ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICCရဲ့ ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ စတင်ကြိုးစားလာပါတယ်။
ICC ရှေ့နေချုပ် ကာရင်မ်ခန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ခိုင်မာတဲ့ သက်တွေရှိထားတယ်လို့ ပြောတဲ့အကြောင်း ICC ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။
ကာရင်မ်ခန်းရဲ့ အဆိုအရ သူ့အနေနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဒီစစ်ဆေးမှုတွေအရ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အဓမ္မပြောင်းရွှေ့ခံခဲ့ရမှုအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိကြောင်း တွေ့ရှိထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီပြစ်မှုတွေကို ကျူးလွန် ခဲ့တဲ့နေရာမှာ အဲဒီအချိန်က တပ်ချုပ် မင်းအောင်လှိုင်အပြင်၊ မြန်မာစစ်တပ် ဖြစ်တဲ့ တပ်မတော်၊ မြန်မာရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေကပါ ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ ကာရင်မ်ခန်းရဲ့ ရုံးက စွပ်စွဲထားပါတယ်။
ဒီဖြစ်စဉ်ဟာ မြန်မာစစ်ခေါင်းဆောင်အကြီးအကဲတွေကို ဖမ်းဆီးမိန့်ရဖို့ ပထမဆုံးအကြိမ် နိုင်ငံတကာတရားရုံးတစ်ခုက ကြိုးစားမှုဖြစ်လာခဲ့ပြီး၊ နောက်ထပ် စစ်တပ်ခေါင်းဆောင်ပိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထပ်မံဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားသွား ဖို့ရှိတဲ့အကြောင်း ICC က ဖော်ပြထားပါတယ်။
ဝေမိုး ဘာသာပြန်သည်။


