စစ်ကိုင်း၊ မန္တလေး နဲ့ မကွေးရဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစု ပေါင်းစည်းရေးလား သီးခြားစီလှုပ်ရှားရေးလား

Date:

 

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက တချို့သော အစိတ်အပိုင်းတွေကို စုစည်းပြီး အညာလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ အညာဒေသရဲ့ လက်နက်ကိုင် တော်လှန်ရေးလို့လည်း ခေါ်ဆိုကြသလို အဆိုပါ ဒေသတွေမှာ လက်နက်ကိုင် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာ၊ မြို့တွေတိုက်ခိုက်သိမ်းယူတာတွေ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး အတွင်းဖြစ်ပွားနေတာ အားလုံး သိရှိပြီး ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ် မေလနှောင်းပိုင်း ဇွန်လလောက်က စတင်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အစောပိုင်း ရွာအမည်၊ လူအမည်၊ နဲ့ တော်လှန်ရေး၊ လက်နက်ကိုင် လှုပ်ရှားမှုကို ထင်ဟပ်စေတဲ့ အမည်တွေ စသဖြင့် အမျိုးမျိုး မှည့်ခေါ်ခဲ့ကြပြီး နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက် ဝင်သွားတဲ့ အဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ကြပြီး သီးခြားရပ်တည်နေတဲ့ အဖွဲ့တွေကတော့ ၄င်းတို့ဘာသာ ၄င်းတို့ပေးထားတဲ့ အမည်နဲ့ အဖွဲ့တွေ အများအပြားရှိနေကြတာတွေ့ရပါတယ်။

ဥပမာအားဖြင့် ဗိုလ်နဂါး ဦးဆောင်တဲ့ Burma Revolution National Army လို အဖွဲ့တွေ၊ ဗိုလ်ကျားကြီး အဖွဲ့ ၊ မိုးကြိုးမုန်တိုင်း အဖွဲ့ အစရှိတဲ့ လူနာမည်ရင်းမဟုတ်တဲ့ အမည်၊ ဒေသနဲ့ လူမျိုးအမည်မဟုတ်တဲ့ အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲမှာ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲမှာတော့ TNLA နဲ့ ပူးပေါင်းလှုပ်ရှားတဲ့ MDY-PDF မန္တလေး ပီဒီအက်ဖ် လိုအဖွဲ့တွေ ရှိပြီး ယော၊ ဆောနဲ့ ဂန့်ဂေါ ဒေသတွေမှာလည်း အမျိုးမျိုးသော အမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိကြတာ တွေ့ရပါလိမ့်မယ်။ အဲဒီဒေသတွေမှာ NUG လက်အောက်က ပကဖ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေကြတာဖြစ်ပြီး အချို့ဒေသတွေမှာ ပွတ်တိုက်မှု၊ ပုဂ္ဂိုလ်ရေး မကြေလည်မှုတွေရှိနေကြတာလည်း ဖြစ်ပါတယ်။

ဒီလိုနောက်ခံအနေအထားမှာ မကြာသေးခင်လပိုင်းတွေမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲကို ကရင်နီ၊ ကရင်ဒေသတွေမှာ အခြေစိုက်တဲ့ BLPA လက်နက်ကိုင် တပ်ဖွဲ့ ဝင်ရောက် အခြေစိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာသလို အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ဝန်ကြီးဌာနရုံးတွေ အခြေစိုက်မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဗမာ့ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က NUG လက်အောက်က လက်နက်ကိုင် အဖွဲ့မဟုတ်ပဲ AA, KNU/KNLA တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မကွေးတိုင်းတို့ထဲမှာ PRA ၊ PLA နဲ့ 96 Soldiers အဖွဲ့ စတဲ့ အဖွဲ့တွေလည်း အဲဒီဒေသမှာ အခြေစိုက်ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စောစီးစွာစတင်ခဲ့ကြတဲ့ ချင်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်းတို့ကို အညှိုးနဲ့ ထိုးစစ်ဆင်လေ့ရှိသလို ကျေးရွာတွေကို မြေလှန်စနစ် ဖြစ်တဲ့ မီးရှို့ဖျက်ဆီးတာတွေလည်း ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင် ထိုးစစ်၊ ကျေးရွာသားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်မှုတွေ ကုန်လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလအတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အညာဒေသရဲ့ စစ်ရေး လှုပ်ရှားမှုတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိသလိုပဲ အချင်းချင်း အုပ်ချုပ်မှုဆိုင်ရာ၊ တရားစီရင်မှုနဲ့ အခွန်အကောက်ဆိုင်ရာ အငြင်းပွားမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေ ဖြစ်တဲ့ နယ်စပ်ဒေသတွေ နဲ့ နှိုင်းယှဥ်ရင် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဒေသတွေဟာ စစ်ကောင်စီအဖို့ ဒုတိယစည်း အဖြစ် သတ်မှတ်ကောင်းသတ်မှတ်ပါလိမ့်မယ်။ နေပြည်တော်ကို အတွင်းစည်း ဌါနချုပ်အဖြစ်ထားစဥ်းစားရင် မန္တလေး၊ မုံရွာ၊ မကွေး၊ မိတ္ထီလာနဲ့ ပဲခူးတိုင်း အနောက်နဲ့ အရှေ့ခြမ်းတွေကို ဒုတိယစည်းအဖြစ် သတ်မှတ်ပြီး ကာကွယ်ဖို့ ကြိုးစားနိုင်ပါတယ်။

လက်ရှိ အနေအထားမှာ ကချင်၊ ရှမ်းမြောက်၊ ရခိုင် နဲ့ ချင်းပြည်နယ်တို့လို ဒေသတွေမှာ စစ်ကောင်စီတပ်တွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး စခန်းတွေ၊ ဌာနချုပ်တွေကနေ ဆုတ်ခွာနေရတာ ဖြစ်ပြီး ဒုတိယစည်း ခံစစ်လိုင်းအဖြစ် အညာဒေသက နယ်မြေ၊ မြို့တွေကိုရွေးချယ် ပြင်ဆင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

စစ်ကောင်စီ အနေနဲ့ နယ်စပ်ဒေသတွေက အရှုံးနဲ့ ဆုတ်ခွာလာရတာဟာ စိတ်ဓါတ်ရေးအရ ကျဆုံးမှု ဖြစ်သော်လည်း တဖက်ကစဥ်းစားရင် အဆိုပါဒေသတွေက လက်ကျန် တပ်အင်အားတွေက မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေဆီ အင်အားဖြည့်လာတာမျိုးလည်း ဖြစ်နိုင်ခြေရှိနေတာပါ။

ဒါကြောင့် နယ်စပ်ဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လျော့ပါးသွားချိန်မှာ အညာဒေသမှာ စစ်ပွဲတွေ အရှိန်မြင့်ကောင်း မြင့်လာနိုင်တာလည်း ဖြစ်ပါတယ်။ နေပြည်တော်၊ မန္တလေး၊ မိတ္ထီလာတို့လို လေတပ်အခြေစိုက်စခန်းတွေနဲ့လည်း အကွာအဝေး သိပ်မလှမ်းတဲ့ အညာဒေသ အဖို့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်လည်း ရှိသလို ပြန့်ပြူးတဲ့ ၊ မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း အများအပြားရှိတဲ့ မြို့တွေဖြစ်တာကြောင့် မြို့တွေကို တိုက်ခိုက်သိမ်းယူပြီး ထိန်းသိမ်းရခက်ခဲတဲ့ အနေအထားလည်းမျိုးလည်း ရှိတာပါ။

ဒီအချက်တွေက အညာဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့က လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စုစည်းပြီး လှုပ်ရှားတာ၊ ထိုးစစ်ဆင်တာ၊ ခုခံကာကွယ်တာတွေက အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်လို့ ယူဆမိပါတယ်။
လက်ရှိကာလအထိ အနေအထားမှာတော့ ပေါင်းစည်းလှုပ်ရှားမှု အားနည်းနေသေးတာတွေ့ကြရမှာပါ။ မကြာသေးခင်က ရွှေဘိုခရိုင်ထဲက တပ်ရင်းတွေ၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 96 Soldiers PDF နဲ့ အညာတပ်ခွဲတို့က ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ ရက်အနည်းငယ်တိုက်ပွဲဖြစ်ပြီး မြို့သိမ်းနိုင်ပေမယ့် နာရီပိုင်းအကြာမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရတဲ့ ဖြစ်ရပ်မှာ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ ခက်ခဲတာကြောင့် လို့ သတင်းတွေမှာ ဆိုကြပါတယ်။

ရှုထောင့်တခုက အညာမှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ယခုထက်ပိုပြီး အင်အားကောင်းတဲ့ စုစည်းမှုရှိတဲ့ မဟာမိတ်ပူးပေါင်းမှုမျိုးက စစ်ရေးနိုင်ငံရေး၊ အုပ်ချုပ်ရေးတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်မှု၊ ထိုးစစ်ကို ကြံ့ကြံ့ခံပြီး ပြန်လည်ချေမှုန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

တင်အောင်မိုး ရေးသားသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...