသခံတွေကတော့ အဲဒီစက်ရုံကို PIC စက်ရုံလို့ခေါကြပါတယ်။

စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Justic For Myanmar – JFM ရဲ့ ဇန်နဝါရီလ ၂၉ ရက်ထုတ် အစီရင်ခံစာမှာတော့ ဒီစက်ရုံမှာ လေယာဥ်၊ တင့်ကားနဲ့ ထရပ်ကားအပါအဝင် လိုအပ်တဲ့ လေယာဥ်ဆီနဲ့ ဒီဇယ် ဆီကိုပါ ထုတ်လုပ်နေတာတွေ့ရတယ်လို့ ဖော်ပြပါတယ်။

“တကယ်တော့ ဒီစက်ရုံက လေယာဉ်ဆီထုတ်တယ်ဆိုတာကို မင်းလှသားတွေသိကြပါတယ်။ အခုမှထုတ်တာမဟုတ်ဘူး ဟိုးအရင်ကတည်းက ထုတ်တာပါ။ ဒီမြို့ကဆီမှောင်ခိုသမားတွေက လေယာဉ်ဆီကို “FOC” ဒါမှမဟုတ် “ဂျော်ကာဆီ”လို့လဲခေါ်တယ်” လို့ လေယာဉ်ဆီတွေထုတ်လုပ်နေမှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဆိုပါတယ်။

စစ်အုပ်စု အာဏာသိမ်းတဲ့ ၂၀၂၁ ကနေ ၂၀၂၃ အထိ ၃ နှစ်အတွင်း ကန်ဒေါ် လာ သန်း ၁၅၀ ကျော်ဖိုးရှိတဲ့ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းကို စင်္ကာပူကုမ္ပဏီ Interra Resources က စစ်အုပ်စုရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ် ငွေ့လုပ်ငန်း MOGE ထံ သွင်းခဲ့တယ်လို့ JFM က ဖော်ပြပါတယ်။

စင်္ကာပူကမ္ပဏီ Interra Resources ဟာ မြန်မာ့ ကုန်းတွင်းရေနံမြေတွေကနေ ရေနံထုတ်ယူခွင့်ရ ကုမ္ပဏီအနည်းငယ်မှ တစ်ခုဖြစ်တဲ့ Goldpetrol Joint Operating Company Inc ကုမ္ပဏီရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပါ။

ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကိုတော့ North Petroleum International ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။ North Petroleum International ဆိုတာ စစ်အုပ်စုကို လက်နက်တွေရောင်းချပေးနေတဲ့ တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပ ဏီကြီး China North Industries Group Corporation (NORINCO)ရဲ့ ကုမ္ပဏီခွဲတစ်ခုလည်း ဖြစ်ပါတယ်။

“MOGE နဲ့ အဲဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင် ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်း ဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်”လို့ Justice For Myanmar-JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က မှတ် ချက်ပေးပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့အောက်မှာ ရေနံမြေ ၁၀ ခုရှိပါတယ်။ အဲဒီထဲက လေးခုဖြစ်တဲ့ ချောက်-လမ်းရွာရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ မန်းရေနံမြေနဲ့ ထောက်ရှာပင်-ထန်းကိုင်း-ကန်းနီရေနံမြေတွေဟာ မကွေးတိုင်းထဲမှာ တည်ရှိနေတာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ချောက်-လမ်းရွာရေနံမြေနဲ့ ရေနံချောင်းရေနံမြေတွေဟာ ရေနံအထွက်ဆုံး ရေနံမြေတွေဖြစ်ပါတယ်။

အဲဒီရေနံမြေတွေမှာ နှစ်အတန်ကြာ တာဝန်ထမ်းခဲ့ဖူးတဲ့ CDM ဝန်ထမ်းတစ်ဦးရဲ့အဆိုအရ တစ်ရက်ကိုပျှမ်းမျှ ရေနံစည်ပေပါ တစ်ထောင်ကျော်(၁၀,၀၀)အထိ ထွက်တယ်လို့ ဆိုပါတယ်။ ထွက်သမျှ ရေနံစိမ်းတွေကို ဧရာဝ တီမြစ်ကြောင်းကတဆင့် မင်းလှမြို့နယ်မှာရှိတဲ့ မန်းသံပုရာကန် ဓာတုဗေဒစက်ရုံစုဆီ သယ်ယူပါတယ်။ ပြီးတော့မှ ရေနံစိမ်းကုန်ကြမ်းကနေ လေယာဥ်ဆီ၊ တင့်ကားနဲ့ ထရပ်ကားသုံးဒီဇယ်၊ ဓာတ်ဆီ ကုန်ချောအဖြစ် ပြန်ထုတ်တာပါ။

ချောက်နဲ့ ရေနံချောင်းရေနံမြေတွေကနေ စစ်အုပ်စုရဲ့ ရေနံသယ်ယူတဲ့ ရေနံတင်တွန်း သင်္ဘောတွေကို ပြီးခဲ့တဲ့နှစ်ပတ်ခန့် ဇန်နဝါရီလအတွင်းမှာ ဒေသတော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်သတိပေးခဲ့တာရှိပါတယ်။ ဒါ့အပြင် CDM ဝန်ထမ်းတစ်ဦးရဲ့အဆိုအရ အခုလို စစ်အုပ်စုလောင်စာဆီအတွက် ရေနံစိမ်းသယ်ယူပေးနေတာတွေ မလုပ်ဖို့ ရေယာဥ်လုပ်သားတွေထံကိုလည်း တော်လှန်ရေးအဖွဲ့တွေက စာပို့သတိပေးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ရေနံသယ်သွားတဲ့ ဆီတွဲ(ရေနံတင်တွန်း သင်္ဘော)ကို ပစ်တာ၊ မထိအောင်ပစ်တာပါ၊ အဲဒီလို ပစ်ခံရပြီးကတည်းက သင်္ဘောအဖွဲ့တွေက မသွားရဲတော့ဘူး၊ သူတို့ကလုံခြုံရေးတောင်းတယ်။ စစ်တပ်ကလဲ ရဲနှစ်ယောက်ပဲ လုံခြုံရေးပေးတယ်။ အဲဒီလောက်နဲ့လည်း မသွားရဲတော့ အခုဆီတွဲတွေမထွက်တော့ဘူး”လို့ ရေနံချောင်းရေနံမြေက The Nation Voice ရဲ့ သတင်းရင်းမြစ် ရေနံမြေဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အဲဒီဖြစ်စဉ်ရဲ့ အကျိုးဆက်အနေနဲ့ ချောက်နဲ့ ရေနံချောင်းရေနံမြေတွေက နေ့စဥ်ထောင်ကျော်ထွက်ရှိနေတဲ့ ရေနံစိမ်းသိုလှောင်ကန်တွေက ပြည့်လာခဲ့ပြီး ရေနံထုတ်လုပ်မှုကိုရပ်တန့်ရတဲ့အခြေအနေပါ ရှိလာနေတယ်လို့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ချောက်ကတော့ လှောင်စရာမရှိတော့လို့ တွင်းတချို့ စရပ်နေပြီလို့ သိရတယ်”လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ လုပ်သက်ရင့် CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရေနံချောင်းရေနံမြေမှာတော့ ရေနံသိုလှောင်ကန်အကြီးတချို့ မှာ ဆက်လှောင်နိုင်တဲ့အနေအထားရှိနေပြီး ရက်နှစ်ဆယ်စာလောက်အထိ (လာမယ့် ဖေဖော်ဝါရီ ၁၅) လှောင်နိုင်သေးတယ်လို့ အဲဒီ CDM ဝန်ထမ်းက လတ်တလောအခြေအနေကို ပြောပါတယ်။ လက်ရှိမှာတော့ ရေနံစိမ်းသယ်ယူရေးလမ်းကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတိပေးမှုကြောင့် ဆက်လက်သယ်ယူနိုင်ခြင်းမရှိဘဲ အခြေနေကို စောင့်ကြည့်နေကြတယ်လို့ အဲဒီ CDM ဝန်ထမ်းက ပြောပါတယ်။

“မန်းသံပုရာကန် စက်ရုံက ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းမှာ ရပ်ထားတယ်၊ စက်မလည်နိုင်ဘူး၊ အဓိကကတော့ ချက်စရာရေနံမရှိလို့ပါ။ ဆီတွဲ တစ်စီးနှစ်စီးလောက်နဲ့ စက်ရုံကလည်မရဘူး။ စက်ရုံတစ်ခါလည်ဖို့ရေနံစိမ်း ကုန်ကြမ်းက ပမာဏတစ်ခုအထိ ရှိနေမှလည်ရတာ”လို့ မန်းသံပုရာကန် စက်ရုံဝန်ထမ်းတစ်ဦးကဆိုပါတယ်။

စစ်အုပ်စုကတော့ အဆိုပါစက်ရုံက ကုန်ချောထုတ်လုပ်ထားတဲ့ စက်သုံးဆီတွေကို မင်းဘူး-မင်းလှလမ်းပိုင်းနဲ့ ဧရာဝတီမြစ်ကြောင်းတို့ကနေ အဓိကသယ်ယူနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ အဆိုပါစက်ရုံရဲ့ အဓိကကုန်ထုတ်လမ်းပိုင်းဖြစ်တဲ့ ၁၈ မိုင်ဝန်းကျင်ရှည်လျားတဲ့ မင်းဘူး-မင်းလှ လမ်းပိုင်းကို ပျူတွေက ၂၄ နာရီ ကင်းလှည့်နေတယ်လို့ အဲဒီလမ်းပိုင်းမှာရှိတဲ့ ကျေးရွာအချို့က The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက သတင်းပေးပို့ထားပါတယ်။

ဒါကတော့ စစ်အုပ်စုရဲ့ လူသတ်လုပ်ငန်းသုံး လောင်စာဆီထုတ်လုပ်ရေးယန္တရားရဲ့ လတ်တလော အခြေအနေလည်းဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းက လူထုသပိတ်အင်အားစုတွေကလည်း လေယာဥ်တွေသုံးပြီး လူသတ်အကြမ်းဖက်နေတဲ့ စစ်အုပ်စုနဲ့ လောင်စာဆီဝယ်ယူ၊ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ MOGE ကို ဒဏ်ခတ်အရေးယူတာတွေလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုဆန္ဒထုတ်ဖော်တာတွေ ရှိနေပါတယ်။

နိုင်ငံတကာအနေနဲ့တော့ လောင်စာဆီရောင်း ချမှုတွေကတဆင့် စစ်အုပ်စုကို နိုင်ငံခြားဝင် ငွေအများဆုံး ရှာဖွေပေးနေတဲ့ MOGE ကို ဥရောပသမဂ္ဂ-အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ စစ်အုပ်စုရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဘဏ်(MICB)စတဲ့ ဘဏ်တွေလည်း ပါပါတယ်။

ဒါပေမဲ့ ရေနံစိမ်းကတဆင့် လေယာဥ်ဆီနဲ့ စက်သုံးဆီတွေ ထုတ်လုပ်ရာဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း MPE ကို ဒဏ်ခတ်အရေးယူပိတ်ဆို့တဲ့နိုင်ငံကတော့ ခုထိမရှိသေးဘူးလို့ Justic For Myanmar-JFM က ထောက်ပြပါတယ်။

ဒါ့အပြင် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ စစ်အုပ်စုနဲ့ပေါင်းပြီး အကျိုးအမြတ်တွေရနေတဲ့ စင်္ကာပူကုမ္ပဏီ Interra Resources ဟာလည်း ဒဏ်ခတ်အရေးယူခံရမှုတွေကနေ ကင်းလွတ်နေတယ်လို့ JFM က ဆိုပါတယ်။
ဒါကြောင့် စင်္ကာပူနိုင်ငံအနေနဲ့ စင်္ကာပူစတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Interra Resources ကို စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်သင့်တယ်လို့ JFM က အကြံပြုပါတယ်။ ပြီးတော့ စင်္ကာပူအနေနဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေရရှိနေတဲ့ စစ်အုပ်စုကို ပိတ်ဆို့အရေးယူဆောင်ရွက်မှုတွေ ချက်ချင်း လုပ်ဆောင်ရမယ်လို့ JFM က ထောက်ပြပါတယ်။

ဒီလိုမှ မဟုတ်ရင် စင်္ကာပူဟာ MOGE နဲ့ စီးပွားရေးဆက်လုပ်ပြီး ရေနံဆီရောင်းချမှုကတဆင့် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကျူး လွန်ရာမှာ ကြံရာပါအဖြစ် သက်မှတ်ခံလာရနိုင်တယ်လို့ Justic For Myanmar-JFM က ဆိုထားပါတယ်။

မောင်ရေချမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...