ကုသဖို့ မရှက်သင့်တဲ့ ပွေးရောဂါ 

Date:

 

ဒီတစ်ပတ် ကျန်းမာရေးကဏ္ဍမှာတော့ အရေပြားရောဂါတွေထဲက ‘ပွေး’ အကြောင်း ကို မျှဝေပေးချင်ပါတယ်။

အားလုံးကြားဖူးကြတဲ့အတိုင်း ‘ပွေး’ ဆိုတာ ယားနာတစ်မျိုး ဖြစ်ပါတယ်။ ပွေး ဆိုတာ မှိုပိုးကြောင့် ဖြစ်ပွါးတာဖြစ်ပြီး လူ့ ခန္ဓာကိုယ်ရဲ့ အရေပြား၊ ဦးရေပြား၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးနေရာတစ်ဝိုက်၊ လိင်အင်္ဂါ တစ်ဝိုက်နဲ့ လက်သည်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ ပေါင်ခြံကြားနဲ့ ဖြေချောင်းကြားလေးတွေက အရေပြားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ပွေးယားနာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ ပွေးယားနာရှိတဲ့သူနဲ့ အရေပြားအချင်းချင်း ထိတွေ့မိတာ၊ အဝတ်အစား၊ ခြေအိတ်၊ ကိုယ်သုတ်ပဝါ၊ အိပ်ရာခင်း အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အတူတူသုံးစွဲတာကနေ ကူးစက်နိုင်ပါတယ်။ လူအချင်းချင်းမှ မဟုတ်ဘဲ ပွေးယားနာရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရာမှလည်း ကူးစက်ခံရနိုင်ပါတယ်။ ချွေးထွက်များတဲ့သူ၊ ခြေအိတ်၊ ဖိနပ်များကို အမြဲကြပ်ကြပ်ဝတ်တတ်စီးတတ်တဲ့ သူတွေနဲ့ မှိုပိုးရှိတဲ့မြေကြီးနဲ့ ထိတွေ့ကိုင် တွယ်မိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

လူနေထူထပ်သိပ်သည်းပြီး လူအများတစ်နေရာတည်းမှာ စုနေရတဲ့နေရာမျိုးတွေမှာ နေထိုင်သူတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်ခုခံအားနည်းနေတဲ့ အခြေအနေတွေဖြစ်တဲ့ ကင်ဆာကုထုံး ကုသမှုခံနေရသူတွေ၊ နာတာရှည်ရောဂါနဲ့ အိပ်ရာထဲလဲနေသူတွေ၊ စတီးရွိုက်ဆေးသုံးစွဲနေရသူတွေ၊ ခုခံအားကျဆင်းမှုရောဂါရှိနေသူတွေမှာလည်း ပွေးယားနာ ဖြစ်ပွါးတတ်ပါတယ်။ ပွေးယားနာရဲ့ လက္ခဏာတွေကတော့ ယားနာဆိုတဲ့အတိုင်း အဓိကအားဖြင့် ယားယံမှုကို ခံစားရပါတယ်။ ပုံပန်းသွင်ပြင်အရ အရေပြားပေါ်မှာဆိုရင် အနီရောင်အကွင်း ဝိုင်းလေးတွေ ဖောင်းကြွကာပေါ်နေတတ်ပြီး အကွင်းဝိုင်းအလယ်က အရောင်ဖျော့တတ်ပါတယ်။ ခြေထောက်မှာဆိုရင် ခြေချောင်းကြား အရေပြားတွေ နီရဲရောင်ပြီး အဖတ်လေးတွေ ကွာနေတတ်ပါတယ်။ ခြေဖဝါးနဲ့ ဖနောင့်အရေပြားတွေမှာလည်း ဖြစ်လေ့ရှိပါ တယ်။

ဦးရေပြားမှာဆိုရင် အဖတ်လေးတွေ ကွာနေတတ်ပြီး အနီရောင်အကွက်လေးတွေ ဖြစ်နေတတ်ပါတယ်။ ပွေးကွက်ရှိတဲ့နေရာက ဆံပင်တွေဟာ ကျွတ်ပြီး အကွက်လိုက် ပြောင်နေတတ်ပါတယ်။ ခြေသည်းလက်သည်းတွေမှာဆိုရင်တော့ ခြေသည်းအရောင်ပြောင်းတာ၊ ကျွတ်ဆတ်နေတာ၊ ကျိုးလွယ်ပဲ့ လွယ်တာတွေ ဖြစ်နိုင်ပါတယ်။

ပွေးယားနာအတွက် ကုသမှုကတော့ ဖြစ်ပွါးတဲ့နေရာနဲ့ ပြင်းထန်မှုအပေါ် မူတည် ပါတယ်။ မပြင်းထန်ရင် အလွယ်တကူဝယ်လို့ရတဲ့ မှိုသတ်လိမ်းဆေးလိမ်းပြီး သက်သာပျောက်ကင်းနိုင်သလို၊ ၂ပတ်ကျော်ကြာအောင် လိမ်းဆေးလိမ်းပေမယ့် သက်သာပျောက်ကင်းခြင်းမရှိရင် ဆရာဝန်ညွှန်ကြား မှုနဲ့ မှိုသက်သာစေတဲ့ ခေါင်းလျှော်ရည်နဲ့ ယားနာနေရာကို ဆေးကြောခြင်း၊ လိုအပ်တဲ့ မှိုသတ်သောက်ဆေးများ သောက်ခြင်းတို့ဖြင့် ကုသရပါမယ်။

ပွေးယားနာ သက်သာစေဖို့ကုသတဲ့ သောက်ဆေးလိမ်းဆေးများအပြင် ဂရုစိုက် နေထိုင်ရမယ့် ကိစ္စလေးတွေလည်း ရှိပါတယ်။ ယားနာနေရာကို နေ့စဉ် သန့်သန့်ရှင်းရှင်း ဆေးကြောပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ ခြောက်သွေ့အောင် ဖွဖွသုတ်ထားခြင်း၊ အဝတ်အစား၊ အတွင်းခံ၊ ခြေအိတ်များကို နေ့စဉ်လဲလှယ်ဝတ်ဆင်ခြင်း၊ ဦးထုပ်၊ ခေါင်းစွပ်၊ ဘီး၊ အဝတ်အစား၊ ပဝါတို့ကို မျှဝေမသုံးစွဲခြင်း၊ အဝတ်အစားများနှင့် အိပ်ရာခင်း၊ ပဝါများကို သန့်ရှင်းအောင် မှန်မှန်လျှော်ဖွတ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ခြင်းနှင့် မိမိနေထိုင်သောနေရာ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ နေထိုင်ခြင်းအလေ့အထတို့ကို ပြုလုပ်ဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ပွေးယားနာ ရှိနေရင်လည်း တိရိစ္ဆာန်ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

ယားနာနေရာကို ကုတ်ဖဲ့ခြင်းကလည်း အနာကိုပိုဆိုးစေပြီး အခြားပိုးများဝင်စေနိုင်ရုံသာမက၊ ကုတ်ထားတဲ့လက်နဲ့ အခြားနေရာကို ကုတ်မိရင် ယားနာထပ်ပွါးစေနိုင်တဲ့အတွက် ယားနာကို ကုတ်ဖဲ့ခြင်းအားရှောင်ကြဉ်ဖို့လိုပါတယ်။ ကုတ်ဖဲ့မိလို့ အနာပြဲပြီး သွေးထွက်ထားရင် ပိုးသတ်ဆေးပါသော လိမ်းဆေးများ လိမ်းရန်လိုအပ်ပါတယ်။

ပွေးယားနာဖြစ်ပွါးခြင်းဟာလူတိုင်းဖြစ်ပွါးနိုင်တာဖြစ်ပြီး၊ ဂရုစိုက်နေထိုင်ကုသရင် သက်သာပျောက်ကင်းနိုင်တာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြသဖို့ မရှက်ဘဲကုသမှုခံယူဖို့ တိုက်တွန်းပါရစေရှင်။

ဒေါက်တာစန္ဒီ (CDM အထွေထွေဆရာဝန်) ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...