ပြည်သူကိုစိုးထိတ်လာစေတဲ့ စက်တပ်လေထီးအန္တရာယ် အညာဒေသရဲ့ ညဥ့်နက်ချိန် မြူနှင်းဝေနေတဲ့ရာသီမှာ သုံးပေလောက်အကွာကိုမြင်နိုင်ဖို့က ဝိုးတဝါးအခြေအနေပါ။ ဒီအချိန်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာတယ်။
နေအိမ်သွပ်မိုးတွေက လေမှာပျံဝဲသွားပြီး လူတစ်ယောက်စ နှစ်ယောက်စကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်။
ဘေးပတ်ဝန်းကျင်မှာအပျက်အစီးအချို့၊ လူတွေက ရုတ်ရုတ်နဲ့ဘေးလွတ်ရာပြေးထွက်နေကြတယ်။ ကိုထက်(အမည်လွှဲ)တစ်ယောက် တပြိုင်နက်ထဲမှာပဲ ကောင်းကင်ပြင်ပေါ်မော့ကြည့်လိုက်တယ်။ ကိုထက်က ဒေသတွင်းစစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးပါ။
ရိပ်ခနဲဖြတ်ပြီး ပျံသန်းသွားတာကိုမြင်ရပေမယ့် သေချာတာကတော့လေယာဥ်မဟုတ်ပါဘူး။
“အစကလေယာဥ်ပေါ်ကကြဲတာထင်တာ ညဆိုတော့အပေါ်ကိုမမြင်ရဘူး။ နောက်တရက်ညနေပိုင်းလာမှ သိလိုက်ရတာ လေထီးတွေဖြစ်နေတယ်”လို့ကိုထက်ကဆိုတယ်။
ဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာမှာဖြစ်ခဲ့တဲ့ဖြစ်စဥ်ပါ။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ဟာ အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရတဲ့မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနဲ့ ဇန်နဝါရီလနှစ်လအတွင်းမှာ လေထီးနဲ့တိုက်ခိုက်မှု ၁၀ ကြိမ်အထက်ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက စာရင်းပြုစုထားတယ်။
“အစက လေယာဥ်ပေါ်ကချပေးတဲ့လေထီးထင်နေတာ အဲ့ဒီလိုမဟုတ်ဘူး သူတို့က လူ နှစ်ယောက်လောက်စီးလို့ရတဲ့ပုံစံမျိုး။ သူတို့ကလူကထိန်းချုပ်လို့ရတယ်။ လေထီးနဲ့ဗုံးသီးနဲ့လွှတ်လိုက်ပြီး အချိန်နာရီနဲ့သွားနေတာ(လေထီးမောင်းနှင်တဲ့အချိန်အကန့်အသတ်နဲ့)။ မြို့နယ်ကိုပတ်သွားတာတော်တော်ကြာတယ် နှစ်နာရီ၊ သုံးနာရီလောက်ကြာတယ်။ သူတို့လိုချင်တဲ့နေရာရောက်ရင်လေထီးတပ်သားတွေက ပါလာတဲ့ဗုံးကိုလွှတ်ချတာ။အမြင့်ပေ ထောင်ချီပျံကြတယ်”လို့ကိုထက်ကပြောပါတယ်။
ပါဝါဂလိုက်ဒါ(Powered Glider) လို့ စစ်တပ်အသိုင်းအဝိုင်းမှာ အကြမ်းဖျဥ်းခေါ်တဲ့ အင်ဂျင်စက်တပ်လေထီးတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေကြီးစိုးနေတဲ့ မြန်မာပြည် အလယ်ပိုင်း အညာဒေသတကြောမှာ အာဏာသိမ်းစစ်တပ်က တွင်တွင်ကျယ်ကျယ်သုံးလာပါတယ်။ ဒီလိုစက်တပ်လေထီးတွေကို တချို့က ပါရာမိုတာ (paramotor) လို့လဲ ခေါ်ဆိုကြပါတယ်။
ကုန်ကျစရိတ်ကြီးတဲ့ လေယာဥ်ဆီကိုလျှော့ချဖို့ လူလိုက်ပါလို့ရတဲ့ အင်ဂျင်စက်တပ်လေထီးကို မိတ္ထီလာရှမ်းတဲလေတပ်နဲ့နီးတဲ့ဒေသတွေမှာ အစားထိုးတိုက်ခိုက်လာတာပါ။
ခေတ်အဆက်ဆက်ပြည်တွင်းစစ်ပွဲတွေမှာ အသုံးပြုတာမျိုးမရှိခဲ့တဲ့ လေယာဥ်ပြေးလမ်းမလို၊ လေယာဉ်ဆီမလိုအပ်ဘဲ ပုံမှန်စက်သုံးဆီကိုသုံးနိုင်တဲ့ စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က အာဏာသိမ်းပြီး လေးနှစ်မှာ စလို့ အသုံးပြုလာတာဖြစ်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေရဲ့အဆိုအရ တောင်သာမြို့နယ်သာမက မြင်းခြံ၊ နွားထိုးကြီး၊ ငါးဇွန်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်းမြို့တွေကို လေထီးတွေနဲ့ ဗုံးကြဲလာတာတွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့နိုဝင်ဘာ၊ ဒီဇင်ဘာလကစလို့ အခုဇန်နဝါရီလအထိ အဲ့ဒီအင်ဂျင်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေကို အာဏာသိမ်းစစ်တပ်က ခပ်စိပ်စိပ်အသုံးပြုလာတာတွေ့ရတယ်။
ပါဝါဂလိုက်ဒါတွေဟာပစ်မှတ်ထားတဲ့မြို့နယ်ကိုဝင်လာချိန် အနိမ့်ပိုင်းပျံသန်းပြီး ပစ်မှတ်တည့်တည့်ကိုရောက်ချိန်မှာတော့ အမြင့်ပေ ၁၀၀၀ အထက်ကနေပျံသန်းသွားလေ့ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ပါဝါဂလိုက်ဒါတွေနဲ့ပတ်သတ်ပြီး စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့၂၀၂၄ ဧပြီလကတည်းက မိတ္တီလာလေတပ်မှာ လေ့ကျင့်ရေးပုံစံလုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ပျံသန်းနိုင်ချိန်က တစ်နာရီခန့်ရှိပါတယ်။
ကင်းထောက်တာတွေ၊ ကောင်းကင်ဓါတ်ပုံတွေ၊ ဗုံးတွေပစ်ချတဲ့အခါမျိူးတွေမှာ အသုံးပြုတာဖြစ်ပြီး
အမြောက်မော်တာတွေမှာသုံးတဲ့ ဗုံးသီးတွေအသုံးပြုနိုင်တာကြောင့် လေယာဥ်လောက်အပျက်အစီးမရှိပေမယ့် လူသေစေနိုင်နဲ့အထိ အန္တရာယ်ကြီးတယ်လို့ ကျွမ်းကျင်သူတွေကကောက်ချက်ချထားကြပါတယ်။
“သူတို့ရဲ့အမြင့်ပေနဲ့ သူတို့ရဲ့speed ရွှေ့လားမှုက သေသေချာချာပစ်နိုင်တဲ့စနိုက်ပါလိုမျိုးပစ်ချလို့ရတယ်။ ပထမကင်းထောက်တဲ့ပုံစံလုပ်လာတာ။ လေယာဥ်ဆီကို ကန့်သတ်မှုတွေရှိလာတဲ့အတွက် ချက်ချင်းပေါ့အကဲကြည့်မယ်၊ အကဲကြည့်လို့ အခြေအနေထူးရင်ပစ်ချတယ်”လို့ ပါဝါဂလိုက်ဒါတွေရဲ့ လုပ်နိုင်စွမ်းကို CDM ဗိုလ်ကြီးဇင်ယော်ကရှင်းပြပါတယ်။
စက်တပ်လေထီးတွေမှာ အားသာချက်အနေနဲ့လေယာဥ်တွေလိုကောင်းကင် မြင်ကွင်းကနေမြင်ရဖို့ခဲယဥ်းပါတယ်။ ဒါကြောင့် ညဘက်တွေမှာပိုပြီးလှုပ်ရှားကြတာဖြစ်ပါတယ်။
အားနည်းချက်အနေနဲ့ တစ်နာရီကို ၆၀ ကီလိုမီတာအထိသာမောင်းနှင်နိုင်တာ၊ လူအလေးအချိန်အပါအဝင် ဗုံးသီးကို ကီလိုအကန့်အသတ်နဲ့သာသယ်ဆောင်နိုင်တာ၊ တဖက်ကတန်ပြန်ပစ်ခတ်တဲ့အခါမှာ ပစ်ကွင်းရှင်းနေမှုကြောင့် လေထီးမှာလိုက်ပါစီးနင်းသူအတွက်လည်း အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူတွေကသုံးသပ်ထောက်ပြထားကြတယ်။
တောင်သာမြို့လူထုလှုပ်ရှားမှုကော်မတီရဲ့ အချက်အလက်ဖော်ပြထားချက်တွေအရ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ဦးနီးပါးထိခိုက်ခဲ့ပြီး ငါးဦးသေဆုံးခဲ့တယ်လို့ တွေ့ရပါတယ်။
“သူတို့ကညပိုင်းလာတာများတယ်၊နံနက်အစောပိုင်းတွေ၊ညနေပိုင်းတွေတခါတလေလာတယ်။ အဝေးကြီးကနေပဲမြင်ရလို့ တော်တော်ကြည့်ယူရတယ် လေယာဥ်လိုမမြန်တော့ သူတို့လာတာကိုသတိထားမိရင် ကြိုရှောင်ချိန်တော့ရပါတယ် ညဘက်ဆိုရင်တော့သူတို့ကိုမမြင်ရဘူး”လို့ မြင်းခြံမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးအသုံးပြုမှုတွေရှိလာပေမယ့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေဘက်ကတော့ ယခုဆောင်းပါးရေးသားချိန် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တစုံတရာတုံ့ပြန်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ လေယာဥ်၊ရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်မှုတွေအပြင် စက်တပ်လေထီးတွေက အရပ်သားတွေအတွက် နောက်ထပ်ခြိမ်းခြောက်လာတဲ့ အန္တရာယ်အစိတ်အပိုင်းတခုဖြစ်လာတယ်လို့ ဒေသတွင်းစစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ ကိုထက်ကဆိုပါတယ်။
“စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီးယုတ်မာနေတာ။ လေယာဥ်ဆီချွေတာဖို့ ပြည်သူလူထုတွေမဖြစ်ဖြစ်တဲ့နည်းနဲ့မသေသေအောင် လေထီးတပ်တွေပါသုံးလာတယ်”လို့ ကိုထက်ကဆိုပါတယ်။
ဂါရာ ရေးသားသည်။