အညာစာပေစကားဝိုင်း

Date:

 

The Nation Voice က ဦးဆောင်တဲ့ အညာစာပေစကားဝိုင်းလေးကို စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေကြရတဲ့ကြားက ဝိုင်းဖွဲ့နိုင်ခဲ့ကြပါတယ်။ ပုံမှန်ဆွေးနွေးပွဲလေးကို လူငယ်ဝိုင်းတော်သားတွေနဲ့ကျင်းပခဲ့တာပါ။ အချိန်အပိုင်းအခြားနဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေကြောင့် အားနည်းချက်တွေတော့ ရှိနေဦးမှာလို့ တင်ကြိုခွင့်ပန်ပါရစေ။

ပုံမှန်အတိုင်းပါပဲ။ စကားဝိုင်းလေးကို ကိုစည်၊ ကိုစနေ၊ ကိုမိုး၊ အေမီနဲ့ နေခြည်တို့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီတပတ်မှာတော့ စာရေးဆရာ သိုးဆောင်းရေးသားတဲ့ အကြင်သူသည်ဆိုတဲ့ ဝတ္ထုကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

စကားဝိုင်းလေးကို ကိုစည်က စတင်လိုက်ပြီး “ဒီနေ့ ကျွန်တော်ဆွေးနွေးမှာကတော့ စာရေးဆရာ သိုးဆောင်းရေးသားတဲ့ အကြင်သူသည်ဆိုတဲ့ ဝတ္ထုလေးကို ဆွေးနွေးမှာပါ။ ဒီဇာတ်လမ်းမှာ လှည့်လည်ပြီး ဖျော်ဖြေနေရတဲ့ သဘင်သည်မလေး ရှိတယ်ဗျာ။ သဘင်သည်မလေးက သူဌေးသားလေး နန်းနွယ်ရှိတဲ့မြို့ကို ဖျော်ဖြေဖို့ရောက်လာခဲ့တယ်ဗျ။ အဲဒီအချိန်မှာ သူဌေးသားလေး နန်းနွယ်က သူ့ကို မြင်မြင်ချင်းပဲ နှစ်သက်သွားတယ်ပေါ့ဗျာ။ နန်းနွယ်နဲ့ ပါလာတဲ့ သူ့ သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ နန်းနွယ်သူငယ်ချင်းကတော့ ဒီသဘင်သည်မလေးက ဘာဆိုတာ သိပြီးသား။ မြင်လည်း မြင်ဖူးပြီးသား။ နောက်နေ့ကျတော့ နန်းနွယ်က သဘင်သည်မလေးကို တွေ့ဖို့သွားတော့ သူနေမကောင်းဘူးအထင်နဲ့ စိုးရိမ်တာပေါ့ဗျာ။ တကယ်က နေမကောင်းလို့မဟုတ်ဘူး အခကြေးငွေယူပြီး ယောက်ျားတွေနဲ့ ပျော်ပါးရတဲ့ ပြည့်တန်ဆာမလေးဖြစ်နေတာ။ နန်းနွယ် က သဘင်သည်မလေးဆီကို တစ်ယောက်တည်း သွားတဲ့ညမှာပဲ နန်းနွယ်ရဲ့ သူငယ်ချင်းကလည်း ပျောက်နေတာ။ တကယ်တော့ နန်းနွယ်ရဲ့ သူငယ်ချင်းက ပြည့်တန်ဆာမလေး နဲ့သွားပြီး ပျော်ပါးနေခဲ့တာ။ သဘင်သည်မလေးကလည်း ပြည့်တန်ဆာ ဖြစ်ချင်လို့ ဖြစ်နေတာမဟုတ်ဘူး။ သဘင်ခေါင်းဆောင်ရဲ့အိမ်မှာ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် သဘင်ခေါင်းဆောင်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရ တာဗျ။ ဒါပေမယ့် သဘင်သည်မလေးက ဒီလိုအလုပ်တွေလုပ်ဖို့အတွက် ဆန္ဒမရှိဘူး။ တော်တော်လေးကို ညည်းငွေ့နေတာ၊ ဒီအခြေအနေကို နန်းနွယ်က သိသွားတယ်။ သိသွား ပြီးနောက်ပိုင်းမှာ သဘင်သည်မလေးကို အခကြေးငွေပေးပြီး ငှားတယ်။ တခြားယောက်ျား တွေလိုပျော်ပါးတာမျိုး မဟုတ်ဘဲ သဘင်သည်မလေးကို အိပ်စက်အနားယူခိုင်းတယ်။ နောက် ပိုင်းကျတော့ သဘင်အဖွဲ့ခေါင်းဆောင်က ဈေးတွေ တိုးတိုးပြီးတောင်းတယ်၊ တခြား ယောက်ျားသားတွေကလည်း သူ့ကို တအားစိတ်ဝင်စားကြတယ်။ သူဌေးလေးနန်းနွယ်ကလည်း သဘင်သည်မလေးကို အခကြေးငွေငှားရင်းနဲ့ စည်းစိမ်တွေပြုတ်တဲ့အထိ ဖြစ်လာတယ်။ မြို့မှာရှိတဲ့ လူတွေကလည်း အရင်က လေးစားခဲ့ကြပေမယ့် ပြည့်တန်ဆာမကြောင့် စည်းစိမ်တွေ ပြုတ်သွားတယ်ဆိုပြီး ဘယ်သူမှ မလေးစားကြတော့ဘူး။ သူ့ကို အရူးလို့တောင် ဝိုင်းလှောင်ပြောင်ကြတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းအကျဉ်းချုပ်လေးကို ဒီမှာပဲရပ်ထားချင်တယ်” လို့ ဆိုကာ တခြားညီကိုမောင်နှမတွေရော ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး အမြင်လေးတွေ ဆွေးနွေးပေးကြဖို့ ပြောဆိုလိုက်ပါတယ်။

စကားဝိုင်းရဲ့ တစ်ဖက်မှာထိုင်နေတဲ့ ကိုစနေက ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး သူဌေး လေးနန်းနွယ်အပေါ်မှာ အမြင်ဘယ်လိုရှိတယ်၊ သဘင်သည်မလေးအပေါ်မှာ အမြင်ဘယ်လိုရှိတယ်၊ ဇာတ်ခေါင်းဆောင်ရဲ့အပေါ်မှာ အမြင်ဘယ်လိုရှိတယ်.. ညီတွေ ညီမတွေရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

စကားဝိုင်းရဲ့ တောင်ဘက်ထိပ်မှာထိုင်နေတဲ့ အေမီကလည်း မင်းသမီးလေးဟာ အင်မတန် သနားစရာကောင်းတယ်။ သူ့ရဲ့ စိတ်ဆန္ဒမရှိဘဲ ဇာတ်ခေါင်းဆောင်ခိုင်းသမျှ လိုက်လုပ်နေရတယ်လို့ ဆွေးနွေးပြောဆိုပါတယ်။

ဝိုင်းရံတဖက်မှာထိုင်နေတဲ့ သီရိကလည်း လက်ရှိ ခေတ်ကာလနဲ့ ကြည့်မယ်ဆို မင်းသမီးလေးက စိတ်ဆန္ဒမပါဘဲ ပြည့်တန်ဆာလုပ်နေရတဲ့အတွက် အမျိုးသမီးတစ်ယောက် ရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လက်ရှိအခြေအနေမျိုးဆို ရတဲ့ပုံစံနဲ့ တိုက်ပြီးယူကြမှာပဲ။ ဒီဝတ္ထုကို ကြည့်ရုံနဲ့ အရင်ခေတ်ကာလတွေက အမျိုးသမီးတွေဟာ တဆင့်နှိမ့်ဆက်ဆံခံရတယ်၊ အမျိုးသမီးတွေဟာ သူများတွေ ဖိနှိပ်သမျှ ခံနေရတယ်ဆို အထင်းသားမြင်ရတယ်လို့ ဆိုပါတယ်။

ကိုစနေက သီရိရဲ့စကားနဲ့ ပတ်သက်ပြီး ဒီလိုမျိုးဖိနှိပ်တာဟာ ဇာတ်ခေါင်းဆောင်က ဖိနှိပ်တာလား မင်းသမီးလေးနဲ့ ပျော်ပါးနေတဲ့ ယောက်ျားတွေကို ဆိုလိုတာလားလို့ မေးခွန်းထုတ်လိုက်ပြီး သီရိကလည်း ဇာတ်ခေါင်းဆောင်ကိုဆိုလိုတာလို့ ပြန်ဖြေပါတယ်။

စကားဝိုင်းမှာပါဝင်ဆွေးနွေးနေတဲ့ နေခြည်ကလည်း အရင်ခေတ်ကာလမှ မဟုတ်ဘူး အခုခေတ်မှာလည်း ပြည့်တန်ဆာအလုပ်ကို ဝါသနာအရလုပ်နေသူတွေရှိသလို အကြောင်း အမျိုးမျိုးကြောင့် လုပ်နေရသူတွေလည်း ရှိပါတယ်။ စိတ်ဆန္ဒမပါဘဲ သူတို့ရဲ့ မိသားစု အခက်အခဲကို ဖြေရှင်းဖို့အတွက် ပြည့်တန်ဆာအလုပ်ကို လုပ်နေရသူတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာလည်း ပြည့်တန်ဆာလို့ပြော လိုက်တာနဲ့ ဒီလိုအမျိုးသမီးတွေကို ရွံစရာ အဖြစ်သတ်မှတ်ကြတယ်။ ဒါပေမယ့် အခုဝတ္ထုလေးနဲ့ သုံးသပ်ကြည့်လိုက်တဲ့အခါမှာ သူတို့မှာလည်း သူတို့အခက်အခဲနဲ့သူရှိတယ် ဆိုတဲ့ အတွေးတစ်ခုရတယ်။ ဒါပေမယ့် ဒီဝတ္ထုမှာ အားနည်းတာက သူ့အခွင့်အရေး သူရအောင်မယူရဲတာပဲ။ ငါမှ စိတ်မပါတာမလုပ်နိုင်ဘူးဆိုတဲ့ သတ္တိမရှိတာလို့ ဆိုပါတယ်။

ကိုမိုးကလည်း နေခြည်ရဲ့ ဆွေးနွေး ချက်နဲ့ ပတ်သက်ပြီး “ဟုတ်တယ် နေခြည် ပြောတာ လက်ခံတယ်။ အိန္ဒိယဇာတ်လမ်း တစ်ပုဒ်တောင်ရှိတယ် ဂန်ဂူးဘိုင် ဆိုတဲ့ ဇာတ်ကားလေး၊ သူကအကြောင်းအမျိုးမျိုး ကြောင့် ပြည့်တန်ဆာရုံကိုရောက်သွားတယ်။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ရတယ်ပေါ့လေ။ ဒါပေမယ့် သူအဲဒီပြည့်တန်ဆာရုံကြီးကို သွား ချင်လို့ သွားခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် သူ့ ဘဝပေးအခြေအနေအရ ပြည့်တန်ဆာလုပ်နေရပေမယ်လို့ ပြည့်တန်ဆာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အဝရအောင် တောင်းတယ်ပေါ့လေ။ ဒီဇာတ်လမ်းမှာတော့ကို တောင်းယူဖို့ အခွင့်မသာခဲ့ဘူး” လို့ သူ့ အမြင်ကို ပြောပြပါတယ်။

အမျိုးသမီးတွေ စကားဝိုင်းရဲ့ အဆုံးသတ်မှာတော့ ကိုစည်က ဒီဝတ္ထုကို ဆွေးနွေးပြီးနောက်ပိုင်း အမျိုးသားတွေကလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို မချိုးဖောက်မိအောင် နေကြဖို့ အမျိုးသမီးတွေအနေနဲ့လည်း မိမိရဲ့ အခွင့်အရေးကို တိုက်ယူတောင်းယူတတ်ကြဖို့ နန်းနွယ်လိုမျိုး မွန်မြတ်တဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်ကြဖို့ အတွေးတစ်စကျန်တယ်လို့ ဆွေးနွေးပြီး စကားဝိုင်းလေးကို အဆုံးသတ်လိုက်ပါတယ်။

အညာစကားဝိုင်းလေးကို အခက်အခဲတွေကြားက ပြုလုပ်ရတာကြောင့် အားနည်း ချက်တွေရှိနေတာကို နားလည်ခွင့်လွှတ်ပြီး နောက်အပတ်တွေမှာလည်း စောင့်မျှော်ဖတ် ရှုပေးကြပါအုံးခင်ဗျာ။ အားလုံးကို ကျေးဇူး တင်စွာဖြင့် … … …။

ဖိုးစနေ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...