မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ အဲဒီ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေဘေးကင်းစေဖို့အတွက် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အဲဒီကုမ္ပဏီမှာ အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဦးဆောင်ပြီး ဒုရဲချုပ်၊ ကာကွယ်ရေး ၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေပါဝင်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလုံခြုံရေးကုမ္ပဏီဟာ ဆက်သွယ်ရေးကိရိယာတွေ၊ ကန့်သတ်ပစ္စည်းတွေအပါအဝင် လက်နက်နဲ့ အထူးကိရိယာတွေကို တပ်ဆင်မယ်လို့ ဆိုပါတယ်။
ပူးတွဲတရုတ်လုံခြုံရေး ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်မယ့် တရုတ်နိုင်ငံသားတွေက လက်နက်မတပ်ဆင်တဲ့ နည်းပညာကျွမ်းကျင်သူပညာရှင်တွေ သို့မဟုတ် မြန်မာနိုင်ငံကလက်နက်တပ်ဆင်ပေးထားတဲ့ ဝန်ထမ်းတွေ ဖြစ်မယ်လို့အခြေခံဥပဒေအရဆိုပြီး စစ်ကောင်စီကိုထောက်ခံတဲ့တယ်လီဂရမ်တွေလေသံပစ်ကြပါတယ်။
အခုလို ပူးတွဲလုံခြုံရေးကုမ္ပဏီထောင်ဖို့ဖြစ်လာတာ စစ်ကိုင်း၊မကွေးတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ကိုင်းတိုင်း ထီးချိုင့်အရှေ့ဘက်ကမ်း တကောင်းနီကယ်စက်ရုံကို သိမ်းယူခဲ့တဲ့ဖြစ်စဥ်တွေ။
ချင်းတွင်းအနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏ ပူးပေါင်းစစ်နေတာအတွက်ကြောင့် စစ်ကောင်စီသက်သက်လုံခြုံရေးယူမပေးနိုင်တော့လို့ အခုလိုပူးပေါင်းလုံခြုံကုမ္ပဏီထောင်ဖို့ ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။
တနည်းအားဖြင့် တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံရေးကို အလေးအနက်ထား ကာကွယ်ပေးမယ်လို့ စစ်ကောင်စီဟာ နုတ်ကတိအားဖြင့် ပြောနေတာ လက်တွေ့မြေပြင်မှာ အကာကွယ်မပေးနိုင်လို့ တရုတ်ကဖိအားပေးဖွဲ့တာလို့ ယူဆရင်လည်းမမှားပါဘူး။
ပြီးခဲ့တဲ့အောက်တိုဘာလဆို ကြေးနီတုံးများတွေကို တစ်ရက် တစ်ရက် ကြေးနီတင်တွဲကားအစီးရေ ၃၀ ကျော်ခန့် သယ်ယူထုတ်ကာ မုံရွာ-မန္တလေးမှ တစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ကုန်းလမ်း ရေလမ်းတွေကနေ တင်ပို့ခဲ့ပါတယ်။
စစ်ကောင်စီများ လုံခြုံရေးယူပေးထားသည့် ကြေးနီတင်ကားတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့များသည် မိုင်းဆွဲတိုက်ခိုက်သလို ချင်းတွင်းမြစ်ကြောတစ်လျှောက်မှ စက်လှေ သင်္ဘောတွေနဲ့ သယ်တာကို တိုက်ခိုက်ကြခဲ့ပါတယ်။
NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇောကတော့ တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ မီဒီယာတွေကိုအောက်ပါအတိုင်း ပြောထားပါတယ်။
“တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အပေါင်းအပါက အကာအကွယ်ပေးနိုင်မှု မရှိတာအပြင် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ သူတို့တွေရဲ့ လော်ဘီလှုံ့ဆော်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်။
ဒါကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးဆိုတာကို ထောက်ပြပြောကြားချင်ပါတယ်” လို့ ဦးကျော်ဇော သတင်းမီဒီယာတွေ ပြောဆိုထားပါတယ်။
လုံခြုံရေးကုမ္ပဏီဆိုတာ ကြေးစားစစ်တပ်အမည်ခံ တရုတ်တပ်စခန်းလည်းဖြစ်နိုင်ပြီး People’s Liberation Army PLA ဆိုတဲ့ တရုတ်စစ်တပ် မြန်မာမြေမှာ ခြေကုပ်ယူဖို့ ပထမခြေလှမ်းလည်းဖြစ်လာနိုင်ပါတယ်။
တရုတ်မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီကို ဘယ်အချိန်မှာ တည်ထောင်မလဲဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ သေချာတာတစ်ခုတော့ အောက်စျေးနဲ့ရထားတဲ့ မြန်မာနိုင်ငံအတွင်းရှိ ကြေးနီ၊နီကယ်အပါအဝင်သယံဇာတတွေကို စီးပွားရေးအရ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တစ်ခုလို့လည်း ယူဆလို့ရနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့အလုပ် သူတို့လုပ်နေချိန်မှာ ကိုယ်အလုပ်ကိုယ်အလုပ်ကြတာ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။
စစ်မှူးငယ် ရေးသားသည်။


