TNLA ရဲ့ ထုတ်ပြန်ချက်က ဘာအဓိပ္ပါယ်ဆောင်လဲ

Date:

 

စစ်ကောင်စီရဲ့တပ်စခန်းတွေ၊ မြို့တွေနဲ့ နယ်မြေအများအပြားကို ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း တိုက်ခိုက် သိမ်းယူနိုင်ခဲ့တဲ့ TNLA တပ်မတော်နဲ့ ၄င်းအဖွဲ့ ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF တို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လေကြောင်းတိုက်ခိုက်ခံရမှု တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်နေ့ နေ့စွဲ နဲ့ ထုတ်ပြန် လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်ပွဲတွေ၊ အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံလူထုခံစားနေရတဲ့ ဘေးဒုက္ခတွေကို ငဲ့ညှာထောက်ထားသောအားဖြင့်သော်လည်းကောင်း နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲများရပ်စဲရေးအတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြု တဲ့အနေနဲ့သော်လည်းကောင်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ပါရှိတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်က ပြည်တွင်းက တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ကြိုးစားနေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူထုတွေကို အားလျော့စေခဲ့ပါတယ်။ TNLA အနေနဲ့ ဘာကြောင့် အခုလိုကြေညာချက်ကို ထုတ်ပြန်ရသလဲဆိုတာ ခရေစေ့တွင်းကျ မသိနိုင်ပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပလောင်ပြည်နယ်စပ်ဒေသမှာ ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေအပါအဝင် ဝယ်ယူတင်သွင်းမှု တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်တဲ့ အကျိုးဆက်တရပ်အနေနဲ့ အခုလို ကြေညာချက်ထုတ်ပြန်ရတာလို့တော့ အများက နားလည်နေကြတာပါ။

၁ဝ၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသရဲ့ နယ်မြေသိမ်းယူတဲ့ တိုက်ပွဲသက်သက်ဆိုတာထက် စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ မြို့တွေ၊ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ သာမက တိုင်းစစ်ဌာနချုပ် တစ်ခုကိုပါ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး အနေနဲ့ သိမ်းယူနိုင်ခဲ့တာဖြစ်လို့ မြန်မာ့နိုင်ငံ ရေးအာဏာကို ဆယ်စုနှစ်များစွာချုပ်ကိုင်လာခဲ့တဲ့ စစ်တပ်ပြိုလဲမှုရဲ့ နိဒါန်းအဖြစ် မျှော် လင့်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုမျှော်လင့်ချက်နဲ့ မိုင်ရာနဲ့ချီကွာဝေးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက တပ်အင်အားစု အချို့ပါ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတာဖြစ်လို့ အခုလောက်ထိ အရေအတွက်များတဲ့ မြို့တွေ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရတဲ့အနေအထားမျိုး စစ်ကောင်စီ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မကြာသေးခင်က သတင်းဆောင်းပါး တပုဒ်မှာ ဖေါ်ပြထားခဲ့သလိုပဲ မြန်မာနိုင်ငံ အလယ်ပိုင်းက အင်အားစုတွေ၊ ကရင်နီ ပြည်နယ်က KNDF လို အင်အားစုတွေ၊ နောက် BLPA လို လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲက စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ PDF တပ်ဖွဲ့ တွေအကြား စစ်ရေးချိန်ခွင်လျှာ အလှည့် အပြောင်းတစ်ခု ဖြစ်စေခဲ့တာပါ။

ဒါကြောင့် ရှမ်းမြောက် တိုက်ပွဲတွေ၊ ၁ဝ၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ သိမ်းယူနိုင်ခဲ့တဲ့ တပ်စခန်းနဲ့ နယ်မြေ ပမာဏတွေထက် စိတ်ဓါတ်ရေးအရ အောင်နိုင်မှုကလည်း အရေးပါတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ TNLA တပ်ကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်အောင် ဖိအားပေးနိုင် ဆွဲခေါ်နိုင် တဲ့ တရုတ်နိုင်ငံရဲ့ ဖိအားကို လျှော့မတွက်ဖို့ အရေးကြီးပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း MNDAA လို့ အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက မြို့မှာ တရုတ်အစိုးရရဲ့ အကျယ်ချုပ်ချထားတယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်လာခဲ့ပါသေးတယ်။ TNLA အဖွဲ့နဲ့ MNDAA တို့ထက် အင်အားကြီးတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည်ပင်လျှင် တရုတ်နိုင်ငံကို တည့်တည့်ရင်ဆိုင်နိုင်တဲ့ အခြေအနေမရှိခြင်းကို ကြည့်ရင် ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်ရဲ့ ဖိအားကို ကြံ့ကြံ့ခံနိုင်မှုဟာ အကန့်အသတ်နဲ့ သာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း (တနည်းအား ဖြင့် အညာဒေသ) က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာ၊ မဟာမိတ်ဖွဲ့တာ၊ အကူအညီယူတာတွေလုပ်ဆောင်ရမှာ အသေအချာဖြစ်သော်လည်း ရှမ်းမြောက်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ လွတ်မြောက်ရေး၊ ထိန်းချုပ်နယ်မြေထူထောင်ရေးတို့မှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့မှာ အကန့် အသတ်ရှိနေတယ်ဆိုတာကို သဘောပေါက် ဖို့အရေးကြီးပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသ ရဲ့ အောင်မြင်မှုတွေ၊ လွတ်မြောက်နယ်မြေ ထူထောင်ပြီး ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင် ရေးတွေမှာ အညာဒေသတွင်းက လက်နက် ကိုင်အဖွဲ့တွေရဲ့ တစုတစည်းတည်း ပူးပေါင်းလှုပ်ရှားနိုင်မှုက အဓိကသော့ချက်ဖြစ်တယ်ဆိုတာကို အခု လတ်တလောအခြေအနေတွေက ညွှန်ပြနေတယ်လို့ဆိုရင် မှားမယ် မထင်ပါဘူး။ အညာဒေသက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာမှာ နိုင်ငံရေးအရ အမြင်၊ ဦးတည်ချက် ထပ်တူကျဖို့ အရေးကြီးသလို ဦးတည်ချက်ပန်းတိုင်တူတဲ့ အဖွဲ့ချင်းအကြား မှာ စစ်ရေးအရ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုလည်း ရှိရမှာဖြစ်ပြီး ဒါမှလည်း ရှမ်း မြောက်ဒေသလို အရွေ့တစ်ခု ရသည်အထိအညာဒေသကို ပြောင်းလဲစေမှာဖြစ်ပါတယ်။

တင်အောင်မိုး ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...