၁။ အပြန်အလှန်အသိအမှတ်ပြုခြင်း
လမ်းပေါင်းစုံပညာရေးစနစ်ကိုသွားရာမှာ အပြန်အလှန်အသိအမှတ်ပြုခြင်းက အင်မတန်အရေးကြီးပါတယ်။ လက်တွေ့မှာ လမ်းပေါင်းစုံပညာရေးကိုသွားဖို့ဖက်ဒရယ်ပညာရေးမူဝါဒအရ သတ်မှတ်ထားပေမဲ့ အပြန်အလှန်အသိအမှတ်ပြုခြင်းမှာ အားနည်းချက်တွေတွေ့နေရပါတယ်။ တကယ့်လမ်းပေါင်းစုံပညာရေးဟာ တခုနဲ့ တခု ပြိုင်တူသွားနေသလို တခုရဲ့ သင်ယူတတ်မြောက်မှု၊ သင်ကြားမှုတွေဟာ နောက်တခုနဲ့နည်းလမ်းမတူပေမဲ့ အသိအမှတ်ပြုလက်ခံရမယ်ဆိုတာ အလိုအလျောက် သိရှိထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ NUG နဲ့ ဂျွိုင်းထားတဲ့ ကျောင်းမဟုတ်ရင် လက်မခံဘူး၊ NUG ကျောင်းကလာရင်လက်မခံဘူး စတဲ့ အသိအမှတ်ပြုမှုဆိုင်ရာ အားနည်းချက်တွေ တွေ့နေရပါတယ်။ ဖက်ဒရယ်အဆင့် စံသတ်မှတ်ချက် မူဘောင် အတိုင်း လိုက်နာကျင့်သုံးတဲ့ ပညာရေးစနစ်ဆိုရင် အားလုံးက အပြန်အလှန်အသိအမှတ်ပြုကြရမှာဖြစ်သလို အကယ်၍ စံသတ်မှတ်ချက်ကို လိုက်နာကျင့်သုံးချင်းမရှိရင်တောင် အင်ဖော်မယ်ပညာရေးစနစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြေပြင်ပြဿနာတွေထဲမှာ အသိအမှတ်မပြုနိုင်တဲ့ပြဿနာဟာ လမ်းပေါင်းစုံပညာရေးဖော်ဆောင်မှုမှာ အထူးစိန်ခေါ်မှုဖြစ်နေပါတယ်။
၂။ စနစ်မတူခြင်း
ဒီလို အသိအမှတ်မပြုနိုင်တဲ့ ပြဿနာမှာ အချက်နှစ်ချက်ရှိပါတယ်။ စနစ်မတူခြင်းနဲ့ စနစ်တူပေမဲ့ ဘက်မတူခြင်းဖြစ်ပါတယ်။ စနစ်မတူခြင်းကတော့ အရင်အပိုင်းတွေကပြောခဲ့သလိုပဲ အရင်ပုံစံဟောင်း စနစ်သွားလိုသူများနဲ့ ပုံစံသစ်စနစ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကိုသွားလိုသူတွေကြားမှာ ဖြစ်တဲ့ အသိအမှတ်မပြုမှုပြဿနာဖြစ်ပါတယ်။ အဓိကကတော့ မူလ ရှေးရိုးစွဲပညာရေးကို ကိုင်စွဲလိုတဲ့ ပညာရေးဘုတ်အဖွဲ့တွေဟာ ပညာရေးစနစ်သစ်ကို မသွားလိုတာကြောင့် စနစ်သစ်သွားနေတဲ့ကျောင်းတွေကို NUG ကျောင်းအဖြစ် အသိအမှတ်မပြုဘူးဆိုတဲ့ အချက်ကနေစတင်တာဖြစ်ပါတယ်။ တကယ်တော့ လက်ရှိသွားနေတဲ့ ဖက်ဒရယ်ပညာရေးစနစ်မှာ NUG ပညာရေးကိုယ်တိုင်က လမ်းပေါင်းစုံပညာရေးစနစ်ထဲက လမ်း တလမ်းသာဖြစ်တယ်ဆိုတာ မသိတဲ့အချက်ပါပဲ။ ဒါကြောင့် NUG အသိအမှတ်မပြုတဲ့ ပညာရေးစနစ်ဆိုပြီး လမ်းပေါင်းစုံပညာရေးကို လက်မခံတာတွေအသိအမှတ်မပြုတာတွေဖြစ်လာတာပါ။ ဥပမာအားဖြင့် BECA ကိုဖြတ်သန်းလာတာမရှိတဲ့ အညာဒေသက ကျောင်းတချို့ကို အဆင့်မြင့်ပညာရေးကို ဂျွိုင်းခွင့်မပေးတာ အထက်တန်းအဆင့်ပြီးမြောက်ခြင်းကို NUG ကပဲ ချုပ်ကိုင်ထားပြီး ဗမာအများစုရှိနေတဲ့ ဒေသတွေက လွတ်လပ်တဲ့ပညာရေးစနစ်တွေကို နှိပ်ကွပ်တာတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးအရ အပြန်အလှန်အသိအမှတ်ပြုခြင်းကို စနစ်မတူတဲ့အတွက် ခွဲခြားတဲ့ပုံစံပေါက်နေပါတယ်။
သူတို့အချင်းချင်းတော့ မတူဘူးလို့ ငြင်းနေကြပေမယ့် အတန်းစနစ်တွေ၊ လယ်ဗယ်စနစ်တွေကအစ အကုန်လုံးအတူတူပါပဲ။ ဒီလိုစန်စတွေတူပေသိ သူတို့က စကစလက်အောက်ခံ၊ သူတို့က NUG လက်အောက်ခံဆိုတဲ့ ဘက်မတူတာနဲ့ အသိအမှတ်မပြုနိုင် ဖြစ်နေကြပြန်ပါတယ်
၃။ စနစ်တူသော်လည်း ဘက်မတူခြင်း
နောက်တခုကတော့ စနစ်တူ ဘက်မတူပြဿနာပါ။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ်များမှာရှိတဲ့ ကျောင်းတွေဟာ သူတို့ကျောင်းမှမတက်ရင် ကျန်တဲ့ ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို အသိအမှတ်မပြုပါဘူး။ အပြန်အလှန်ပဲ ပြည်သူ့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ကျောင်းတွေဟာလည်း စစ်ကောင်စီကျောင်းတက်ပြီး ပြန်လာတဲ့သူတွေရဲ့ တတ်မြောက်မှုကို အသိအမှတ်မပြုပြန်ပါဘူး။ ဒါပေမဲ့ သူတို့ကျင့်သုံးတဲ့ ပညာရေးစနစ်ကတော့ ၂၀၁၆/၂၀၂၁ NESP ရဲ့ KG+12 စနစ်ကိုပဲ ကိုက်ညီတဲ့ပုံစံလေး အနည်းငယ်ပဲပြောင်းထားတာချင်း စနစ်တူကြပါတယ်။ သူတို့အချင်းချင်းတော့ မတူဘူးလို့ ငြင်းကြပေမဲ့ အတန်းစနစ်တွေ၊ လယ်ဗယ်စနစ်တွေကအစ အကုန်လုံးအတူတူပါပဲ။ ဒီလိုစနစ်တူပေသိ သူတို့က စကစ လက်အောက်ခံ၊ သူတို့က NUG လက်အောက်ခံဆိုတဲ့ ဘက်မတူတာနဲ့ အသိအမှတ်မပြုနိုင်ဖြစ်နေကြပြန်ပါတယ်။ စနစ်တူ ဘက်မတူတဲ့ပညာရေးပြဿနာက ဒီတော်လှန်ရေးထဲမှာပဲ ရှိနေတာတော့မဟုတ်ပါဘူး ဒီပညာရေးစနစ်တခုကိုပဲ ကျင့်သုံးကြတာချင်းအတူတူ မျိုးနွယ်စု( ပြည်နယ်) မတူတာ၊ ဘာသာစကားမတူတာတွေနဲ့လည်း အသိအမှတ်မပြုတာတွေရှိနေပါတယ်။ ဒါက ဘက်ကို အခြေပြုပြီး စနစ်တူရက်နဲ့ အသိအမှတ်အပြုနိုင်တဲ့ပြဿနာပါ။
၃။ ဘယ်လိုဖြေရှင်းမလဲ
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ရဲ့အနှစ်သာရဖြစ်တဲ့ လမ်းပေါင်းစုံ ဗဟုပညာရေးကို ကျင့်သုံးမယ်ဆိုရင်တော့ စနစ်မတူတာတွေ၊ ဘက်မတူတာတွေ အားလုံးကို ခဝါကျပြီး အပြန်အလှန်အသိအမှတ်ပြုခြင်းဆိုတဲ့ အချက်ကိုပဲ ဦးစားပေးသွားဖို့လိုပါတယ်။ အဓိကအကျဆုံးက ကျောင်းသားဟာ ဒီပညာရပ်မှာ ဘယ်လောက် လေ့လာထားသလဲ ဒါမှမဟုတ် ဘယ်လောက် တတ်မြောက်သည်အထိ စိတ်ပါဝင်စားမှုရှိသလဲဆိုတာကိုပဲ အခြေပြုပြီး အသိအမှတ်ပြုပေးရပါတယ်။ အရေးကြီးတဲ့ Student exchange system တွေကို စနစ်တကျ စိစစ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကို လုပ်ဆောင်တဲ့နေရာမှာလည်း ဘယ်လိုဆိုရင် ခွင့်မပေးနိုင်ဘူးဆိုတဲ့ အပိတ်သဘောထက်၊ ဘယ်လိုနည်းနဲ့ ဖွင့်ပေးမယ်ဆိုတဲ့ အပွင့်သဘောနဲ့ စနစ်တွေချမှတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း လမ်းပေါင်းစုံ ဗဟုပညာရေးရဲ့ အနှစ်သာရဖြစ်တဲ့ အပြန်အလှန်အသိအမှတ်ပြုခြင်းကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ နောက်တခုအရေးကြီးတာကတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး (Decentralization)ပဲဖြစ်ပါတယ်။ ဒါကို နောက်တပတ်မှာ ဆက်ပြောကြတာပေါ့။
တူမီးသိမ်းမောင် ရေးသားသည်။


