မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ
ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ သတင်းစကားဆိုနေတဲ့ စစ်အာဏာရှင်အောက်ဆွဲတွေက သူတို့ရဲ့ မုသားနဲ့ အမုန်းစကားတွေကို အညာပြည်သူတွေဆီကို ပစ်မှတ်ထားပို့လွှတ်နေကြပါတယ်။
ပုဂ္ဂိုလ်ရေး အချက်အလက်တွေ၊ ဗုံးကြဲ ဖို့နေရာတွေကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ခြင်းက အွန်လိုင်းမှာတင်မကဘဲ မြေပြင်မှာပါ အသက်အန္တရာယ် ထိခိုက်နိုင်လောက်တဲ့ လှုံ့ဆော်မှုတွေ ဖြစ်တဲ့အတွက် အမုန်းစကားပြောတာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်လို့ အမုန်းစကားဆန့်ကျင်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ အမုန်းစကားဟာ လူမျိုးတုံးသတ်ဖြတ်တဲ့အထိ ဖြစ်စေနိုင်တဲ့ စကားတွေပါ။ လူ့အခွင့်အရေး ယန္တရားတွေကလည်း ဒါကို တားဆီး ပိတ်ပင်ထားပါတယ်။
“စစ်တပ်လော်ဘီ Telegram အကောင့်တွေကဆိုရင် အမုန်းစကားတွေ၊ အချက် အလက်အမှားတွေအပြင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချပြီး သွေးထိုးတာမျိုးတွေက ရခိုင်ကိစ္စ၊ ရှမ်းမြောက်ကိစ္စလိုမျိုးတွေမှာ ပိုပြီးသိသိသာသာ မြင်ရတယ်။ နောက်ပိုင်းမှာ လူတွေက ဒါကို လော်ဘီလုပ်တာဆိုတာ နားလည်လာကြတော့ သူတို့က တဖက်လှည့် နဲ့ သတင်းဌာနလို အယောင်ဆောင်တာ၊ တော်လှန်ရေးဘက်ကလို အယောင်ဆောင်ပြီး အချက်အလက်အမှန်နဲ့ အမှားတွေ ရောပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာမျိုးတွေလည်း ရှိလာပါတယ်” လို့ အမုန်းစကား တွေကိုစောင့်ကြည့် လေ့လာနေသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဒီလိုအသွင်ပြောင်းပြီး သတင်းဌာနပုံစံတူ ဝါဒဖြန့်နေတဲ့ ဆိုရှယ်မီဒီယာ Page တွေထဲ က သာဓကတစ်ခုကတော့ MFG လို့ ဒေသခံ တွေကသိကြတဲ့ Facebook Page တစ်ခုပါ။
အမည်အပြည့်အစုံကတော့Myanmar Family Group ဖြစ်ပြီး အဲဒီလူမှုစာမျက်နှာဟာ တခြား စစ်တပ်လော်ဘီတွေလိုမျိုး မဟုတ်ဘဲ သတင်းဌာနအယောင်ဆောင်ပြီး သတင်းအချက်အလက်အမှားတွေနဲ့ အမုန်း စကားတွေဖြန့်ဝေနေတာကြောင့် သတင်းမီဒီ ယာအစစ်လို့ထင်နေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ စလင်းနယ်ခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
Myanmar Family Group upon Facebook Page ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက်မှာ Mezal School Council – MSC (မဲဇလီကျောင်းကောင်စီ) ဆိုတဲ့အမည်နဲ့ ဖွင့်ခဲ့ပြီး တစ်လအကြာ ၂၀၂၄ ဩဂုတ် ၁၃ ရက်မှာ Myanmar Family Group လို့ အမည်ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖေ့ဘုတ် ဆိုရှယ်လူမှုကွန်ရက်မှာ သတင်းမီဒီယာအယောင်ဆောင်ပြီး ပြည်သူတွေဆီကို သတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေပေးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် အညာဒေသက ဒေသခံတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ဖို့ လှုံဆော်ခဲ့ပြီး တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကိုလည်း ဖြန့်ဝေနေတာကို The Nation Voice က လေ့လာတွေ့ရှိရပါတယ်။
အဆိုပါ Page တစ်ခုတည်းကပဲ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း သတင်းတု၊ သတင်းမှား ပိုစ့်အရေအတွက် စုစုပေါင်း ၆၀ နီးပါး တင်ခဲ့ပါတယ်။ အဲဒီထဲမှာ မကွေးတိုင်း အနောက်ခြမ်းက ကျေးရွာ ၂၄ ရွာကို လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တဲ့ သတင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီ Page ဟာ Facebook မှာတင်မကဘဲ YouTubeနဲ့ Telegram တို့မှာပါ သတင်းတု၊ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာကို တွေ့ ရပါတယ်။
“အဲဒီ Page က စစ်လော်ဘီ Page တမင်စောင့်ဖတ်တာ၊ သူတို့ဘာတွေကြံစည်နေလဲ သိရအောင်လို့။ ခုဗုံးကြဲခိုင်းတယ်။ ဟိုးနှစ်လလောက်လည်း သူတို့က လေယာဉ်ခေါ် ပြီး နောက်ရက် လယ်မ(ပွင့်ဖြူ)ကို စက်သေနတ်နဲ့ပစ်တာ လေယာဉ်ပေါ်ကနေ၊ တော်လှန်ရေးအောင်ရင် စစ်တပ်နဲ့အတူ အမှုတွဲရမယ့် Page “လို့ ပွင့်ဖြူမြို့နယ်ခံ အမျိုးသမီး တစ်ဦးက ဆိုတယ်။
ဧပြီ ၂၁ ရက်နေ့က တင်ခဲ့တဲ့ ပိုစ့်တခုမှာ တော့ စလင်းမြို့နယ်က ၃ ရွာ၊ ပွင့်ဖြူမြို့နယ် က ၄ ရွာနဲ့ စေတုတ္တရာမြို့နယ်က ရွာ ၁၅ ရွာရဲ့ အမည်တွေကိုဖော်ပြထားပြီး အဲဒီရွာတွေ မှာ ပြည်သူမရှိဘဲ တော်လှန်ရေးအဖွဲ့ဝင်နဲ့ သူတို့ရဲ့မိသားစုဝင်တွေသာရှိလို့ လေကြောင်းတိုက်ခိုက်ရမယ့်ရွာတွေလို့ လေကြောင်းကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ ဆော်နေတာကြောင့် အဆိုပါ Page မှာ ဖော်ပြထားတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စိုးရိမ်ခဲ့ကြရပြီး ကျေးရွာခံပြည်သူအများစုက ရွာကနေ ခေတ္တရှောင်နေခဲ့ကြရပါတယ်။
ဒီလိုမျိုး Page တွေဟာ မကွေးတိုင်းရဲ့ဒေသအသီးသီးမှာလည်း ရှိနေပြီး အများအားဖြင့် စစ်တပ်ထောက်ခံသူတွေနဲ့ ပြည်သူတွေကို ဝါဒဖြန့်ဖို့ အားစိုက်ထားတာကိုတွေ့ရပါတယ်။ မင်းဘူးခရိုင်၊ ယောဒေသ (ဂန့်ဂေါ ခရိုင်)နဲ့ ပခုက္ကူ ခရိုင်အတွင်း ကြည်ပြာမောင်၊ Myanmar Family Group စတဲ့ Page တွေအပြင် Kyaw Soe Oo၊ Kyaw Swar စတဲ့ telegram အကောင့်တွေကနေ သတင်းတု သတင်းမှားတွေ ဖြန့်ဝေနေပါတယ်။
တိုက်ပွဲမရှိပါဘဲနဲ့ လေကြာင်းက ဗုံးကြဲခိုင်းတာ၊ မဟာမိတ် EAO တွေဝင်လာတယ်လို့သတင်းမှား ဖြန့်ဝေတာနဲ့ စစ်ကြောင်းထိုး မီးရှို့ဖို့အတွက် လှုံ့ဆော်တဲ့ လုပ်ရပ်တွေနဲ့ မြေပြင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေကို ဖိအားပေးတိုက်တွန်းလေ့ရှိပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီရေးသားချက်တွေကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေရပြီး နေရပ်စွန့်ခွာသွားသူတွေလည်း များလာတာကို တွေ့ရပါတယ်။
“လေကြောင်းရန်နဲ့ ရွာကို မီးရှို့မှာ ကြောက်ကြတယ်။ တချို့က မီးရှို့ခံရတာထက် လေကြောင်းကို ပိုကြောက်ကြတယ်” လို့ ပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့အပေါ် ဒေသခံတွေရဲ့ စိုးရိမ်မှုနဲ့ပတ်သက်လို့ စလင်းနယ်ခံတစ်ဦးက ပြောပြပါတယ်။
စလင်းမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂၀ ၂၀ ရက်နေ့ မှာ လေကြောင်းကနေ ဗုံးသီး ၁၂ လုံးဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို MFG အနေနဲ့ အပြည့်အဝထောက်ခံကြောင်း ရေးသားခဲ့ပါတယ်။ ဒီနောက်မှာတော့ အဲဒီထောက်ခံကြောင်း ရေးသားထားတဲ့ Post ကို ဖြုတ်ချခဲ့ပြီး သိပ်မကြာခင်မှာပဲ စလင်းမြို့နယ်ငြိမ်းချမ်းဖို့ ဆုတောင်းတယ်လို့ Post တစ်ခု ထပ်မံတင်ခဲ့ပါတယ်။
MFG Page က တင်ခဲ့တဲ့ post တွေအရ အခုနှစ် မတ်လအစလောက်ထိ ပွင့်ဖြူနယ်ကို အဓိကထား သတင်းအမှားဖြန့်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ စလင်းမြို့နယ်ကို ဦးတည်လာပြီး သတင်းအချက်လက် အမှားတွေကို ဖြန့်ဝေနေတာတွေ့ရပါတယ်။
အဆိုပါလူမှုကွန်ရက်စာမျက်နှာတွေကို ပွင့်ဖြူမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်တချို့နဲ့ ယခင်မှုခင်း သတင်းထောက်တွေ၊ ပြန်ကြားရေးဌာနက သတင်းထောက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ အဆိုပါအဖွဲ့မှာပါဝင်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်က the Nation Voice ကိုပြောပါတယ်။
အဆိုပါအဖွဲ့ကို နေပြည်တော်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်
တစ်ဦးတို့က ဝါဒဖြန့်ချိရေးကို စစ်ဆင်ရေးတစ်ရပ်သဖွယ် စတင်ဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်ခင် ကတည်းက ကြိုးပမ်းခဲ့တာလို့ သတင်းရင်းမြစ်က ထုတ်ဖော်ရှင်းပြပါတယ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၅ ဖေဖော်ဝါရီလ အထိ တိုက်ပွဲကြီးငယ်ဖြစ်ပွား ခဲ့ပြီး MFG Page ဟာ အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းမှားဖြန့်ချိတာ၊ ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အချက်လက်တွေကို ဖော်ပြလှုံ့ဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။
MFG Page ကနေ ဒေသတွင်းကျေးရွာတွေနဲ့ ပတ်သက်လို့ သတင်းအမှားတွေ တင်ထား ထားပြီးနောက်ရက် အနည်းငယ်မှာ အာဏာသိမ်းစစ်တပ်က အဲဒီကျေးရွာတွေကို စစ် ကြောင်းထိုးတာတွေရှိတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
“ဟန်ငြိမ်းဦးတို့လိုမျိုး ချန်နယ်လုပ်တဲ့ သဘောပဲ၊ တကယ်တော့ သူတို့ရည်ရွယ်ထားတဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် ကျေးရွာတွေကို စစ်ဆင်ရေးတွေ ဖမ်းဆီးတာတွေလုပ်ဖို့ သက်ဆိုင်ရာနယ်မြေအဖွဲ့အစည်းတွေနဲ့ သူတို့က ကြိုပြီး တိုင်ပင်လား၊ ပြင်ဆင်ထားပြီးသား ဒါပေမယ့် သူတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်ဖို့ အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာ သူတို့ချန်နယ်တွေ သူတို့ကထုတ်ဖော်ရေးသားရင် စစ်တပ်ကလိုက်လုပ်ရတယ်ဆိုတာမျိုး ဖြစ်အောင်လို့ပေါ့” လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်တွေကို စောင့်ကြည့်လေ့လာနေသူ သုတေသနသမားတစ်ဦးကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်ဟာ လက်နက်ကိုင်အဖွဲ့တွေမရှိတဲ့ ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ခြင်းမပြုပါလို့ ဧပြီလ ၂၄ ရက်မှာ MFG က ဝါဒဖြန့်ထားပေမယ့် အဲဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စလင်းမြို့နယ်က တောင်ဘိုရွာသစ်ရွာနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး တစ်နာရီဝန်းကျင်အကြာ ညနေ ၆ နာရီ ၅၅ မိနစ်မှာတော့ စေတုတ္တရာမြို့နယ်၊ လုံးဇွန် ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြာင့် စလင်းမြို့နယ်က ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ပြီး စေတုတ္တရာမြို့နယ်၊ လုံးဇွန်ရွာက နေအိမ် ၅ဝ ဝန်းကျင် မီးလောင်ခဲ့ပါတယ်။
The Nation Voice ရဲ့ လေ့လာတွေ့ ရှိချက်အရ MFG အဖွဲ့ရဲ့ ဥက္ကဌဟာ ဦးစောရန်ပိုင်ဆိုသူဖြစ်ပြီး အဖွဲ့သားတွေထဲမှာတော့ စလင်းမြို့နယ်ဒေသခံတွေ၊ ပွင့်ဖြူမြို့နယ် ဒေသခံတွေနဲ့ စေတုတ္တရာမြို့နယ်ဒေသခံတွေ အများဆုံးပါဝင်နေပြီး MFG အဖွဲ့ဝင်တွေအနေနဲ့ အဲဒီဒေသတွေမှာ ၁၅ နှစ်နီးပါး နေထိုင်ခဲ့တယ်လို့ အဲဒီချန်နယ်ရဲ့ တရားဝင်ပြောကြားချက်တွေအရ သိထားရပါတယ်။
“ဒီပေ့ချ်က စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးတစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အဓိက ကတော့ သူတို့လက်အောက်ခံတွေ မြေပြင်မှာ စစ်ရှုံးနေတဲ့အခါမှာ တွန်းအားပေးနေတာ လည်းဖြစ်တယ်။ တနည်းအားဖြင့် ဒေသခံလူထုတွေ စိတ်အနှောင့်ယှက်ဖြစ်အောင်လည်း တိုက်ပွဲသတင်းတုတွေ၊ သတင်းမှားတွေကို တင်ပေးနေတာ ဖြစ်တယ်။ ဒါတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာ မလိုဘူး။ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်တာကိုသာ ကြည့်ဖို့လိုတယ်။ ဒီပေ့ချ်ကို ဂရုတစိုက်ကြည့်နေ reaction ပေး နေ share နေဦးမယ်ဆိုရင် ဒီပေ့ချ်က ရှိနေဦးမှာပါပဲ” လို့ ပွင့်ဖြူ မြို့နယ်က စစ်ရေးလေ့လာ နေသူတစ်ဦးကလည်း ပြောပါတယ်။
အမုန်းစကားတွေက Online ရော၊ Offline မှာပါ ပုံစံမျိုးစုံနဲ့ နှစ်ပေါင်းများစွာ ရှိနေ ခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့အပေါ် အခွင့်ကောင်းယူပြီး အမုန်းစကား တွေ၊ သတင်းအတု၊ သတင်းမှားတွေက ခုနောက်ပိုင်းမှာ ဒီဂျစ်တယ်နည်းအရ ပိုပြီးပျံ့နှံ့ လာတာ တွေ့ရပါတယ်။
ငြိမ်း၊ ကံ့ကော်၊ ကိုသိန်းတင် ရေးသားသည်။