The Nation Voice စစ်ကိုင်းရုံးခွဲက ဦးဆောင်တဲ့ အညာစာပေစကားဝိုင်းလေးကို ဒီတစ်ပတ်မှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံမှန်ဆွေးနွေးဖို့ တိုင်ပင်ထားတဲ့ လူငယ်ပိုင်းတော်သားတွေက စာမေးပွဲရှိနေတာကြောင့် ဝိုင်းတော်သားကြီးတွေနဲ့ အစပြုခဲ့ကြတာပါ။
စာပေစကားဝိုင်းရဲ့ အလေ့အထကို စဖို့ကြိုးစားချိန်မှာ အရင်ဆုံးကြုံရတာကတော့ ဆွေးနွေးဖို့ စာအုပ်ကို မတည်မိကြတာပါပဲ။ ကျွန်တော်တို့ပါဝင်သူတွေအနေနဲ့ စာဖတ်တဲ့ အလေ့အထ နည်းပါးခဲ့တော့ အခုမှစာဖတ်ဖို့ ပြန်ပြီးအစပြုကြရမှာပါ။ ဒီတော့ စာအုပ်တစ်အုပ်ကို မတည်တော့ပဲ ဝိုင်းတော်သားကြီးတွေနဲ့ နီးစပ်နိုင်တဲ့ အခင်းအကျင်းလေးတစ်ခုနဲ့ စတင်လိုက်ရပါတော့တယ်။
ဒါကတော့ ကျေးရွာကို သန့်ရှင်းအောင် ဘာတွေလုပ်သင့်လဲဆိုတာကို ဆွေးနွေးကြဖို့ စကားဝိုင်းမှာ အားလုံးက သဘောတူလိုက်ကြတာပါ။
စကားဝိုင်းမှာ ပါဝင်လာတဲ့ မသက်ကတော့ ရွာမှာလမ်းဆိုတာအဓိကပဲ ဒါ ကြောင့် လမ်းကိုအရင်သန့်ရှင်းဖို့လိုမယ်လို့ စပြီးဆွေးနွေးလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ “ဘယ်လိုသန့်ရှင်း အောင်လုပ်ကြမလဲဆိုရင် လမ်းဘေးမီးတိုင်တွေမှာ အမှိုက်ပစ်လို့ရမယ့် အမှိုက်ပုံးပဲဖြစ်ဖြစ်၊ ပီနံအိတ်ပဲဖြစ်ဖြစ်၊ စနစ်တကျထားပြီး လမ်းဘေးက အမှိုက်တွေကို ကောက်ထည့်ဖို့လိုတယ်။ တစ်ပတ်တစ်ခါ သပိတ်မထွက်ခင် အမှိုက်တွေအရင်ပစ်ပြီးမှ သပိတ်ထွက်ကြရအောင်” လို့ စပြီး ဆွေးနွေးလိုက်ပါတယ်။ ဒီရွာမှာတော့ သပိတ်အင်အားစုတွေက တနင်္ဂနွေနေ့တိုင်း သပိတ်ထွက်ကြတာကြောင့် သပိတ်မထွက်ခင် အမှိုက်တွေပစ်ဖို့ပြောတာ ဖြစ်ပါတယ်။
လမ်းတွေကို သန့်ရှင်းအောင်လုပ်ပြီး စာသင်ကျောင်းကိုသန့်ရှင်းမယ်။ လမ်းဘေးက မြက်ပင်တွေကို သန့်ရှင်းအောင်လုပ်ကြမယ်လို့ ဆွေးနွေးအပြီးမှာပဲ စကားဝိုင်းရဲ့ ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ ကိုစိုးက “ခုနက မသက်ဆွေးနွေးသွားသလိုပဲ လမ်းကိုဦးစားပေးပြီး လမ်းဘေးက ချုံနွယ်တွေကို ရှင်းသင့်တယ်” လို့ မသက်ရဲ့ ဆွေးနွေးချက်ကို ထောက်ခံအကြုံပြုလိုက်ပါတယ်။
သပိတ်အင်အားစုတွေက စတင်သန့်ရှင်းရေးလုပ်ကြရင် ရွာထဲကသူတွေပါ သန့်ရှင်းရေးမှာ ပါဝင်လာကြမယ်လို့ သူ့ရဲ့အမြင်ကို ပြောလိုက်ပါတယ်။
အဲဒီလိုလုပ်ဖို့အချိန်မရရင်လည်း သပိတ်အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေ လူငှားခေါ် ပြီး ချုံနွယ်တွေကိုရှင်းကြဖို့ပါ ကိုစိုးက တဆက်တည်းအကြံပြုလိုက်ပါတယ်။
နောက်ထပ် ဝိုင်းတော်သားတစ်ယောက်ဖြစ်တဲ့ ကိုနန်းက “လူတိုင်းက အဲဒီလို အခကြေးငွေပေးမှ လုပ်တော့မယ်ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ” ဆိုပြီး ဒီအကြံပြုချက် အပေါ်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
ဒီနောက်တော့ အားလုံးကဝိုင်းပြီးဆွေးနွေးကြရင်း ဒီနည်းလမ်းကို တတ်နိုင်သလောက် ရှောင်ရှားနိုင်ဖို့ ပြန်ပြီးဆွေးနွေးတိုင်ပင်ရဦးမယ် ဆိုတဲ့ အဖြေထွက်လာပါတော့တယ်။
စကားဝိုင်းရဲ့ တစ်ဘက်ခြမ်းမှာထိုင်နေတဲ့ မဇင်ကတော့ တစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ရင် စိတ်ပါဝင်စားတဲ့သူတွေ ပါလာနိုင်တဲ့အပြင် အမှိုက်တွေကောက်ပြီးရင် လက်ဆေးဖို့ကိစ္စတွေပါ သေချာပြောပြရမယ်လို့ ကျွဲကူးရေပါအိုင်ဒီယာကို ဆွေးနွေးလိုက်ပါတယ်။ ဒါက ကျေးရွာရဲ့ ကျန်းမာရေးအတွက်ပါ အဓိကကျတဲ့ ဆွေးနွေးချက်လည်းဖြစ်လာပါတယ်။
မဖြူကတော့ အဲလိုစုပြီးမလုပ်နိုင်ဘူးဆိုရင်တောင် ကိုယ့်အိမ်ရှေ့မှာရှိတဲ့ အမှိုက် ချုံနွယ်တွေဟာကိုယ့်တာဝန်လို့ သဘောထားပြီးရှင်းကြဖို့ နှိုးဆော်နိုင်ရင် ပိုကောင်းမယ်လို့လည်း ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ အကြုံပြုချက်ကို ဆိုပါတယ်။
စကားဝိုင်းရဲ့ အဆုံးသတ်မှာတော့ ဝိုင်းတော်သားတွေထဲက အမျိုးသမီးအများစုက မိန်းကလေးတွေ အသုံးပြုတဲ့လစဉ်သုံးပစ္စည်းတွေကို ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာကိုပါ တဆက်တည်း အသိပညာပေးတာတွေလည်းလုပ်ဆောင်သင့်တယ်လို့ အကြံပြုခဲ့ပြီး အားလုံးက တညီတညွတ်ထောက်ခံခဲ့ကြပါတယ်။
ဒီတစ်ပတ်ရဲ့ အညာစာပေစကားဝိုင်းလေးက ဆွေးနွေးချက်တွေရဲ့ အနှစ်ချုပ်ကတော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ်မှာတော့ နီးစပ်ရာစာအုပ်တွေကိုဖတ်ခဲ့ပြီး ဆွေးနွေးကြဖို့ သဘောတူကြရင်း ဒီတစ် ပတ်ဆွေးနွေးမှုတွေကို အဆုံးသတ်လိုက်ကြပါတော့တယ်။ ဒီတစ်ပတ်မှာတော့ စာရေး သူကိုယ်တိုင်လည်း ဆွေးနွေးပွဲမှာ လေပေါချင်ဇောကြီးခဲ့တာကြောင့် ဆွေးနွေးပွဲရဲ့ အမှတ်တရဓာတ်ပုံလေးရိုက်ဖို့ ပျက်ကွက်ခဲ့တာကိုလည်း တစ်ဆက်တည်းတောင်းပန်လိုက်ရပါတယ်။
ဖိုးစနေ ရေးသားသည်။


