ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲများ

Date:

 

ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီဖော်ဆောင်ရေး ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပြည်သူတွေကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆုံးဖြတ်ခွင့်ရတဲ့ နိုင်ငံရေးဖြစ်စဥ်တခုလို့ဆိုကြပါတယ်။

လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ခုနှစ်ကစတွက်ရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးကျင်းပတဲ့ ၁၉၅၁-၅၂ လွှတ်တော်ရွေးကောက်ပွဲမှာ ဦးနုဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်အနိုင်ရခဲ့တယ်။ ၁၉၅၆ခုနှစ်လွှတ်တော်ရွေးကောက်ပွဲမှာ ဖဆပလအဖွဲ့ချုပ်အနိုင်ရပေမယ့် တည်မြဲနဲ့ သန့်ရှင်း နှစ်ပါတီကွဲခဲ့တယ်။ ၁၉၆၀မှာ ရွေးကောက်ပွဲပြန်ကျင်းပပြီး ဦးနုတို့အနိုင်ရတယ်။ နိုင်ငံရေးသမားတွေက အာဏာလု နေရာလုကြနဲ့ မညီညွတ်ကြဘူး၊ တိုက်စရာရှိတော့ စစ်တပ်ကတိုက်ရတယ်၊ သေစရာရှိတော့ စစ်သားတွေသေရတယ်၊ နိုင်ငံရေးသမားတွေ မညီညွတ်လို့ ပြည်ထောင်စုပြိုကွဲလိမ့်မယ် “တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလို ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်နေဝင်းက ၁၉၆၂မှာ အာဏာသိမ်းတယ်။ လက်မခံဆန့်ကျင်တဲ့ပြည်သူတွေကို “ဓါးကိုဓါးချင်းလှံကိုလှံချင်း” မောင်းပြန်သေနတ်တွေကိုင်ပြီး စိန်ခေါ်ခဲ့တယ်။

နောက်တော့ ၁၉၇၄ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲ Referendum လုပ်တယ် အဆိုတော်အောင်ကိုလတ်ရဲ့ “မဲရုံ မဲရုံ ကွယ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ဆိုတဲ့ သီချင်းသံတွေ ရေဒီယိုတွေက ပျံ့လွင့်ခဲ့တယ်။

၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅ မြန်မာဆိုရှယ်လစ် လမ်းစဥ်ပါတီရဲ့ ရွေးကောက်ပွဲ၊ တပါတီစနစ်အောက်က ရွေးကောက်ပွဲကို ပြည်သူတွေကစိတ်မဝင်စားသလောက်ပါပဲ။ ဒီလိုနဲ့ လူထုဆန္ဒ၊ လူထုသဘောထားတွေ နိုင်ငံရေးအမြင်တွေမပါဝင်တဲ့ မထင်ဟတ်တဲ့ ရွေးကောက်ပွဲတွေကြောင့် ၁၉၈၈ခုနှစ် လူထူအရေးတော်ပုံကြီး ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် မဆလ တပါတီစနစ်ရဲ့ လက်ညှိုးထောင်ခေါင်းညိမ့် ဒီမိုကရေစီဆိတ်သုဥ်းတဲ့ လွှတ်တော် နိုင်ငံရေး အားမကောင်းခဲ့လို့ ပြည်သူတွေက လမ်းပေါ်တက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့အခါ လမ်းပေါ်နိုင်ငံရေးဖြစ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒါကိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဆူပူမှု၊ မင်းမဲ့စရိုက်ဆိုပြီး စစ်တပ်က မြို့လယ်ခေါင်မှာ အကြမ်းဖက်နှိမ်နင်းခဲ့တယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်မှာ စစ်တပ်က ဒုတိယအကြိမ်အာဏာသိမ်းခဲ့တယ်။ စစ်အာဏာရှင်ဗိုလ်နေဝင်းက “စစ်တပ်ဆိုတာပစ်ရင် မိုးပေါ်ထောင်ခြောက်တာမပါဘူး တည့်တည့်ပစ်တယ်”ဆိုပြီး ခြိမ်းခြောက်သွားခဲ့တယ်။ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် တပြည်လုံး အုံကြွခဲ့တဲ့ ပြည်သူတွေကို ၁၉၉၀ ရွေးကောက်ပွဲကျင်းပမယ်လို့ ချွေးသိပ်တယ်။ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို မယုံကြည်တဲ့ ၈၈ အရေးတော်ပုံကြီးရဲ့ ကျောင်းသားလူငယ်တချို့ကတော့ “ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်” ဆိုပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လွတ်မြောက်နယ်မြေတွေဆီကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ပဲ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်အစား ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လို့ အသက်သွင်းခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းဆီးပြီးမှ ဖွဲ့စည်းပုံရေးဆွဲရေး အမျိုးသားညီလာခံကိုကျင်းပတယ်။

စစ်တပ်ဆိုတာ ဒီမိုကရေစီကိုမလိုလားဘူး။ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေဆိုတာက ပုံသဏ္ဍန်အရ ဟန်ပြပဲဆိုတာ ၁၉၈၈ခုနှစ် လူထုဖိအားကြောင့် ဖြစ်လာတဲ့ ၁၉၉၀ ရွေးကောက်ပွဲဖြစ်စဥ်မှာလည်း ပြသခဲ့ဖူးတာ သမိုင်းသက်သေပဲဖြစ်တယ်။

ဒီလိုနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး ၁၉၉၃ ဇန်နဝါရီလမှာ အမျိုးသားညီလာခံကျင်းပခဲ့တယ်။ “အနာဂါတ်အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှာ တပ်မတော်ကဦးဆောင်ရမယ်”ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ပါ။ ဒါကလည်း ၁၉၆၂ခုနှစ် စစ်တပ်ကြီးစိုးရေးအတွေးအခေါ် သန္ဓေတည်စဉ်က စခဲ့တဲ့ တိုက်စရာရှိတော့စစ်တပ်၊ သေစရာရှိတော့ စစ်သား၊ ပါတီတွေက ပါတီနိုင်ငံရေးပဲလုပ်တာ စစ်တပ်က အမျိုးသားနိုင်ငံရေးလုပ်တာဆိုတဲ့ အတွေးအခေါ်ကို ကိုင်စွဲလို့ ကျင်းပတဲ့အမျိုးသားညီလာခံဖြစ်ခဲ့တယ်။

စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံရေးဆွဲခဲ့တယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၆ခုနှစ်မှာ သပိတ်မှောက်နှုတ်ထွက်တော့ ညောင်နှစ်ပင်အမျိုးသားညီလာခံကြီး ရပ်နားလိုက်ရတယ်။ ၂၀၀၄ခုနှစ်အထိ ၈နှစ်ကြာရပ်နားခဲ့ရတယ်။ နဝတ၊ နအဖရဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးပေါင်းတဲ့ဂိုဏ်းနဲ့ ဗိုလ်ခင်ညွန့်ဂိုဏ်းတို့ အာဏာလုပွဲဖြစ်တော့ အာဆီယံကို လှည့်ပတ်လိမ်ညာထားတဲ့ ဗိုလ်ခင်ညွန့်ရဲ့ လမ်းပြမြေပုံအတိုင်း အမျိုးသားညီလာခံကို ပြန်ကျင်းပတယ်။ ဒီလိုနဲ့ ၂၀၀၇စက်တင်ဘာ၃ရက်မှာ အမျိုးသားညီလာခံကြီးပြီးခဲ့တယ်။ ၁၉၈၈ခုနှစ်က ပြည်သူတွေလိုလား တောင်းတခဲ့တဲ့ ဆန္ဒတွေကိုအမျိုးသားညီလာခံက မပေးနိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ အထွေထွေစီးပွားရေးအကြပ်အတည်းနဲ့ ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ရွေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို စစ်တပ်ပီပီလက်နက်အားကိုးနဲ့ အကြမ်းဖက်နှိမ်နင်းပြန်တယ်။ ဒီတော့ နိုင်ငံတကာရဲ့ ဖိအားတွေထပ်တိုးလာတယ်။ အဲဒါကြောင့် အမျိုးသားညီလာခံက လက်စမသတ်နိုင်သေးတဲ့ ဖွဲ့စည်းပုံကို အတည်ပြုမယ်လို့ ကြေငြာပါတော့တယ်။

မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာတိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်သေကြေခဲ့ရတဲ့ ပြည်သူတွေကို လေးစားရကောင်းမှန်းမသိ၊ ပြည်သူတွေသေဆုံးတာကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရကောင်းမှန်း မသိတဲ့စစ်တပ်က နာဂစ်ဖွဲ့စည်းပုံကို အတင်းအကြပ်အတည်ပြုခဲ့ပြီး အဲဒီဖွဲ့စည်းပုံအတိုင်း ၂၀၁၀မှာ စစ်ဘက်ကနေ အရပ်ဖက်ပြောင်းတဲ့ ရွေးကောက်ပွဲကိုကျင်းပတယ်။ ဗိုလ်သိန်းစိန်က ဦးသိန်းစိန်ဖြစ်ခဲ့တယ်။ အဲဒီကာလဟာ နိုင်ငံတကာမှာတော့ တူနီးရှားနိုင်ငံကစတင်တဲ့ အရပ်နွေဦးဆိုတဲ့ လူထုအင်အားနဲ့ အာဏာရှင်စစ်အစိုးရတွေကို ပြောင်းလဲတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။

၂၀၁၂မှာ နိုင်ငံရေးလုပ်ငန်းစဥ်ကောင်းကောင်းမရှိတဲ့ NLD ဟာ ကြားဖြတ်ရွေးကောက်ပွဲဝင်လိုက်ရတယ်။ ဒီအခင်းအကျင်းကို မြန်မာ့ဒီမိုကရေစီနွေဦးလို့ တင်စားသူတွေလည်းရှိခဲ့တယ်။ဒီလိုနဲ့ ၂၀၁၅မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တယ်။ ပြည်သူတွေ လိုလားခဲ့တဲ့ ဒီမိုကရေစီမျိုးမဟုတ်ဘဲ စစ်တပ်တပိုင်း ဒီမိုကရေစီသာဖြစ်ခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ ဗိုလ်မင်းအောင်လှိုင်က “မလုပ်ရဲတာဘာမှမရှိဘူး”လို့ဆိုတယ် အဲဒီစကားကြောင့် ပြည်သူတွေက ကိုဗစ်ကပ်ရောဂါကြားကပဲ မဲတွေထွက်ပေးကြတယ်။ ဒီလိုနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍပျောက်ဆုံးမှာကြောက်တဲ့ စစ်တပ်က လက်နက်အားကိုးနဲ့ ထုံးစံအတိုင်း အာဏာသိမ်းပြန်တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏသိမ်းပြီးတိုင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြောတယ်။ သေချာတာကတော့ ပြည်သူတွေက ရွေးကောက်ပွဲဖြစ်စဥ်ကို လက်မခံတာဟုတ်ပါဘူး စစ်တပ်ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲကို မယုံကြည်တာပဲဖြစ်တယ်။

လေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေချိန်၊ ရေဘေး၊ ငလျင်ဘေးလို သဘာဝဘေးတွေကြုံနေချိန် တိုင်းပြည်ရဲ့တဝက်လောက်ပဲ ထိန်းချုပ်နိုင်တဲ့ စစ်တပ်က ပြည်သူတွေအော့နှလုံးနာနေတဲ့ စစ်တပ်က အခုတခါ ရွေးကောက်ပွဲလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ပေးမယ်လို့ဆိုနေပြန်ပါတယ်။

စစ်မှူးငယ် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...