၁။ နွေဦးပလက်ဖောင်းများ
နွေဦးပလက်ဖောင်းတွေဆိုတာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းအာဏသိမ်းမှုအကြောင်းပြုလို့ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာ ပေါ်ထွန်းလာတဲ့ ပလက်ဖောင်းတွေဖြစ်ပါတယ်။ ဒီပလက်ဖောင်းတွေဟာ သီးခြားဆီဖြစ်ထွန်းလာတာတွေရှိသလို ပလက်ဖောင်းအသေးတွေ စုပေါင်းပြီး ပလက်ဖောင်းအကြီးတွေဖြစ်သွားတာလည်းရှိပါတယ်။ တချို့ပလက်ဖောင်းတွေဟာ အပြန်အလှန်ရောယှက်ထိစပ်နေတာမျိုးတွေလည်းရှိပါတယ်။ ဒီပလက်ဖောင်းတွေကို မှတ်တမ်းတင်မယ်ဆိုရင် လက်ရှိအခြေအနေကပဲ စပြီးမှတ်တမ်းတင်မှရပါမယ်။ ဘာလို့လဲဆိုတော့ အတိတ်မှာ ပုံစံအမျိုးမျိုးပြောင်းခဲ့ကြသလို အနာဂတ်မှာလည်း ပြောင်းလဲမှုတွေရှိလာဦးမှာဖြစ်လို့ပါ။ လက်ရှိအနေအထားအရ NUCC ပလက်ဖောင်း၊ K2C( K3C) + NUG ++ ပလက်ဖောင်း၊ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များပလက်ဖောင်း၊ မြေပြန့် ဖက်ဒရယ်ယူနစ်ပလက်ဖောင်းများနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများ ပလက်ဖောင်းဆိုပြီး ခွဲလို့ရပါတယ်။ ဒီနွေဦးပလက်ဖောင်းတခုချင်းစီကို သူတို့သမိုင်းဖြစ်စဉ်တွေအလိုက် မြေပုံညွှန်းစာမျက်နှာပေါ်ကိုတင်ကြည့်ရင် ဘာတွေဖြစ်လာမလဲ။
၂။ မြေပုံပေါ်တင်ကြည့်ခြင်း
ပထမဆုံးထွက်ပေါ်လာတဲ့ပလက်ဖောင်းကတော့ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပလက်ဖောင်းပါပဲ ၂၀၂၁ မတ်လကစတင်စုစည်းခဲ့တဲ့ ဒီပလက်ဖောင်းဟာ ဖွဲ့စည်းပုံဖျက်သိမ်းရေး အမျိုးသားညီညွတ်ရေးအစိုးရပေါ်ပေါက်ရေးစတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်အပြီးမှာတော့ သီးခြားပလက်ဖောင်းတခုအဖြစ်ရောက်သွားပြီး အခက်အခဲပေါင်းများစွာနဲ့ လည်ပတ်မှုရပ်ဆိုင်းသွားပါတယ်။ NUCC ပလက်ဖောင်းဟာ သမိုင်းတလျှောက် အစုံလင်ဆုံးအင်အားစုတွေ စုစည်းမိတဲ့ပလက်ဖောင်းဖြစ်ခဲ့ပေမဲ့ အဲဒီလို အစုံလင်ဆုံးဖြစ်တာကပဲ အရာရာ ဆုံးဖြတ်ချက်ချဖို့ ခဲယဉ်းသွားပြီး မအောင်မြင်ဖြစ်သွားရပါတယ်။ NUCC ရဲ့ မူဝါဒရေးရာ ထစ်ငေါ့မှုတွေကြောင့် အလုပ်မဖြစ်တော့တဲ့ NUG ဟာ ပလက်ဖောင်းအသစ်ကို ကူးပြောင်းဖို့ကြိုးစားရင်း NUCC ထဲမှာပါတဲ့ EROs တချို့နဲ့ သီးသန့်ပလက်ဖောင်းတခုဖော်ဆောင်ဖို့ကြိုးစားပါတယ်။ အဲဒါကတော့ K2C+NUG ပလက်ဖောင်းပါပဲ။ ဒီပလက်ဖောင်းမှာ အစကတုန်းက NLD နဲ့ CRPH ပါ ပါဝင်ပေမဲ့ ၂၀၂၄ ဘုံသဘောထားထုတ်ပြန်ချက်နောက်မှာတော့မပါဝင်တော့ဘဲ တခြားပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေတော့ အမည်မဖော်ဘဲ ပူးပေါင်းပါဝင်လာကြတာတွေ ရှိပါတယ်။ အဲဒီပလက်ဖောင်းထဲမှာ KIO/KIA ကလည်း ပါဝင်သလား မပါဝင်သလားယတိပြတ်ပြောမထားပါဘူး။ ဒီပလက်ဖောင်းဟာလည်း နိုင်ငံရေးဘုံသဘောတူညီချက်တရပ်ထုတ်နိုင်တာကလွဲလို့ အားကောင်းလာတာမျိုးမရှိဘဲ ပုံမှန်ပဲရှိနေပါတယ်။ အဲဒီပလက်ဖောင်းတွေနဲ့အပြိုင် စစ်ရေးအရှိန်မြှင့်ပြီး ထင်ရှားလာတဲ့ပလက်ဖောင်းကတော့ 3BHA ဦးဆောင်တဲ့ မြောက်ပိုင်းအင်အားစုများ စစ်ရေးပလက်ဖောင်းပဲဖြစ်ပါတယ်။ တခြားအင်အားစုတွေလည်း စစ်ရေးနဲ့ ထောက်ပို့အရ နောက်ကွယ်က ပါဝင်ကြတဲ့ပလက်ဖောင်းတခုပါ။ ဒီပလက်ဖောင်းဟာ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ ပြည်သူလူထုထောက်ခံမှုတွေအားကောင်းလာပေမဲ့ ယခုအချိန်မှာတော့ တရုတ်ရဲ့ မဟာဗျူဟာမြောက်ဟန့်တားမှုကို ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတချို့တွေ့နေပါတယ်။ ဒီဖြစ်စဉ်နဲ့အပြိုင်ပဲ ပြည်နယ်နဲ့ လူမျိုးစုအတိုင်ပင်ခံကောင်စီတွေပူးပေါင်းထားတဲ့ Bottom up approach ကို အပြည့်အဝကျင့်သုံးမယ်ဆိုတဲ့ ကြေညာချက်နဲ့အတွက် ပြည်နယ်/လူမျိုးစုပလက်ဖောင်းတခုထပ်မံပေါ်ထွန်းလာပြန်ပါတယ်။ ဒါဟာလည်း ဒေသအလိုက် နယ်မြေသိမ်းစစ်ပွဲတွေနဲ့အပြိုင်ဖြစ်တည်လာတဲ့ နိုင်ငံရေး မျှော်ရည်ချက်ပလက်ဖောင်းတခုလို့ ယူဆရပါတယ်။
ပလက်ဖောင်းတိုင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ NLD အင်အားစုတွေကလည်း မြေပြန့်ဖက်ဒရယ်ယူနစ်လွှတ်တော် အင်အားစုတွေနဲ့ ပေါင်းစည်းပြီး ဖက်ဒရယ်ယူနစ် အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်လာတာမျိုးတွေရှိပါတယ်
ဒီလိုပဲ ပလက်ဖောင်းတိုင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ NLD အင်အားစုတွေကလည်း မြေပြန့် ဖက်ဒရယ်ယူနစ်လွှတ်တော်အင်အားစုတွေနဲ့ပေါင်းစည်းပြီး ဖက်ဒရယ်ယူနစ် အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်လာတာမျိုးတွေရှိပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ဒီလုပ်ငန်းစဉ်ဟာ အကြီးအကျယ်ဆွေးနွေးနေရတဲ့ ပလက်ဖောင်းတခုအသွင်းဆောင်လာပါတယ်။ တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အင်အားစုတွေဟာ လူထုဖိုရမ်တွေလို ပလက်ဖောင်းတွေတည်ဆောက်ပြီး မြေပြန်ဖက်ဒရယ်ယူနစ်အခင်းအကျင်းကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ နောက်ဆုံးတခုကတော့ နောက်ဆုံးမှပေါ်လာတဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေက နိုင်ငံရေးသမားတွေရဲ့ ပလက်ဖောင်းပါ။ သူတို့ဟာလည်း လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုပြေလည်ဖို့ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ကြပြီး ငွေဆောင်တွေ့ဆုံပွဲကနေ ကြေညာချက်တရပ်ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဒီပလက်ဖောင်းတွေကို မြေပုံပေါ်တင်ပြီး ကြည့်လိုက်ရင် တခုနဲ့တခု ဆက်စပ်နေတာ ရောထွေးနေတာ ရောယှက်နေတာ စတဲ့ အညွှန်းမြားတွေကိုမြင်ရမှာပါ။
၃။ အညွှန်းမြားများ
တချို့ပလက်ဖောင်းတွေရဲ့ အလုပ်မဖြစ်မှုဟာ တချို့ပလက်ဖောင်းတွေကို ဖြစ်ပေါ်လာစေပြီး တချို့ပလက်ဖောင်းတွေကတော့ ရှိပြီးသားပလက်ဖောင်းတွေကို အားဖြည့်ဖို့ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဥပမာ NUCC နဲ့ K2C + NUG ++ ပလက်ဖောင်းဟာ တခုအလုပ်မဖြစ်လို့ ခွဲထွက်ပေါ်ထွန်းလာတာဖြစ်ပြီး ပြည်နယ်နဲ့ လူမျိုးစုတွေရဲ့ Bottom up approach ပလက်ဖောင်းကတော့ ရှိပြီးသား ပလက်ဖောင်းတွေကို အားဖြည့်ဖို့ထွက်ပေါ်လာတာပါ။ ဒါကြောင့် အညွှန်းမြားတွေအပြင် အပေါင်းလက္ခဏာတွေပါတွေ့ရမှာဖြစ်ပါတယ်။ တချို့ပလက်ဖောင်းတွေဟာ တခုနဲ့တခု အမှီသဟဲဖြစ်နေကြပြီး တခုမရှိရင် တခုပေါ်လာစရာမရှိတာတွေလည်းတွေ့ရပါတယ်။ ဥပမာအားဖြင့် 3BHA ပလက်ဖောင်းနဲ့ လူမျိုးစုယူနစ်များပလက်ဖောင်းဖြစ်ပါတယ်။ တချို့ပလက်ဖောင်းတွေကတော့ ဆန့်ကျင်ဘက်အသွင်ဆောင်တဲ့ ပလက်ဖောင်းတွေဖြစ်ပါတယ်။ NLD ဦးဆောင်တဲ့ မြေပြန့်ဖက်ဒရယ်ယူနစ်ပလက်ဖောင်းနဲ့ တိုင်းရင်းသား/လူမျိုးစုတွေရဲ့ Bottom up ပလက်ဖောင်းတွေဖြစ်ပါတယ်။ NUG ဟာ ပါဝါကို ဗဟိုကချုပ်ကိုင်ဖို့ ကြိုးစားနေရင်း တချို့ မြေပြန့်ယူနစ်ပလက်ဖောင်းတွေနဲ့ ဆန့်ကျင်ဘက်သဘောဆောင်သွားတာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် ပလက်ဖောင်းတွေစုစည်းထားတဲ့မြေပုံတွေမှာ မြားတွေ အပေါင်းလက္ခဏာတွေသာမက ကြက်ခြေခတ်တွေလည်းပေါ်ပေါက်လာရပါတယ်။ ဒီပလက်ဖောင်းအားလုံးမှာ ကွဲပြားမှုတွေရှိနေလင့်ကစား ဒီပလကဖောင်းတွေအားလုံးဟာ စစ်ကောင်စီဆိုတဲ့ ဘုံရန်သူတော့ ရှိနေတာတူပါတယ်။
၄။ တခုတည်းသော ပလက်ဖောင်း
ဒီပလက်ဖောင်တွေကို မြေပုံပေါ်တင်ကြည့်ချိန် အညွှန်းမြားတွေ၊ အပေါင်းလက္ခဏာတွေ အနုတ်လက္ခဏာတွေနဲ့ မျဉ်းပြိုင်တွေတွေ့လာရပြီး နောက်ထပ်တွေ့ရတဲ့အချက်ကတော့ တခုတည်းသော ပလက်ဖောင်းတခု ဒီပလက်ဖောင်းတွေထဲက ထွက်ပေါ်လာဖို့ဆိုတာ လုံးဝမလွယ်တော့ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ အလုပ်မဖြစ်ဘူးလို့တော့မဆိုလိုပါဘူး မာတီပလက်ဖောင်းလို့ခေါ်တဲ့ ပလက်ဖောင်းများစွာနဲ့ တိုးတိုက်တဲ့ စနစ်တခု ဖြစ်လာဖွယ်ရှိတယ်ဆိုတဲ့ ဖြစ်တန်ရာခြေရှိပါတယ်။ အချုပ်အားဖြင့်ပြောရရင် နွေဦးပလက်ဖောင်းတွေကို မြေပုံထဲမှာ တင်ကြည့်တဲ့အခါ ကြီးတဲ့အရာကနေ သေးသွားတာမျိုး၊ သေးတဲ့အရာကနေ စုစည်းပြီးကြီးသွားတာမျိုးထက် အင်အားတူမျှခြေတွေကနေ ပြန်လည်ပေါင်းစည်းမှု သို့မဟုတ် ပြိုင်တူတွန်းတိုက်မှုအားကိုပဲ စနစ်တကျ ဖော်ဆောင်ရမယ်ဆိုတဲ့အချက်ကို ရရှိပါတယ်။
တူမီးသိမ်းမောင် ရေးသားသည်။


