၂၀၂၄ ခုနှစ်ရဲ့ မကွေးဒေသက နိုင်ငံရေးခြေရာတွေဆိုပေမယ့် မကွေးဒေသရဲ့ နိုင်ငံရေး အခင်းအကျင်းကို ခြုံငုံမိဖို့ ၂၀၂၃ခုနှစ်က အခြေအနေတချို့ပါ ပြန်လည် တင်ပြဖို့လိုအပ်ပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်က အခြေအနေတချို့ကိုလည်း တို့ထိပြီး တင်ပြသွားမှာပါ။
ဒီဆောင်းပါးမှာပါဝင်တဲ့အချက်အလက်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြု ဖေ့စ်ဘွတ်ခ်၊ လူမှုကွန်ရက် စာမျက်နှာတွေက တရားဝင် ထုတ်ပြန်ထားတဲ့အချက်အလက်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှာရှိတဲ့ တာဝန်ရှိသူတွေဆီက တဆင့် သိရှိရတဲ့ တာဝန်ရှိသူတွေကိုယ်တိုင် ခွင့်ပြုထားတဲ့ အချက်အလက်တွေကိုပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။
မကွေးဒေသရဲ့ နိုင်ငံရေး အခြေအနေကို ရွေ့လျားအောင် (သို့မဟုတ်) တိုးတက်အောင် ပြင်ဆင် ချီတက်နေတယ်လို့ ယူဆရတဲ့ ပလက်ဖောင်း နှစ်ခုရှိပါတယ်။ ပထမ တစ်ခုကတော့ “မကွေးဒေသ တော်လှန်ရေး အင်အားစုများ ကွန်ရက်” ဖြစ်ပြီး နောက်တစ်ခုကတော့ “မကွေး ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်” ပဲ ဖြစ်ပါတယ်။
ပထမ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ “မကွေးဒေသ တော်လှန်ရေး အင်အားစုများ ကွန်ရက်” (နောက်ပိုင်းမှာ ကွန်ရက်လို့ပဲ သုံးပါ့မယ်)ကို ၂၀၂၃ ခုနှစ်၊ ဇွန်လကတည်းက သန္ဓေတည် စုဖွဲ့ခဲ့ပါတယ်။
“မကွေးဒေသအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ (ဒါမှမဟုတ်) ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ လူမှုနိုင်ငံရေး ဖြစ်စဉ် မှန်သမျှအပေါ် ဒေသခံ တော်လှန်ရေးအစုအဖွဲ့တွေ အကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့နဲ့ အနာဂတ် နိုင်ငံတော်သစ်ကို ပုံဖော် ထုဆစ်ရေးအတွက် စုစည်းညီညွတ်တဲ့ လူမှုနိုင်ငံရေး ရပ်ဝန်းတစ်ခု ဖော်ဆောင်နိုင်ဖို့” ရည်ရွယ်ပြီး စုဖွဲ့ခဲ့တာပါ။ ကွန်ရက်အနေနဲ့ ကိုယ်စားပြု ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ကွန်ရက်ရဲ့ ရပ်တည်ချက်စာတမ်းကိုလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။
ကွန်ရက်ရဲ့ စုဖွဲ့မှုကတော့ တော်လှန်ရေး ကာလတလျှောက် လူမှုနိုင်ငံရေးကဏ္ဍ အသီးသီးမှာ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်နေခဲ့ကြတဲ့ သပိတ် ကော်မတီ/ လူထုတိုက်ပွဲ ကော်မတီအသီးသီးက မကွေးဒေသခံ အဖွဲ့ဝင်တွေ၊ လူမှုနိုင်ငံရေးအင်အားစုတွေ၊ မီဒီယာတွေ၊ ထောက်ပို့အဖွဲ့ဝင်ရဲဘော်တွေ၊ သုတေသီတွေ စတဲ့ ကဏ္ဍစုံက ရဲဘော်ရဲဘက်၊ တော်လှန်ရေး အင်အားစုတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် အတွင်းမှာတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ အချို့လည်း ကွန်ရက်မှာ ပါဝင်လာတယ်လို့ သိရပါတယ်။
ကွန်ရက်ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ကွန်ရက်ဟာ ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းကို တည့်မတ်ဖို့၊ တော်လှန်ရေး အတွင်း တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့နှင့် ဒေသအတွင်းမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေကို ပြည်သူသိအောင် အသိပေး ထုတ်ပြန်ထားတာတွေ တွေ့ရပါတယ်။
ဒါ့အပြင် ကွန်ရက်ရဲ့ အစည်းအဝေးကျင်းပမှု ပုံစံက အွန်လိုင်း အစည်းအဝေး (Zoom Meeting)ထက် ကျော်လွန်ပြီး မြေပြင်မှာပါ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ မိတ်ဖက် ဆက်ဆံရေး ရှုထောင့်အရ ဆိုရင်လည်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ဒုတိယ ဥက္ကဌ ခွန်ဘီထူးတို့ အပါအဝင် မကွေးဒေသ အပြင်က တော်လှန်ရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံမှုတွေ ရှိတာကို တွေ့ရပါတယ်။ တဆက်တည်းမှာ ချောက်ဒေသ အတွင်းက စစ်ရှောင် လူထုအတွက် လူသားစာနာ အရေးကိစ္စတွေ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒုတိယ တင်ပြပေးမယ့် ပလက်ဖောင်းကတော့ “မကွေး ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်” (နောက်ပိုင်းမှာ ကော်မရှင်လို့ပဲ သုံးပါ့မယ်)ပါ။ ကော်မရှင်ကတော့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မကွေးတိုင်းဒေသကြီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ကမကထ ပြုမှုနဲ့ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရပါတယ်။
ကော်မရှင် ပေါ်ပေါက်ဖို့ အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ အစည်းအဝေးကို ကျင်းပခဲ့ပြီး “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ”ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့နောက်မှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပဲခူး၊ ဧရာဝတီနဲ့ ကချင် ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီတွေက ကြိုဆိုကြောင်း စာတွေပေးပို့ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ မကွေးဒေသအတွင်းမှာတော့ ကွန်ရက်တင်သာမက ဒေသအတွင်းက အခြား တော်လှန်ရေး အင်အားစုတွေကပါ ဒီဥပဒေ ပြဋ္ဌာန်းခဲ့တဲ့အပေါ် နိုင်ငံရေးအရ မကြေလည်ကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် မကွေးတိုင်း/တိုင်းဒေသကြီးကနေ မကွေး ဖက်ဒရယ်ယူနစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီကနေ မကွေး ဖက်ဒရယ်ယူနစ် လွှတ်တော် အဖြစ် ပြောင်းလဲ သုံးစွဲသွားခဲ့တာကို သတိပြုမိပါတယ်။
အဲ့ဒီနောက် ၂၀၂၄ခုနှစ်၊ မတ်လ (၄) ရက်မှာတော့ နဂို ပြဋ္ဌာန်းခဲ့တဲ့ “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ ဥပဒေ”ကို ပြင်ဆင်တဲ့ဥပဒေကို ထပ်ပြီး ပြဋ္ဌာန်းလိုက်ပါတယ်။ ထူးခြားချက် အနှစ်ချုပ် အနေနဲ့က မူလ ဥပဒေရဲ့ ကော်မရှင် ဖွဲ့စည်းပုံမှာ (၉)ဦးစီ ပါဝင်တဲ့ အစုအဖွဲ့ (၆)ဖွဲ့ကနေ အစုအဖွဲ့(၇)ဖွဲ့ အဖြစ် တိုးသွားပြီး အစုအဖွဲ့တွေရဲ့ အမည်အခေါ်အဝေါ် ပြောင်းလဲခဲ့ပါတယ်။
ဥပဒေကို ဒီလို ပြင်ဆင်ပြီးတဲ့နောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀)ရက်မှာမှ ကော်မရှင်ကို ဖွဲ့စည်းအတည်ပြုကြောင်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် လေးလ အကြာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်မှာ “မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ ဥပဒေ”ကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ ထပ်မံ ပြဋ္ဌာန်းပြန်ပါတယ်။
ဒီတစ်ခေါက်ရဲ့ ထူးခြားချက်က “ကြားကာလ အစီအမံ ရေးဆွဲတာ မပြီးပြတ်ရင် မူလ ကော်မရှင်ကို ဖျက်ရမယ်၊ ပြီးရင် ကော်မရှင် အသစ် ပြန်ဖွဲ့ပြီးဆောင်ရွက်ရမယ်” ဆိုတာပါ။ အဲ့ဒီနောက်မှာတော့ ကော်မရှင်နဲ့ ပတ်သက်တဲ့ တရားဝင် ထုတ်ပြန်ချက်၊ ပြောဆိုချက်တွေ မတွေ့ရတော့ပါ။ ဒါပေမဲ့ ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကို ထပ်မံ ပြဋ္ဌာန်းတဲ့ သဘောအရတော့ ကော်မရှင် အဟောင်းကို ဖျက်ပြီး အသစ်ကို ဖွဲ့စည်း လည်ပတ်နေမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါကတော့ မကွေးဒေသရဲ့ နိုင်ငံရေး အခြေအနေကို ရွေ့လျားအောင် (သို့မဟုတ်) တိုးတက်အောင် ပြင်ဆင် ချီတက်နေတယ်လို့ ယူဆရတဲ့ ပလက်ဖောင်း နှစ်ခုပါ။ ရှင်းပြခဲ့တဲ့အထဲမှာ ကွန်ရက်နဲ့ တော်လှန်ရေး အင်အားစုတွေက သဘောထား ထုတ်ပြန်တာတွေ တွေ့ခဲ့ရတော့ ကွန်ရက်နဲ့ ကော်မရှင်ဟာ အပြိုင်အဆိုင် သဘောလား။ အပြန်အလှန် ပတ်သက်တဲ့ သဘောလား မေးခွန်းထုတ်ချင် ကြပါလိမ့်မယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကွန်ရက်ဘက်က တာဝန်ရှိသူဆီက သိရတာကတော့ “ကော်မရှင်ထဲမှာလည်း ကွန်ရက်က ရဲဘော်တွေပါနေပါတယ်။ ကွန်ရက်ဟာ တစ်စု၊ တစ်ဖွဲရဲ့ အကျိုးစီးပွားထက် မကွေးဒေသနှင့် ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုတယ်။ မကွေးဒေသရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို ရှေးရှုပြီး ဒေသတွင်းတော်လှန်ရေးအင်အားစု အသီးသီးအကြား ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်မယ်”လို့ သိရပါတယ်။ ဆိုတော့ ကွန်ရက်ရဲ့ သဘောကတော့ အပြိုင်အဆိုင်ထက် အပြန်အလှန် အကျိုးပြုလိုတဲ့ သဘောကို တွေ့ရတာပါ။
တော်လှန်ရေး အစမှာ ဒီလိုနိုင်ငံရေး ပလက်ဖောင်းတွေ မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ကစလို့ ပလက်ဖောင်းတွေက သက်ဝင်ရှင်သန်ခဲ့ပါပြီ။ ဒီအခြေအနေကနေ တော်လှန်ရေးနဲ့ ပြည်သူအတွက် အလုပ်ဖြစ်အောင်တော့ ဆက်ပြီး ဆွေးနွေးကြ၊ ရုန်းကန်ကြရပါဦးမယ်။ ဒီနေရာမှာ တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ်ချင်တာတွေ၊ ဟန်ပြ ညီညွတ်ရေး စကားတွေထက် အားလုံးက ရင်ဘတ်ကျယ်ကျယ်၊ ခေါင်းကြီးကြီး ထားပြီး ချီတက်ကြရင်တော့ မကွေးဒေသရဲ့ နိုင်ငံရေးဟာ တိုးတက်စရာ၊ အားရစရာတွေ ဖြစ်လာမယ်လို့ ယူဆမိပါတော့တယ်။
ချစ်ဝင်းမောင် (မြေလတ်) ရေးသားသည်။


