သင်သည် အညာဒေသတွင် နေထိုင်သည့် လူငယ်တစ်ဦး၊ သို့မဟုတ် မိဘဆရာတစ်ဦး၊ သို့မဟုတ် တော်လှန်ရေးသမားတစ်ဦး သို့တည်းမဟုတ် NUG အစိုးရအောက်မှ ပြည်သူ့ဝန်ထမ်းတစ်ဦးဦး ဖြစ်မည်ဆိုပါစို့။ အညာဒေသ တော်လှန်ရေးစိုးမိုးနယ်မြေရှိကျေးရွာတစ်ရွာမှ စတားလင့်အင်တာနက် ဆိုင်တစ်ဆိုင်သို့ သွားရောက် လေ့လာစေလိုပါသည်။
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်သည့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ကို ကနဦးရှေ့ပြေး ပိတ်ဆို့မှုအဖြစ် ၂၀၂၁ စက်တင်ဘာလလယ်ကတည်းက အင်တာနက်ဖြတ်လိုက်သည်။ ယင်းသို့ မိုဘိုင်းအင်တာနက်များ ပိတ်လိုက်သည့်အတွက် တော်လှန်ရေးကို များစွာထိခိုက်မည့်အကြောင်းနှင့် သတင်းအချက်အလက် အချိန်မီ မရနိုင်တော့ကြောင်းအပြင် လူငယ်များအတွက် အင်တာနက်မှတဆင့် ရရှိနိုင်မည့် ပညာသင်ယူနိုင်ခွင့်များပါ ဆုံးရှုံးသွားကြောင်း ပြောဆိုခဲ့ကြသည်ကို မှတ်မိနေပါသည်။ အမှန်တကယ်တွင်လည်း အင်တာနက်ဖြတ်တောက်ခံရခြင်းက တော်လှန်ရေးနှင့် လူမှုစီးပွားရေးများတွင် ထိခိုက်သည်များရှိခဲ့ပါသည်။ သို့သော် တော်လှန်ရေးသည် အင်တာနက်ဖြတ်တောက်လိုက်သော်လည်း အောင်မြင်မှုများစွာရှိခဲ့သည်မှာ ယနေ့ အခြေအနေများက သက်သေပြနေသည်။
အညာသားများသည် မိုဘိုင်းအင်တာနက်ဖြတ်ထားသည့်ကာလတွင် နည်းနာအမျိုးမျိုးဖြင့် အင်တာနက်ရအောင်သုံးခဲ့ကြသည်မှာလည်း ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ကြပါလိမ့်မည်။ သည်လိုနှင့် ၂ဝ၂၄ ခုနှစ်သို့ ရောက်လာသည့်အခါ စတားလင့်အင်တာနက်သည် အညာဒေသကျေးရွာများသို့ ရောက်ရှိလာပြီး လက်ရှိဆိုလျှင် အချို့တော်လှန်ရေး စိုးမိုးဒေသများတွင် ရွာတိုင်းနီးပါး စတားလင့်ဝန်ဆောင်မှုရှိပြီး၊ အနိမ့်ဆုံး နှစ်ရွာလျှင် တစ်ဆိုင်လောက်အထိ ရှိလာပြီး ဖြစ်သည်။ အညာဒေသတော်တော်များများတွင် ယင်းသို့ မြန်မာပြည်မိုဘိုင်းအင်တာနက်ထက် ဈေးသက်သာပြီး၊ လိုင်းအားပိုကောင်းသည့် စတာလင့်များရောက်လာခြင်းကြောင့် အညာဒေသလူငယ်များ၏ တိုးတက်ဖွံ့ဖြိုးမှု အရှိန်မြှင့်လိုက်နိုင်ပြီလား။ အထက်တွင်ပြောခဲ့သလို လူကြီးမင်းကိုယ်တိုင် စတားလင့်အင်တာနက်ဆိုင်များသို့ လေ့လာရေးခရီး ဆင်းကြည့်ဖို့ တိုက်တွန်းလိုပါသည်။
ကျနော်တို့အနေဖြင့် အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်နေသည်ဖြစ်ရာ အာဏာမသိမ်းမီကာလ အခြေအနေများကဲ့သို့ ကိုယ့်သားသမီးများကို ပိုနေမြဲ၊ ကျားနေမြဲ ပစ်ထား၍မရသည်ကို ကောင်းကောင်းသဘောပေါက်ရပါမည်။ အာဏာရှင်များသည် ပြည်သူအ,လေအကြိုက်တွေ့လေ ဖြစ်သည်။ ပိုပြီး အရေးကြီးသည်မှာ စနစ်တစ်ခုကို တိုက်ထုတ်မည်ဆိုပါက စနစ်ကျမှ ရလိမ့်မည်ဆို သည့်အချက်ပင်ဖြစ်သည်။
အညာမှ စတားလင့်အင်တာနက်ဆိုင် များသို့ ရောက်သည့်အခါ လူငယ်များ ဖုန်းကိုယ်စီနှင့် ပျော်ရွှင်နေသည်ကို တွေ့နိုင်ပါသည်။ အချို့က Tik Tok ကြည့်မည်၊ အဝေးက သူငယ်ချင်းများနှင့် စကားပြောမည်၊ ဆိုရှယ်မီဒီယာတစ်ခုခုကို အသုံးပြုနေမည်။ ယူကျုမှတဆင့် ပညာရပ်ဆိုင်ရာများရှာသူ၊ ဝက်ဆိုဒ်တွင် စာဖတ်နေသူများလည်း ရှိနိုင်သည်။ အွန်လိုင်းသင်တန်း (သို့မဟုတ်) ကျောင်းတက်နေသူလည်းရှိနိုင်သည်။ အစည်းအဝေးတက်သူများလည်းရှိနေနိုင်သည်။ အွန်လိုင်းဂိမ်းနှင့် နပန်းလုံးနေသူလည်း ရှိနိုင်သည်။ ယင်းသို့ ဝါသနာပါရာ၊ ဝါသနာမပါသော်လည်း အလုပ်တခု (သို့မဟုတ်) ပညာရပ်တစ်ခုအဖြစ် ရှာနေလုပ်နေသည့် လူငယ်များလည်း ရှိနေနိုင်ပါသည်။ သို့သော် အများစုမှာ အင်တာနက်ဆိုင်တွင် လာရောက်အပျင်းဖြေသူများက ပိုများပါသည်။ ကိန်းဂဏန်းအချက်အလက်အရ ပြောရခက်လှသော်လည်း ယင်းမှာ တကယ့်မြေပြင် အရှိတရားဖြစ်သည်။ အထက်တွင် ပြောခဲ့သလို တော်လှန်ရေးကာလသည် တော်လှန်ရေးလုပ်ရင်း လူငယ်များ၏ ဉာဏ်ပညာဓားသွားကို သွေးနေရမည့် အချိန်ဖြစ်သည်။
လူငယ်များ အင်တာနက်အသုံးပြုရာတွင် ဖျော်ဖြေရေးအဖြစ် အသုံးပြုမှုများကို နားလည်လက်ခံရမည် ဖြစ်သော်လည်း မိဘဆရာသမားများက ထိန်းကြောင်းပေးဖို့ လိုပါသည်။ ယင်းသို့ ဖျော်ဖြေရေးသက်သက် အသုံးပြုချိန်များကို ကန့်သတ်ပေးပြီး မိမိနှင့်ကိုက်ညီမည့် အွန်လိုင်းသင်တန်းတစ်ခုခုကို တက်ရောက်စေသင့်သည်။ တစ်ယောက်ကစပြီး တက်လိုက်သည်ဆိုလျှင် အင်တာနက်လာရောက်သုံးသူ အချင်းချင်းကြား နောက်ထပ် အွန်လိုင်းသင်တန်းတက်သူများ ထပ်မံ ပေါ်ပေါက်လာပါလိမ့်မည်။ လူငယ်များနှင့် ကိုက်ညီမည့် အွန်လိုင်းသင်တန်းများကို မိဘ ဆရာများ၊ အင်တာနက်ဆိုင်ပိုင်ရှင်များက ဦးဆောင်မျှဝေပေးနိုင်ရန်လည်း စီစဉ်ထားသင့်သည်။ လူငယ်များအနေဖြင့် အင်တာနက်ကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲဆိုသည်ကို သိသော်လည်း လက်တွေ့လိုက်နာလုပ်ကိုင်ဖို့ရန် အထနှေးနေနိုင်ပါသည်။ နားလည်တတ်ကျွမ်းသူများ၊ မိဘဆရာများ က တွန်းရပါလိမ့်မည်။
လတ်တလော စစ်မှုထမ်း လူစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကြောင့် အညာမှ လူငယ်များသည်လည်း ခရီးထွက်လျှင် မလုံခြုံတော့ပါ။ တဖက်တွင်လည်း တော်လှန်ရေးလုပ်ရင်း၊ ကိုယ့်ရပ်ကိုယ့်ရွာနေရင်း အာဏာရှင်အောက်တွင် စိတ်ဓာတ်ကျဆင်းမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာများလည်း အနည်းနှင့်အများ ရင်ဆိုင်နေကြရမည်ဖြစ်သည်။ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ၊ လမ်းပျောက်နေသည်ဟု ညည်းတွားသည့် လူငယ်များစွာလည်း ရှိနေသည်။ ဆေးစွဲ ၊ အရက်စွဲ လူငယ်များလည်း တွေ့နေရပြန်သည်။ ကျောင်းပြင်ပရောက်နေသည့် လူငယ်အများအတွက် လမ်းကြောင်းမမှားရန် ကျနော်တို့ ဝိုင်းဝန်း ကူညီဖို့လိုပါသည်။
အင်တာနက်ဆိုင်များသည်လည်း အွန်လိုင်းအသုံးပြုသည့် နေရာများစီစဉ်ရာတွင် ပုံမှန်အသုံးပြုသူများအတွက် နေရာများအပြင် Private area (သီးသန့်နေရာများ) စီစဉ်ပေး သင့်ပါသည်။ သီးသန့်ဆိုသည်မှာ အဆင့်အတန်း သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ အစည်းအဝေးတက်ရန် (သို့မဟုတ်) သင်တန်းတက်ရန် ဆူညံသံနည်းသည့် အခန်းမျိုးပြင်ဆင်ထားရန် ဆိုလိုခြင်းဖြစ်သည်။ ယင်းအစီစဉ်အတွက် သက်ဆိုင်ရာ ပအဖ အဖွဲ့များက ဦးဆောင်ပြီး အင်တာနက်ဆိုင်များနှင့် ညှိနှိုင်း ပေးလျှင် အခက်အခဲရှိမည်မဟုတ်ပါ။
ယင်းသို့ အင်တာနက်ဆိုင်တစ်ဆိုင်က စတင်ပြီးလုပ်ကိုင်ပြလိုက်လျှင်ပင် ယဉ်ကျေးမှုတစ်ခုလို ပြန့်နှံ့သွားနိုင်ပါသည်။ အချို့ဆိုင်များတွင် ယင်းသို့ သီးသန့်နေရာလေးများစီစဉ်ထားသည်ကိုလည်း တွေ့နေရပြီလည်း ဖြစ်ပါသည်။ ကလေး၊ လူငယ်များသည် ဂိမ်းလည်းဆော့ သင်တန်းလည်းတက် ဆိုသလို။ တော်လှန်ရေးသမားများသည်လည်း တော်လှန်ရေးလည်းလုပ် သင်တန်းလည်းတက် ဖြစ်နေရပါလိမ့်မည်။ တော်လှန်ရေးပြီးမှ ဆိုသည့် စီမံကိန်းများတွင် ပညာရေးကို ထည့်တွက်မရပါ။ ဒါကြောင့်လည်း NUG ကြားကာလပညာရေးကို အခက်အခဲအန္တရာယ်များကြားမှ မရ၊ ရအောင် ရုန်းကြရခြင်း ဖြစ်သည်။ ကျနော်တို့အဖို့ တစ်ယောက်စီတိုင်းတွင် ကြားကာလအစီအမံကိုယ်စီဖြင့် ကောင်းစွာတည်ဆောက်ရင်း တော်လှန်နေရမည်ဖြစ်သည်။ ပညာရပ်တစ်ခုခုအတွက် လက်လှမ်းမီသမျှ ထွက်ပေါက်ရှာ ကြိုးစားရပါလိမ့်မည်။ ရပ်တန့်နေခြင်း၊ တွေဝေနေခြင်း၊ စောင့်ဆိုင်းနေခြင်းများကို ရှောင်ကာ အခက်အခဲများကြား လက်တွေ့ကျကျ လုပ်ကြရပါလိမ့်မည်။
အထက်ကပြောခဲ့သလိုပင်။ စနစ်တစ်ခုကိုတိုက်ဖို့ စနစ်တကျတွေးပြီး စနစ်တကျ တိုက်ရပါလိမ့်မည်။ တော်လှန်ရေးကာလတွင် အင်တာနက်သုံးသည်ကအစ စနစ်ကျဖို့လိုပါသည်။
ဖိုးကျော် ရေးသားသည်။


