စစ်အာဏာသိမ်းမှုကို ထောက်ခံသူ (သို့မဟုတ်) နှုတ်ဆိတ်နေသူတွေကို လေ့လာကြည့်ရင် အမျိုးစားသုံးမျိုး တွေ့ရပါမယ်။ စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအခြေခံသဘော ဓမ္မ နဲ့ အဓမ္မကို တကယ်မသိသူ ၊ စစ်တပ်ကို ကြောက်လို့ မသိယောင်ဆောင်သူနဲ့ ကိုယ်ကျိုးစီးပွားကြောင့် ဘက်လိုက်သူဆိုပြီး တွေ့နိုင်ပါတယ်။ အဲဒီသုံးချက်ထဲ တစ်ချက်ငြိတာနဲ့ အာဏာရှင်ဘက် အလိုလို ပါသွားတတ်ပါတယ်။
အများပြောဆိုကြသလိုပါဘဲ။ ဓမ္မ နဲ့ အဓမ္မမှာ ဘက်မလိုက်အလယ်လမ်းဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။ ( “နိုင်ငံရေးမှာ နှုတ်ဆိတ်နေတာ အကောင်းဆုံး” ဆိုသူတွေကတော့ ဒီအယူအဆကို ငြင်းကြမှာပါ။) ဒါပေမယ့် ဘယ်ဘက်မှမပါဘူးဆိုပြီး အလယ်လည်း မဟုတ်ဘဲ ဟိုဘက်ကပ်လိုက် ၊ ဒီဘက် ကပ်လိုက် လုပ်သူတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ ခြံစည်းရိုး ခွထိုင်ပြီး နိုင်မြင်းကိုလောင်းမယ်ဆိုတဲ့ အခွင့်အရေးသမားတွေပါ။ ဒီတော့ တော်လှန်ရေးမှာ အာဏာရှင်ကို ဒူးထောက်တဲ့ သူတွေကို အထွေအထူး မပြောလိုတော့ပါဘူး။ ဒါပေမယ့် တော်လှန်ရေးဘက်တော်သားတွေဘက်ကိုတော့ ပြောပါရစေ။
အာဏာသိမ်းမှုကို လက်မခံဘဲ ဓမ္မဘက်ကို ပြတ်ပြတ်သားသား ရွေးချယ်ပြီး နိုင်ရာတာဝန်ကိုယ်စီနဲ့ တော်လှန်ရေးလုပ် နေသူတွေထဲမှာ တော်လှန်ရေးကို ကန့်လန့်တိုက် ၊ တရွတ်ဆွဲလိုက်နေသူတွေလည်း ရှိနေပြန်ပါတယ်။ တော်လှန်ရေး လုပ်နေသူဖြစ်ပါလျက် အချင်းချင်းကြား ပဋိပက္ခ ဖြစ်အောင်၊ တော်လှန်ရေး ထိခိုက်အောင် လုပ်လာတာတွေ ၊ ပြည်သူအပေါ် အာဏာအလွဲသုံးမှုတွေ ရှိနေပါတယ်။ အဲဒီ အတွင်းပဋိပက္ခတွေက တော်လှန်ရေးမှာ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အတွင်းရန်တွေကို ပြောချင်ပါတယ်။ ဒါဟာ တော်လှန်ရေးသမားတွေအားလုံးကို ဇလုပ်တိုက်ပြီး ဝါးလုံးသိမ်း ခြုံပြောတာ မဟုတ်ပါဘူး။
လေးနှစ်တာ တော်လှန်ရေးကာလ အညာဒေသကို ပြန်ကြည့်ရင် တော်လှန်ရေးအင်အားစု အချင်းချင်းကြား ပဋိပက္ခတွေက မနည်းလှပါဘူး။ (တော်လှန်ရေးအင်အားစုတွေလို့ ဆိုရာမှာ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း (လူပုဂ္ဂိုလ်) တွေကို ဆိုလိုတာပါ။) ဒီနေရာမှာ သာဓကအနေနဲ့ ထုတ်မပြလိုတာကတော့ နားလည်ပေးစေချင်ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း မြေပြင်မှာ တွေ့ဖူးကြုံဖူးကြမှာဖြစ်သလို ၊ သတင်းတွေကနေတဆင့်လည်း ကြားမိ၊ သိမိ ကြမှာပါ။
အဆိုးဆုံးကတော့ လက်သည်မပေါ်တဲ့ သတ်ဖြတ်မှုတွေအထိ ဖြစ်လာပြီး လူထုသာမက တော်လှန်ရေးသမားတွေကြားမှာတောင် အကြောက်တရား လွှမ်းမိုးလာစေပါတယ်
အချင်းချင်းပွတ်တိုက်မှုတွေမှာ အုပ်ချုပ်ရေးအဖွဲ့နဲ့ လက်နက်ကိုင်ကြား ၊ လက်နက်ကိုင်အချင်းချင်းကြားတွေက ဖြစ်စဉ်တွေကို အမြင် သာဆုံး တွေ့နိုင်ပြီး တခြား ဖွံ့ဖြိုးရေး နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်နေတဲ့ အဖွဲ့တွေမှာလည်း ရှိနေပါတယ်။ ဒါ့အပြင် ပြည်သူနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေလည်း ရှိနေပြန်ပါတယ်။ မပြေလည်မှု သေးသေး မွှားမွှားလေးတွေက ပြဿနာကြီး မဟုတ်ဘူး၊ ဒါက ဖြစ်တတ်တဲ့သဘောလို့ စောဒက တက်လို့ရပေမယ့် အဲဒီ မပြေလည်မှုတွေကို အချိန်မီဖြေရှင်းဖို့ ပျက်ကွက်တာ၊ ဖြေရှင်းရာမှာ တရားမျှတမှု အားနည်းတာတွေကြောင့် နောက်ဆက်တွဲ ပြဿနာကြီးတွေ ဖြစ်ခဲ့တာလည်း သာဓက မနည်းရှိပါတယ်။
အဆိုးဆုံးကတော့ လက်သည်မပေါ်တဲ့ သတ်ဖြတ်မှုတွေအထိဖြစ်လာပြီး လူထုသာမက တော်လှန်ရေးသမားတွေ ကြားမှာတောင် အကြောက်တရားလွှမ်းမိုးလာစေပါတယ်။ စစ်တပ်ရဲ့ အာဏာမသက်ရောက်တဲ့ တော်လှန်ရေးနယ်မြေတွေထဲက အဲဒီပဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်နေတာလဲ၊ ဘယ်လိုလူတွေက ဖန်တီးနေတာလဲ။
အချင်းချင်းကြား မညီညွတ်မှုနဲ့ ၊ တရားမဲ့ လုပ်ရပ်တွေကို ဒေသခံပြည်သူတွေက ကောင်းကာင်း မြင်နေကြပါပြီ။ ဒါပေမဲ့ ဒီလို အတွင်းပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်ပြည်သူကမှ မဖွင့်ဟ ၊ မပြောဆိုရဲကြပါဘူး။
တော်လှန်ရေး နယ်မြေထဲက ပြည်သူအများစုကတော့ ဘယ်တော်လှန်ရေးအင်အားစုကို မဆို ကြိုဆိုထားပြီး လုပ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်နေကြတာလည်း မြင်သာလှပါတယ်။ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတာ၊ မရှိတာ တွေလည်း တွေ့နိုင်သလို တော်လှန်ရေး နဲ့ တော်လှန်ရေးသမားတွေကို ပြဿနာရှာတဲ့ ပြည်သူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် အဲသလို ဖြစ်နေတာလဲ ဆိုတဲ့အချက်ကိုလည်း ဆန်းစစ်ဖို့ လိုပါမယ်။ အဓိက ကတော့ တော်လှန်ရေးမှာ တိုင်းပြည်ရဲ့ တာဝန်တစ်ရပ်အဖြစ် ထဲထဲဝင်ဝင်ပါဝင်နေတဲ့ တော်လှန်ရေး အင်အားစု (တော်လှန်ရေးသမား) တွေသာ အခရာကျပါတယ်။
တော်လှန်ရေးအင်အားစုတွေကြား၊ တော်လှန်ရေးသမား အချင်းချင်းကြား ဖြစ်တဲ့ ပွတ်တိုက်မှုတွေကို ကြည့်ရင် အခြေခံအားဖြင့်တော့ ……
• တာဝန်ဝတ္တရားတွေ ရောယှက်နေတတ်ပြီး အင်အားစု တခုနဲ့ တခုကြား ဝင်ရောက်စွက်ဖက်ခြင်း
• အပြန်အလှန်လေးစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း
• အချင်းချင်းကြား သက်ဆိုင်ရာအဖွဲ့ (လူပုဂ္ဂိုလ်) ရဲ့ တာဝန်အရ လုပ်ဆောင်ချက်တွေကို အပြန်အလှန် နားလည်မှု အားနည်းခြင်း
• တိကျခိုင်မာပြီး သမာသမတ်ကျတဲ့ မူဝါဒ ကိုင်စွဲနိုင်မှု အားနည်းခြင်း
• ကိုယ့်အဖွဲ့အစည်း (သို့) ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုစဥ်းစားခြင်း
• ပြဿနာဖြေရှင်းရင် အမှန်တရား (တရားမျှတမှု) ထက် အနိုင်ရရှိရေးကိုသာ လိုလားခြင်း
• ကိုယ်ကျိုးစီးပွားကြည့်ခြင်း
• တော်လှန်ရေးမှာ ငါက (ငါတို့အင်အားစုက) ပို အရေးကြီးတယ်၊ ပိုလိုအပ်တယ်လို့ ထင်မြင်နေခြင်း
• တော်လှန်ရေးကို ထိခိုက်စေမယ့် ဘက်လိုက်ဂိုဏ်းဂဏဖွဲ့ခြင်း
• အဂတိ မကင်းခြင်း
• အာဏာအလွဲသုံးစားမှု ရှိခြင်း
• ပြည်သူ့ဝေဖန်မှုတွေကို လက်ခံပေးနိုင်မှု၊ နားလည်ပေးနိုင်မှု အားနည်းခြင်း
• ပြဿနာဖြေရှင်းရာမှာ တရားရေးလမ်းကြောင်းအပါအဝင် ကြားဝင်ညှိနှိုင်းပေးသူကို လမ်းဖွင့်ပေးမှု နည်းခြင်း
• အပြန်အလှန် ယုံကြည်မှု တည်ဆောင်ရေးအားနည်းခြင်း
• အဖွဲ့အစည်း (လူပုဂ္ဂိုလ်) တွေ အရည်အချင်းမြှင့်တင်မှု အားနည်းခြင်း
စတဲ့ အချက်တွေ တွေ့ရမှာဖြစ်ပါတယ်။ တခြားသော အကြောင်းတွေလည်း ရှိနေဦးမှာပါ။
တကယ်တော့ တော်လှန်ရေးအင်အားစုတွေကြားမှာ ဘုံရန်သူ ပြတ်ပြတ်သားသား ရှိထားပါလျှက် အထက်က အချက်တွေမှာ တစ်ခုမဟုတ်တစ်ခု ချိုးဖောက်မိတဲ့အခါမှာ ပဋိပက္ခတစ်ခုဆီကို ဦးတည်သွားတတ်ပါတယ်။ အဲဒီအခါ တာဝန်ကြီးမားလှတဲ့ တော်လှန်ရေးအလုပ်တဖက်နဲ့ အချင်းချင်းကြားက ပဋိပက္ခတွေကိုလည်း အားစိုက်လာရ ပြန်ပါတယ်။ တော်လှန်ရေးကို အရုပ်ဆိုး အကျည်းတန်စေသလို ပြည်သူလူထုရဲ့ ယုံကြည်မှုလည်း ကျဆင်းစေပါတယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှု ပျောက်ဆုံးပြီး တော်လှန်ရေး အားကောင်းတဲ့ နယ်မြေဖြစ်ပါလျှက် အချင်းချင်းကြား လုံခြုံရေး စိုးရိမ်လာရတာမျိုးတွေ အထိ ဖြစ်လာ ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကြားက ပဋိပက္ခဟာ အချင်းချင်းကြား အန္တရာယ်ခြိမ်းခြောက်မှု ဖြစ်ယုံမက စစ်အာဏာရှင် ရဲ့ အန္တရာယ်ကိုပါ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တာကို သတိပြုကြရပါမယ်။ တော်လှန်ရေးသမားတွေ အနေနဲ့လည်း သတိ ပြုကြမယ်လို့ ယုံကြည်ပါတယ်။
အချင်းချင်းပွတ်တိုက်မှု နည်းသထက်နည်းအောင် နဲ့ ပွတ်တိုက်မှုတွေရှိခဲ့ရင်လည်း တရားရေးလမ်းကြောင်းကနေ ရှင်းနိုင်အောင် ကြိုးစားရမှာပါ။ တော်လှန်ရေးသမားတိုင်းဟာ တစ်စိတ်တည်း ၊ တစ်သံတည်း ညီလို့ အာဏာရှင်ကို ဆန့်ကျင် နေကြတာမဟုတ်လား။
ဖိုးကျော်ရေးသားသည်။


