လွတ်လပ်ရေးနေ့ အဓိပ္ပါယ်

Date:

ရန်ကုန်မြို့ ရဲ့အဓိကလမ်းကြီးတစ်ခုဖြစ်တဲ့ ပြည်လမ်းမကြီးတစ်လျှောက်မှာ ဝါ၊ စိမ်း၊ နီအလံတွေကို ရာနဲ့ချီပြီးလွှင့်ထူထားတာ တွေ့မြင်ရပါတယ်။ ဘုရင့်နောင် စစ်ကြောရေးဝန်းအတွင်းကလည်း ဘင်ခရာသံတွေ ထွက်ပေါ်နေတာကြားရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း လွတ်လပ်ရေးနေ့မှာ ပျော်ပွဲ၊ ရွင်ပွဲတွေနဲ့ စည်စည်ကားကားလုပ်ရမယ်လို့ ညွန်ကြားထားတာကို သိရတယ်။

လာမယ့် ဇန်နဝါရီ ၄ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၇နှစ်ရှိခဲ့ပါပြီ။ သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ပြီး အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်ရေးကိုရရှိခဲ့ပါတယ်။ “အချုပ်အခြာအာဏာပိုင်”ဆိုတဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှုတွေနဲ့အတူ စစ်ကျွန်ဘဝကို ရရှိခဲ့တာကတော့ နှစ်ပေါင်း ၆၀ကျော်ရှိပါပြီ။ တနည်းအားဖြင့် သူ့ကျွန်ဘဝက လွတ်မြောက်ပြီး စစ်ကျွန်ဘဝကို ရောက်ခဲ့ရတာပါ။

ကိုလိုနီသူ့ကျွန်ဘဝကလွတ်မြောက်ဖို့ အင်္ဂလိပ်အစိုးရထံကနေ လွတ်လပ်ရေးရယူစဥ်က နယ်စပ်ဒေသတွေနဲ့ ကရင်နီပြည်နယ်အပါအဝင် (နောက်ပိုင်းကယားပြည်နယ်လို့ပြောင်းလိုက်တဲ့) မြန်မာနိုင်ငံသားတွေဟာ အချုပ်အခြာပိုင် လွတ်လပ်တဲ့နိုင်ငံတော်ကို အခိုင်အခံ့တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ၁၉၄၇ခုနှစ်အခြေခံဥပဒေရဲ့ နိဒါန်းမှာ ဆိုပါတယ်။

တရားမျှတခြင်း၊ လွပ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားတွေကို အခြေပြုလို့ လူ၊ သတ္တဝါ ခပ်သိမ်းတို့ရဲ့ ငြိမ်းချမ်းသာယာရေးကို ရည်ရွယ်ပြီး လွတ်လပ်ရေးရယူခဲ့တယ်လို့ ဆိုပါတယ်။

လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဆိုရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာဘုရားကျောင်းကန်သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာပရိယေသနာရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်လမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို ရရှိခံစားနိုင်ရမယ်ဆိုပြီး ဖွဲ့စည်းပုံရေးဆွဲလို့ လွတ်လပ်ရေးယူခဲ့ကြတာပါ။

စစ်အာဏာသိမ်းမှု သုံးကြိမ်နဲ့အတူ နိုင်ငံတည်ဆောက်ရေး၊ တည်ထောင်ရေး စံနှုန်းတန်ဖိုးတွေဟာ ပျောက်ကွယ်ဆုံးရှုံးခဲ့ရပြီး မည်ကာမတ္တစာရွက်ပေါ်က စာများသာဖြစ်ခဲ့ရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ၁၉၃၂ခုနှစ်က စတွက်ရင် စစ်တပ်အာဏာသိမ်းမှု ၂၂ကြိမ်ရှိပါတယ်။ အာဏာသိမ်းမှု ၁၃ကြိမ်အောင်မြင်ခဲ့ပါတယ်။ သူတို့ရဲ့ဖွဲ့စည်းပုံကိုလည်းအကြိမ်ပေါင်း ၂၀ကျော်ပြင်ဆင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကိုလေ့လာကြည့်တော့ အာဆီယံ ၁၁ နိုင်ငံထဲမှာ ဖွံ့ဖြိုးတိုးတက်နေဆဲ နေမြဲပါ။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ သုံးကြိမ်ရှိပါတယ်။ ၁၉၆၂တစ်ကြိမ် (၁၉၅၈မပါ)၊ ၁၉၈၈ခုနှစ်တစ်ကြိမ်နဲ့ ၂၀၂၁ခုနှစ်တစ်ကြိမ် စုစုပေါင်း အာဏာသိမ်းခဲ့တာ သုံးကြိမ်ပါ။ လွတ်လပ်ရေးရယူစဥ်က သဘောတူညီခဲ့တဲ့ ပင်လုံကတိ ကဝတ်တွေကို မတည်နိုင်တာ၊ နိုင်ငံရေးပြသာတွေကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းနိုင်ခဲ့တာရယ်ကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်စစ်မီးတောက်လောင်ခဲ့ရပါတယ်။

နိုင်ငံရေးပြသာနာတွေကို လက်နက်ကိုင်ပြီးဖြေရှင်းခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာစမှာ အလားအလာအကောင်းဆုံး မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်အာဏာရှင်စနစ်ခေါင်းထောင်လာပြီး စစ်တပ်ကြီးစိုးရေးအတွေးအခေါ် အပေါ်အခြေခံထားတဲ့ မဆလစစ်ကြောင့် ၁၉၈၇ခုနှစ်မှာ LDC ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံကတော့ ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းမှုကြားကပဲ မှန်မှန်လေးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ စီးပွားရေးသာမက အာကစားဖြစ်တဲ့ ဘောလုံးမှာ အာဆီယံနိုင်ငံတွေအကြား ထိတ်တန်းရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ဘောလုံးအားကစားသာမက ကျန်မာရေး၊ ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျခဲ့ရပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုတိုင်းရဲ့ ထူးခြားချက်တခုရှိပါတယ်။ အဲဒါက ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပြီးတဲ့နောက် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ကာ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လို့ အာဏာထပ်သိမ်းခြင်းကို တွေ့နိုင်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် မဆလတစ်ပါတီစနစ်ကိုဖျက်သိမ်းခဲ့ရပြီး ၁၉၉၀ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။ ဒီနောက်မှာတော့ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကလက်မခံပဲ လက်နက်အားကိုးနဲ့ ငြင်းပယ်ခဲ့တယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာလည်း ရလဒ်ကိုလက်မခံနိုင်ပဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပြန်ပါတယ်။

တကယ်တော့ စစ်အာဏာရှင်စနစ်ဆိုတာ စစ်တပ်ကြီးစိုးရေးအတွေးအခေါ်၊ စစ်ဗျူရိုကရက်ယန္တယားနဲ့ စစ်တပ်ကို အခြေခံထားတာဖြစ်ပါတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့ လူသားအချင်းချင်း လက်နက်ကိုင်ထားရုံ၊ ယူနီဖောင်းဝတ်လိုက်ရုံနဲ့ သူတို့သာနိုင်ငံကို ပိုချစ်တယ်၊ အမျိုးသားနိုင်ငံရေးသမားဖြစ်တယ်၊ နိုင်ငံရေးသမားတွေဟာအာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးလုပ်နေကြတာဖြစ်တယ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်အခန်းကဏ္ဏမှာ စစ်တပ်ပါဝင်နေရမယ်ဆိုတဲ့ စစ်တပ်ဗဟိုပြု လူမျိုးကြီးဝါဒ၊ စစ်တပ်ကြီးစိုးရေး အတွေးအခေါ်အပေါ်အခြေခံထားတာဖြစ်ပါတယ်။

စစ်တပ်ကြီးစိုးရေးအတွေးအခေါ်နဲ့အတူ အကျင့်ပျက်ခြစား ကိုယ်ကျိုးရှာမှုတွေကြောင့် တိုင်းရင်းသားပြဿနာတွေကို လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်ဖြေရှင်းကြပါတယ်။

ရဟန်းရှင်လူကျောင်းသားပြည်သူတွေဟာ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတခုဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ဆန္ဒပြတာတွေကို ဆူပူမှုဆိုတဲ့ ခေါင်းစဥ်တပ်လို့ မောင်းပြန်သေနတ်တွေနဲ့ အကြိမ်ကြိမ်အကြမ်းဖက်နှိမ်နင်းခဲ့ကြတယ်။

လက်နက်အားကိုးပြီး အကြမ်းဖက်ဖိနှိပ်မှုရဲ့ အကျိုးဆက်က “ဆူးစူးလို့အပ်နှင့်ထွင်သည်” ဆိုကာ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်လာခြင်းဖြစ်တယ်။

တတိယအကြိမ်စစ်အာဏာသိမ်းမှုမှာ နှစ်ပေါင်း၆၀ကျော် တည်ထောင်ခဲ့တဲ့ စစ်တပ်ကြီးအင်အားချိနဲ့လာပြီး လာရှိုး ရမခ၊ အမ်း နမခ တို့လို စစ်ဌာချုပ်ကြီးတွေ လက်လွတ်ဆုံးရှုံးလာရပါတော့တယ်။ ဒါ့အပြင် စစ်တပ်က မြို့ပေါင်း ၉၀ကျော်ကို မထိမ်းချုပ်နိုင်တော့တာတွေ့လာရပါတယ်။

ဒီနောက်မှာတော့ ဖိအားတွေကြောင့် အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ လေသံပစ်လာပါတယ်။

တကယ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲလမ်းကြောင်းဟာ အညင်သာဆုံးနဲ့ အထိခိုက်၊ အဆုံးအရှုံး အနည်းပါးဆုံးဖြစ်ပါတယ်။ ရွာတွေကိုမီးရှို့ ၊ စာသင်ကျောင်းနဲ့ က‌လေးတွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဟာ အဓိပ္ပါယ်အနှစ်သာရ အရရော ပုံသဏ္ဏန်အရပါ စစ်မှန်တရားမျှတမှာ မဟုတ်ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပမယ့် ရွေးကောက်ပွဲနဲ့အတူ ပေါ်လာမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာခွဲဝေရေးမဏ္ဏိုင်တွေဟာ စစ်တပ်သဒ္ဒါ သလောက်ပဲရမယ့် မဏ္ဏိုင်တွေပဲဖြစ်နေမှာ သေချာပါတယ်။

နောက်ထပ်သေချာတာတစ်ခုက တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒဟာ အုပ်ချုပ်သူအပြောင်းအလဲ အုပ်စိုးသူအပြောင်းအလဲမဟုတ်ပါဘူး၊ ဗိုလ်ချုပ်နေဝင်းက ဦးနေဝင်း၊ ဗိုလ်သိန်းစိန်က ဦးသိန်းစိန်ဆိုတဲ့ ယူနီဖောင်းပြောင်းလိုက်တဲ့ အုပ်ချုပ်သူအပြောင်းအလဲမဟုတ်ပါဘူး။

စစ်တပ်ကြီးစိုးရေးအတွေးအခေါ်အပေါ်အခြေခံတဲ့ လူကိုယ်လူချင်း ဖိနှိပ်အုပ်ချုပ်နေတဲ့ စနစ်ဆိုးချုပ်ငြိမ်းသွားရေးပါ။ အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပမယ့် ပျော်ပွဲ၊ ရွှင်ပွဲ၊ လမ်းပိတ်ဘောလုံးပွဲ၊ အားကစားပွဲတွေ အပါအဝင် အပေါ်ယံဟန်ပြကျင်းပတဲ့လွတ်လပ်ရေးနေ့ဟာ မဆလ၊ နဝတ၊ နအဖ၊ နစက စစ်အစိုးရအဆက်ဆက်မှာ ကျင်းပခဲ့တဲ့ ဟန်ပြကျင်းပတဲ့လွတ်လပ်ရေးနေ့ရဲ့ သင်္ကေတပါ။

ပြည်သူတွေကျင်းပလိုတဲ့လွတ်လပ်ရေးနေ့ဟာ ဖိနှိပ်မှုကင်းတဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နောက်မျိုးဆက်တွေ အတွက်ပါ အဓိပ္ပါယ်ပြည့်ဝတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအပေါ်အခြေခံတဲ့ လွတ်လပ်ရေးနေ့သာဖြစ်ရမယ်လို့ ဆိုချင်ပါတယ်။

စစ်မှူးငယ် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...