ဖမ်းသည်၊ ငွေညှစ်သည်၊ လက်စဖျောက်သည်

 

“မောင်မောင့်ကို ပြန်လွတ်စေချင်ရင် ၃၅ သိန်း Kpay နဲ့အရင်လွှဲပေးလိုက်၊ လွှဲပြီးရင်လာခေါ်လို့ရပြီ” လို့ လေသံမာမာပြောပြီး ဖုန်းချသွားတယ်။ ငွေသိန်းသုံးဆယ်ကျော်ကို လွှဲပေးရမယ်ဆိုပေမယ့်လည်း မောင်မောင့်ရဲ့ အမေကတော့ ပျော်သွားတယ်။ သူ့သားမောင်မောင် မြို့ပေါ်ကိုစျေးသွားဝယ်ပြီး အဆက်အသွယ်ပြတ်လို့ အိမ်ပြန်မရောက်တာ ရက်အတန်ကြာပြီမို့လား။ သားပျောက်အမေဖြစ်လို့ သားကိုပြန်တွေ့ချင်ဇောနဲ့ ငွေ ၃၅ သိန်းကို လွှဲပေးလိုက်ပါတယ်။ ငွေလွှဲပြီးတော့ သားကိုသွားခေါ်ဖို့ ပြင်ဆင်ပါတော့တယ်။

မောင်မောင့်မိခင်တစ်ယောက် သူမကိုယ်တိုင်က မိန်းမသားမို့မလိုက်ဖြစ်ပေမယ့် မောင်မောင့်ရဲ့ ဦးလေး ဦးကိုကိုနဲ့ သူ့မိတ်ဆွေဖြစ်သူ ဦးမြင့်ထွန်းတို့က သားလေးမောင်မောင်ကိုခေါ်ဖို့ ထွက်သွားကြတယ်။

ဒါပေမယ့်လည်း သုံးယောက်လုံး ပြန်ရောက်လာရမယ့်ခရီးမှာ ဦးကိုကို တစ်ယောက်ထဲ ရွာကိုပြန်ရောက်လာတော့တယ်။ သားကို မျှော်နေမိပေမယ့်လည်း ကိုယ့်အဖြစ်က မြွေပါလည်းဆုံး၊ သားလည်းဆုံး။ သားပြန်လာဖို့ ကြိုးစားလိုက်တာ ငွေလည်းဆုံး၊ သားလည်းဆုံး၊ ကူပြီးလိုက်ပေးတဲ့ သူ့မိတ်ဆွေရဲ့ အသက်လည်း ဆုံးရတဲ့ အခြေအနေ။

“မြို့ပေါ်သွားလိုက်ဦးမယ် အမေရေ” ဆိုပြီး စျေးဝယ်ဖို့ နှုတ်ဆက်သွားတဲ့ ကိုမောင်မောင်က သူနေတဲ့ ရွာ နဲ့ မိုင် ၂၀ အကွာ စျေးကို မရောက်ဘဲနဲ့ “ပျုစောထီးတွေက သူတို့ကို(ကိုမောင်မောင် နဲ့ အခြား ဖမ်းခံရသူ) သတ်ပြီး ရေထဲမျှောလိုက်တယ်၊ ကျန်တာဘာမှမသိရဘူး”ဆိုတဲ့ သတင်းတခုသာ နောက်ဆုံးမှာ လက်ခံရရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိသားစုဝင်တွေ ပျောက်ဆုံးလို့ စုံစမ်းရတာ၊ လူပျောက်ကြော်ငြာရတာ၊ လိုက်ရှာရတာ တောရော မြို့ပါမကျန် တွေ့ကြုံလာရတာ ပိုလို့သာများလာပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၅ ခုနှစ် ဇွန်လ တစ်နှစ်တာအတွင်းမှာ လက်လှမ်းမီသလောက် စာရင်းပြုစုထားတဲ့စာရင်းအရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အတွင်းက ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ လူပေါင်း ၂၂၀ ဝန်းကျင်ခန့်ဟာ စစ်တပ်နဲ့ ပျူစောထီး တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး အဆက်အသွယ်မရ၊ စုံစမ်းမရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်လို့ မြင်းခြံခရိုင် ထောက်ပို့အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒီစာရင်းဟာ မြန်မာတစ်နိုင်ငံလုံးမှာသတင်းမရဘဲ လူတွေပျောက်ဆုံးနေတဲ့ ဖြစ်ရပ်တွေထဲက တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ မြို့နယ်လေးတစ်ခုထဲက ကျေးရွာ ၁၀ ရွာမှာ လူပေါင်း နှစ်ရာကျော် ပျောက်ဆုံးနေပြီး အဆက်အသွယ်မရဖြစ်နေသူတွေက တစ်ရွာကို ၁၀ ယောက်ကျော်လောက် ရှိနေတယ်လို့ခန့်မှန်းရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကောက်ယူထားတဲ့ စာရင်းအရ တစ်နိုင်ငံလုံးက လူပေါင်း ခုနှစ်သောင်းကျော်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးတာမျိုးခံကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့ အာဏာသိမ်းစစ်တပ်က လူတွေကိုဖမ်းဆီး စုဆောင်းပြီး စစ်သင်တန်းတွေပေး စစ်မြေပြင်ကို စေလွှတ်အသုံးချနေတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုထားပါတယ်။

လူငယ်တွေ အထူးသဖြင့် အမျိုးသားတွေကို ဖမ်းဆီးစစ်သင်တန်း‌ပေးပြီး ရှေ့တန်းကိုလွှတ်တယ်ဆိုတဲ့ အချက်ကိုလည်း တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သားတွေရဲ့ ထုတ်ဖော်ပြောပြချက်တွေကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ်က ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးပါဝင်နေပြီး အများစုကတော့ အသက် ၂၅ကနေ အသက် ၄၀ ဝန်းကျင်အထိပါဝင်ကြတယ်လို့ အဲဒီမြို့နယ်ထဲက ဖမ်းဆီးခံရမှုတွေနဲ့ ပျောက်ဆုံးသူတွေကို လေ့လာစာရင်းပြုစုနေသူတစ်ဦးက ဆိုပါတယ်။

မကွေးတိုင်းထဲက မြို့နယ်တစ်ချို့မှာလည်း ဆိုင်ကယ်လိုင်စင်မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ ရွာအဝင်အထွက် ဂိတ်တွေမှာ ဖမ်းဆီးတာနဲ့ ပေါ်တာဆွဲနေတာမျိုးတွေကို ကြုံကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပုံမှန်ဆိုရင် ဖမ်းဆီးပြီးတဲ့နောက် ပုဒ်မမျိုးစုံတပ်ပြီး ရဲစခန်း၊ အကျဉ်းထောင်တွေကိုပို့လေ့ရှိပေမယ့် ဒီနောက်ပိုင်းမှာတော့ မိသားစုဝင်တွေ လိုက်လံစုံစမ်းတဲ့အခါ အဲဒီနေရာတွေမှာလည်း မရှိကြတော့ပါဘူး။ သာမန်မိသားစုတွေအဖို့ ဆက်ပြီးစုံစမ်းဖို့လည်း လက်လှမ်းမမီကြတော့တဲ့ အခြေအနေလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ဘာကြောင့် အဖမ်းဆီးခံရတယ် ဆိုတာကို မသိရသလို မိသားစုဝင်တွေကလည်း သတင်းအစအနပျောက်နေတာကို ဒီတိုင်းထိုင်ကြည့်နေကြရရုံသာ။

ရန်ကုန်မြို့ပေါ်မှာ အကင်ရောင်းနေတဲ့ အမျိုးသားတစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်သင်တန်းတက်ခဲ့ရပါတယ်။ သင်တန်းဆင်းတော့ ရှေ့တန်းကို ရောက်လာရတာ လို့ တော်လှန်ရေးတပ်တွေ ဖမ်းမိတဲ့အခါ ထုတ်ဖော်ပြောဆိုထားတာလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် မိသားစုဝင်တစ်ဦးဦး ဖမ်းဆီးခံရတယ်လို့ကြားရင်း နီးစပ်ရာတွေ လိုက်လံစုံစမ်းကြရတာပါ။ စစ်မှုထမ်း သင်တန်းထဲ ထည့်မှာစိုးလို့ ငွေပေး ရွေးရတဲ့ဖြစ်စဉ်တွေကလည်း မြို့တိုင်းမှာ လိုလိုကြားရတဲ့ မရိုးနိုင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဖြစ်လာခဲ့ပါတယ်။

မန္တလေးတိုင်းထဲက မြင်းခြံ-ပုဂံညောင်ဦး၊ မြင်းခြံ-တောင်သာ၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းမတွေမှာ အာဏာသိမ်း စစ်တပ်နဲ့ သူ့ရဲ့နောက်လိုက် ပျူစောထီးတွေက စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးနေကြတာမျိုးလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မြင်းခြံခရိုင်ထဲက ကျေးရွာအများစုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတာမို့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက အရပ်သား ပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနေကြသလို ငွေညှစ်တာမျိုးတွေလည်း ရှိနေတာပါ။

အဲဒီဒေသက ကျေးရွာတွေမှာဒေသခံတွေ ခဏတိုင်း ဖမ်းဆီးခံနေရတော့ ကြားထဲကနေ လူရွေးပေးတဲ့ အမှုပွဲစားတွေလည်း ရှိလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဖမ်းဆီးသွားတဲ့ အရပ်သားတွေကို ငွေနဲ့ပြန်လည်ရွေးယူဖို့ ကြားကနေတဆင့်ချိတ်ဆက်ပေးတဲ့ အမှုပွဲစားလိုမျိုး ပေါ်လာတာပါ။

မောင်မောင်အတွက်ကိုတော့ ပိုက်ဆံ ၃၅ သိန်းပေးပြီးရွေးဖို့ ချိတ်ဆက် လိုက်ဆယ်ရပေမယ့် အိမ်ပြန်မလာနိုင်ခဲ့ပါဘူး။ ငွေပေးရွေးပြီး အသက်ရှင်လျက် အိမ်ပြန်လာတဲ့ သူကတော့ လူနည်းစုအရေအတွက်လေးသာပါ။

ဖမ်းခံရလို့ ငွေနဲ့ လိုက်ပြီး ပြန်ရွေးခဲ့ရတာ တချို့ဆို ငွေကျပ် သိန်းတစ်ရာထိအများဆုံး ပေးပြီးရွေးခဲ့ရတာ ရှိသလို ဒါဟာလည်း လက်ဆယ်ချောင်း အရေအတွက်လောက်ဖြစ်တဲ့ လူနည်းစုပဲ ပြန်လွတ်လာခဲ့ရတာလို့ အဆိုပါဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ မြင်းခြံဒေသခံက မှတ်ချက်ပေးပါတယ်။

“ငွေနဲ့ရွေးခိုင်းပြီးမှ လူကိုပြန်မပေးဘဲသတ်ပြီး အလောင်းဖျောက်ပစ်တာလည်း ရှိတယ်။ ပြန်လွတ်တာလည်းရှိတယ်။ ဖမ်းထားတဲ့သူတွေ ဘယ်မှာထားလဲဆိုတာ ရှေ့နေတွေကလည်း စုံစမ်းမရဘူးတဲ့။ သေသလား၊ ရှင်သလားလည်း ခုထိမသိရသေးဘူး၊ အခုဆိုမြင်းခြံကို ဘယ်သူမှမသွားရဲတော့ဘူး”လို့ မြင်းခြံခရိုင်မှာတော်လှန်ရေးအတွက် ဆောင်ရွက်နေတဲ့ ထောက်ပို့အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ဖမ်းဆီးတဲ့နေရာမှာပဲ ရိုက်နှက်ပြီး ကြိုးတုပ်ချည်နှောင်ကာ ခေါ်ဆောင်သွားလေ့ရှိသလို ကားအစီးလိုက် ဖမ်းဆီးခံရတာလည်း ရှိပါတယ်။

ကားပေါ်လိုက်ပါသူတွေအထဲ မသင်္ကာသူတွေကို ဆက်ဖမ်းထားပြီး ကျန်တဲ့သူတချို့ကိုတော့ ပြန်လွှတ်ပေးတာလည်းရှိတယ်လို့ မြင်းခြံဘက်က ကျေးရွာအချို့မှာ နေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရပြီး သေဆုံးသွားရတဲ့ ကိုမောင်မောင်ဟာလည်း စျေးကို အသွားမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အသတ်ခံလိုက်ရတာက သူအားပေးတဲ့ ပါတီကြောင့်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

ကိုမောင်မောင်ဟာ NLDပါတီကို ထောက်ခံအားပေးသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ကိုမောင်မောင်ကို ရွေးဖို့ အဖော်လိုက်သွားတဲ့ ဦးမြင့်ထွန်းကလည်း NLDပါတီကို ထောက်ခံ အားပေးသူတစ်ဦးလို့ဆိုပါတယ်။

ဒီအထဲက ဦးကိုကို တစ်ယောက်သာ ပြည်ခိုင်ဖြိုးပါတီကို အားပေးသူလို့ဒေသခံတွေက သိထားကြပါတယ်။ ကိုမောင်မောင်ကို သွားရွေးခဲ့ပေမယ့် သူတစ်ယောက်ပဲ အသက်ရှင်ပြန်လာတဲ့ ဒီဖြစ်ရပ်ဟာ ဒေသခံတွေအကြား ထိတ်လန့်စရာ ဖြစ်ခဲ့ရပါတယ်။

မြင်းခြံနယ်တစ်ဝိုက်မှာ ဒီလိုအခင်းအကျင်းက သိပ်တော့မကြာလိုက်ပါဘူး။ နောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီကို အားပေးထောက်ခံသူတွေလည်း ဖမ်းဆီးငွေညှစ်ခံရ တာတွေကိုကြုံလာကြရပါတော့တယ်။

“တချို့ဆိုကားအစီးလိုက်တွေဖမ်းတော့ သိန်းငါးရာလောက်ပါသွားတာလည်းရှိတယ်။ သူတို့ကအစိမ်း(ပြည်ခိုင်ဖြိုး‌ပါတီထောက်ခံသူ) ပိုင်တယ်ပေါ့၊ အခုတော့ သူတို့ကိုထောက်ခံတာတွေ မထောက်ခံတာတွေမရှိဘူး အကုန်ဖမ်းတယ်၊ သူတို့လူတွေပါ ဖမ်းနေတာပေါ့”လို့မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေမှာ နေထိုင်ကြတဲ့သူတွေဟာ ဒီလိုဖမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် မြို့ပေါ် ကိုတက်ပြီး စျေးသွားဝယ်ဖို့ လက်တွန့်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မြင်းခြံမြို့ပေါ်မှာ တစ်ရက် တစ်ရက် ဆိုင်ကယ်၊ ကား၊ ထော်လာဂျီ အစီး၆၀ ကနေ ၁၀၀ အထိ ရှိတယ်။ ဖမ်းဆီးတာတွေ နောက်ပိုင်း သွားလာတာ တစ်ရက်ကို ငါးစီး ၊ခြောက်စီးလောက်ပဲရှိတော့တာ၊ အခုဆို တချို့လမ်းတွေ တစ်စီးတောင် မတွေ့တော့ဘူး”လို့ မြင်းခြံမြို့မှာ နေထိုင်သူတစ်ဦးကဆိုပါတယ်။

မြင်းခြံဒေသက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ဆွေမျိုးတွေ ဖမ်းခံရတယ်ဆိုတဲ့သတင်းပဲ သတင်းကြားရပြီး စုံစမ်းလို့ မရတော့ပဲ ပျောက်ဆုံးသွားတဲ့အခါ “သူတို့တော့ ပျောက်သွားတယ်”လို့ပဲ သတ်မှတ်လိုက်ကြရပါတော့တယ်။ ပျောက်သွားခဲ့ပြီး တစ်နှစ်ဝန်းကျင်မှာတော့ မိသားစုဝင်တွေက ပျောက်ဆုံးသွားသူတွေကို သေပြီလို့ သတ်မှတ်လိုက်ရပြီး ဓလေ့ထုံးစံတွေအတိုင်း သက်ပျောက်ဆွမ်းကပ်တာ တွေ ပြုလုပ်လိုက်ကြရတာလည်း ရှိနေကြပါတယ်။

နေဝင်သွားတဲ့အခါ မိသားစုဝင် တစ်ဦးဦးက အချိန်တန်လို့ ပြန်မရောက်သေးတာကို စိတ်ချလက်ချမနေရဲ။ စောင့်မျှော်နေရချိန်မှာလည်း မြို့ပေါ်မှာဆိုရင် ပေါ်တာဆွဲခံရတာလား….. ကျားဖြန့်ထဲ ရောင်းစားခံရတာလား….. တရုတ်ပြည်ကို လူကုန်ကူးခံရတာလား……… ရွာတွေမှာဆိုရင် စစ်တပ်က ဖမ်းထားလိုက်ပြီလား………….ပျူတွေကပဲ ခေါ်ထားလိုက်သလား……………… တော်လှန်ရေးအဖွဲ့ဝင်ထင်လို့ အသတ်များခံလိုက်ရပြီလား…………. လယ်ထဲသွားရင်း မိုင်းပဲထိသလား…………. လားပေါင်းများစွာနဲ့ မိသားစုဝင်တွေရဲ့ အပူတွေကို ဘယ်သူကူလို့ ငြိမ်းပါ့မလဲ။

( သတင်းဆောင်းပါးမှာ ပါဝင်သူများ၏ အမည်အားလုံးကို လုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါတယ်)

ဂါရာ ရေးသားသည်။

>n{