မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္တရာ နယ်စပ်ကတိုက်ပွဲတွေမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပါတယ်။
ပွင့်ဖြူနဲ့ စေတုတ္တရာနယ်စပ်က ချောင်းဆုံ၊ ရေရင်နဲ့ မုံညှင်းကျေးရွာတွေကို စက်တပ်လေထီးနဲ့ သုံးကြိမ်ဗုံးကြဲခဲ့တဲ့အတွက် သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအထိရှိခဲ့ပါတယ်။ ဒါက ဒီဒေသမှာ စက်တပ်လေထီးနဲ့ ပစ်ခတ်လို့ သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။
အဆိုပါဒေသတွေမှာ မကွေးလေတပ်ဟာ စက်တပ်လေထီးတွေကို သန်းခေါင်ကျော်မနက်အစောပိုင်း အများပြည်သူအိပ်မောကျနေချိန်တွေဖြစ်တဲ့ မနက် ၁ နာရီကနေ ၃ နာရီခွဲကာလတွေမှာ အဓိကအသုံးပြုလေ့ရှိပြီး တချို့တိုက်ပွဲတွေမှာတော့ ဂျက်ဖိုက်တာ၊ MI 35 တွေနဲ့ လာရောက်ပစ်ခတ်တာကိုတွေ့ရတယ်လို့ လေကြောင်းရန်ကာကွယ်ရေးအတွက် စောင့်ကြည့်သူတွေက ဆိုပါတယ်။
စက်တပ်လေထီးတွေက မီးလောင်ဗုံး၊ ၁၂၀မမ၊ ပေါက်ကွဲအားပြင်းလက်နက်တွေကို သယ်ဆောင်လာပြီး လူနေအိမ်တွေကို အဓိကထားတိုက်ခိုက်တာပါ။ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ရေရင်ရွာသား အသက် ၈၀ အရွယ် ဦးလှထွန်းသေဆုံးပြီး အခြားအမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာရကာ နွားငါးကောင်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၂ လုံးပါမီးလောင်ပျက်စီးခဲ့ပါတယ်။
“ပါရာမော်တာတွေက ရေရင်နဲ့ မုံညှင်းမှာအသုံးပြုတဲ့ပုံစံအတူတူပါပဲ။ ပထမဆုံးအနေနဲ့ မီးလောင်ဗုံးကိုအရင်ချတယ်။ လူတွေက မီးလောင်ဗုံးကြောင့် စုနေချိန်မှာပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေကိုချတယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကာကွယ်ရေးအဖွဲ့တွေက ရဲဘော်တွေဟာ စုဝေးနေထိုင်တာမရှိတာကြောင့် အခုလို တိုက်ခိုက်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတာထင်ရှားတယ်လို့ အဆိုပါရဲဘော်ကပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နောက်ပိုင်းမှာ မကွေးတိုင်းထဲက ပွင့်ဖြူမြို့နယ်ချောင်းဆုံကျေးရွာနဲ့ မဒဲကျေးရွာကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့ပေမယ့် ထိခိုက်မှုပြင်းပြင်းထန်ထန်မရှိခဲ့ပါဘူး။ ဖေဖော်ဝါရီလ ၂၂ ရက်မှာတော့ စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအနီးက ယာတဲစုတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃နှစ်အရွယ်ကလေးငယ်အပါအဝင် ၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်စပ်ကဒေသတွေမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၁ ရက်အထိ အာဏာသိမ်းစစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါရာမိုတာတွေဟာ အဲဒီဒေသက လူစုလူဝေးရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ယာတဲစုတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်ပါတယ်။ အဆိုပါယာတဲစုတွေဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက တည်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စက်တပ်လေထီးတွေဟာ ပေရှစ်ထောင်ကနေ ပေတစ်သောင်း အထိပျံသန်းနိုင်ကြပြီး မိုင် ၃၀ ကနေ ၉၀ အထိ ရွေ့လျားပျံသန်းနိုင်ကာ ပျံသန်းချိန် ၃ နာရီကနေ ၄ နာရီထိကြာမြင့်အောင်ပျံသန်းနိုင်ကြပါတယ်။ စက်တပ်လေထီးတွေကို သုံးစွဲရာမှာ စရိတ်သက်သာတဲ့အတွက် စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က မြေပြန့်ဒေသမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေကဆိုပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ ဖေဖော်ဝါရီ တစ်လတည်းမှာပင် ပွင့်ဖြူ၊ စေတုတ္တရာ၊ ဆိပ်ဖြူ၊ ပေါက်နဲ့ ပုလဲတို့မှာ အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတဲ့ အကြိမ်ရေက ၂၀ ထက်မနည်းရှိခဲ့ပါတယ်။ အဆိုပါစက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က လေတပ်တွေမှာသာမကဘဲ နယ်မြေခံတပ်ရင်းတွေဆီကို ပေးပို့ပြီး ပျံသန်းကျင့်နေပြီလို့ သိရပါတယ်။
ကိုသိန်းတင် ရေးသားသည်။